မြန်မာ့ဆေးဝါး ကမ္ဘာကိုလွှမ်းရမည်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁၅ ရက်)

ဤခေါင်းစဉ်ကိုကြည့်၍ အချို့ကရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ဖြစ်နေပေလိမ့်မည်။ ဤခေါင်းစဉ်ရေးသားရခြင်း၏ အကြောင်းကို ပထမဦးစွာ ရှင်းပြလိုပေသည်။ လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော် ၅၀ ခန့်က မြန်မာနိုင်ငံဆေးဝါးစက်ရုံ BPI မှထုတ်လုပ်သောဆေးဝါးများသည် အရှေ့တောင်အာရှဈေးကွက်တွင် လူကြိုက်အများဆုံး ဈေးကွက်ဝင် ဆေးပစ္စည်းများဖြစ်ခဲ့သည်။ မြန်မာနိုင်ငံမှထုတ်လုပ်သော ဏြှု ဆေးဝါးများ၊ ရွှေဝါဆပ်ပြာများ၊ ပက်ဆိုးဒင့်သွားတိုက်ဆေးများသည် အိမ်နီးချင်းနိုင်ငံများတွင် လူကြိုက်များ၍ ရောင်းအားကောင်း သောပစ္စည်းများဖြစ်ခဲ့သည်။ အရည်အသွေးကောင်းမွန်သည်။ ဈေးကွက်ရှိသည်။ BPI ဆေးဝါးများကအစွမ်းထက်သည်။ ထုပ်ပိုးမှု ပုံစံကအစ  ဈေးကွက်ဝင်သည်။ သို့သော် မြန်မာတို့သည် တီထွင်ဆန်းသစ်မှုနည်းပါးခဲ့သည်။ ခေတ်နှင့်အညီ ခေတ်မီအောင် ပြုပြင်မှု နည်းပါးခဲ့ခြင်း၊ ၁၉၈၈ ခုနှစ်တွင် အရေးအခင်းပေါ်ပေါက်လာခြင်းတို့ကြောင့် BPI ဆေးဝါးများတိမ်မြုပ်သလိုရှိခဲ့သည်။ အရေးအခင်း ကာလအတွင်း အကြမ်းဖက်အဖျက်သမားတို့ လုယက်ဖျက်ဆီးခဲ့သောကြောင့် နိုင်ငံပိုင်စက်ရုံ အများအပြား ပျက်စီးခဲ့သည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်ပိတ်ထားခဲ့ရသော စက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးခြင်း၊ ဖွင့်လှစ်ဆဲစက်ရုံများပိုမိုတိုးတက်ဖွံ့ဖြိုးရေးကူညီဖြည့်ဆည်းပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ သည် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) သို့ရောက်ရှိကြပြီး စက်ရုံမှထုတ်လုပ်ထားသည့် ဆေးပစ္စည်းများအား ကြည့်ရှုကာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူး၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှုပြုခဲ့သည်။

မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) ကို ၁၉၅၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၅၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြီးစီးခဲ့သည်။ ၁၉၅၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် စက်ရုံစတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုက အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူပေးခဲ့ပြီး စက်ရုံတည်ဆောက်ပြီးစီးခဲ့သည့် ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမောင်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သည်။ စက်ရုံအနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်မှလိုအပ်သည့် ဆေးဝါး များကို ထုတ်လုပ်ပေးနိုင်ခဲ့သည့် သမိုင်းမှတ်တမ်းကောင်းများရှိသည့် ဆေးဝါးစက်ရုံကြီးတစ်ခုဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ WHO Guidelines အတိုင်း တိကျစွာလိုက်နာကာ ပြည်သူများအတွက် အရည်အသွေး ကောင်းမွန်ယုံကြည် စိတ်ချရ သည့်ဆေးဝါးအမယ်ပေါင်း ၁၉၅ မျိုးထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။

ထို့ကြောင့် စက်ရုံနှင့်ပတ်သက်သည့် သမိုင်းကြောင်းမှတ်တမ်းများအား စနစ်တကျဖြင့် ထိန်းသိမ်းထားရန်လိုအပ်ကြောင်း၊ ဆေးဝါး ထုတ်လုပ်ရာတွင် အမြတ်ရရှိမှုကို အဓိကမထားဘဲ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် ဦးစားပေး စဉ်းစားဆောင် ရွက်ကြရန်လိုကြောင်း၊ ဆေးဝါးများထုတ်လုပ်ရာတွင် ဆေးများ၏ အရည်အသွေးပြည့်မီရန်လိုအပ်သကဲ့သို့ ထုပ်ပိုးမှုပုံစံများ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ပြည်သူများ အမှန်တကယ်လိုအပ်သည့်ဆေးဝါးများ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေး နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ အပြည့်အဝ ဆောင်ရွက် ပေးနိုင်ရေးအတွက် အစီအစဉ်ရေးဆွဲ၍ စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အကြီးအကဲက ရှင်းလင်းပြောကြား ခဲ့သည်။

မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအနေဖြင့် နားရက်မရှိတာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်၏ ကျန်းမာရေး အခန်း ကဏ္ဍကို များစွာအထောက်အကူပြုခဲ့သည့်အတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသိအမှတ်ပြုချီးကျူးစကားပြောကြားခဲ့သည်။ မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) အနေဖြင့် ပြည်ပမှတင်သွင်းလျက်ရှိသည့် ဆေးဝါး များအား ဈေးကွက်သုတေသနပြုလုပ်ဆောင်ရွက်၍ ပြည်ပတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် စက်ရုံမှထုတ်လုပ်နိုင်ရေး ဆောင်ရွက် ရန်နှင့် လိုအပ်သည့် စက်ပစ္စည်းများအား နိုင်ငံတော်မှ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အကြီးအကဲသည် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)တွင် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာန၊ ပဋိဇီဝဆေးဝါး ထုတ်လုပ်ရေး ဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာန၊ ဆေးဝါးထုတ်လုပ်မှုဌာနနှင့်ကုန်ကြမ်း၊ ကုန်ချောနှင့် ထုပ်ပိုးပစ္စည်းများ သိုလှောင်ထားရှိမှုတို့ အားကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံမှူးနှင့်တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်၏ပံ့ပိုးမှု၊ စက်ရုံဝန်ထမ်းများ၏ ကြိုးစားမှု တို့ကြောင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) မှ ထုတ်လုပ်သောဆေးဝါးများသည် ပြည်တွင်းပိုလျှံမှုရှိပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။