ကျန်းမာရေးကောင်းလိုလျှင် ဆီလျှော့သုံးပါ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁၆ ရက်)

 

လူတိုင်း မိမိတို့၏ကျန်းမာရေး ကောင်းမွန်စေလိုလျှင် သို့မဟုတ် အသက်ရှည်ရှည်ရောဂါ ကင်းကင်းနေထိုင်လိုကြပါလျှင် ဆီစားသုံးခြင်းကို လျှော့ချရမည်ဖြစ်သည်။ လူ့ဘဝတွင် ကျန်းမာရေးကောင်းမွန်ခြင်းသည်ကြီးမားသော ဆုလာဘ်ကောင်းဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ရန်မှာ လူတိုင်းသည် ကံ၊ စိတ်၊ ဥတုအာဟာရလေးပါးကို မျှတအောင် ပြုပြင်နေထိုင်ကြရမည်ဖြစ်သည်။ အာဟာရဟူသော လူတို့၏ စားသောက်မှုကို ဂရုစိုက်နိုင်မှလည်း သက်ရှည်ကျန်းမာမည်။ အသက်ကိုဉာဏ်စောင့်သည် ဆိုသည့် အတိုင်း ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ချက်ဖြင့် စိတ်ကိုအလိုမလိုက်ဘဲ ကျန်းမာရေးအတွက် ရှေးရှုဆောင်ရွက်ရမည်ဖြစ်သည်။

သက်ရှည်ကျန်းမာဖို့ စားသုံးဆီကို လျှော့စားကြဖို့ ကျန်းမာရေးပညာရှင်တို့က အသိပညာပေးလျက်ရှိသည်။ စားသုံးဆီတွင် မပြည့်ဝဆီ၊ ပြည့်ဝဆီနှင့်အသွင်ပြောင်းဆီဟူ၍ သုံးမျိုးရှိသည်။ မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီ၊ ငါးမှရသော အဆီများသည် မပြည့်ဝ ဆီများဖြစ်သည်။ သင့်တင့်စွာစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေနိုင်ပြီး မကောင်းသော အဆီဓာတ်ကို လျှော့ချပေးခြင်းကြောင့် နှလုံးရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေကြောင်း သိရှိရသည်။

စားအုန်းဆီ၊ ဒိန်ခဲ၊ အမဲသား၊ ဝက်သားစသည်ဖြင့် တိရစ္ဆာန်မှရသောအဆီများမှာ ပြည့်ဝဆီများဖြစ်သည်။ လွန်ကဲစွာစားသုံးပါက သွေးတွင်း အဆီဓာတ်လွန်ကဲစွာမြင့်တက်စေပြီး အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံများမှာ အဆီများကပ်ကာ သွေးကြောကျဉ်းလာပြီး နှလုံးသွေးကြောပိတ်ခြင်း၊လေဖြတ်ခြင်းတို့ဖြစ်စေနိုင်သည်။ အသွင်ပြောင်းဆီမှာ အစားအသောက်များကို ပိုမိုကြာရှည်ခံပြီး အရသာရှိစေရန် ပုံမှန်အသုံးပြုသည့်ဆီတွင် ဟိုက်ဒရိုဂျင်ဓာတ် ထည့်သွင်းထားသောဆီဖြစ်သည်။ အာလူးကြော် ၊ကြက်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့်စသည်များတွင် ပါဝင်သောဆီများမှာ အများစုက အသွင်ပြောင်းဆီများဖြစ်ပါသည်။ အသွင်ပြောင်း ဆီစားသုံးခြင်းကြောင့် ပြည့်ဝဆီကြောင့်ရရှိသည့် ဆိုးကျိုးများအပြင် သွေးတွင်းဆီကိုပိုမိုတက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်း အဆီဓာတ်ကိုကျစေခြင်းနှင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများ ထပ်တိုးဖြစ်စေနိုင်သည်။

ဤသည်မှာ လူသားတို့နေ့စဉ်ဘဝတွင် ဆီကိုမဆင်မခြင်စားသုံးမှုကြောင့် ကြုံတွေ့နေရသောရောဂါများ မဖြစ်အောင် ကျန်းမာရေး ပညာရှင်တို့က အသိပညာပေးခြင်းဖြစ်သည်။ မပြည့်ဝဆီ၊ ပြည့်ဝဆီနှင့်အသွင်ပြောင်းဆီတို့ကို အတတ်နိုင်ဆုံးလျှော့ကာ စားသုံးခြင်း သည် လူသားတို့ကျန်းမာရေးကို ကောင်းမွန်စေသည်မှာ အမှန်ဖြစ်သည်။ အဆီ၏တာဝန်မှာ ကိုယ်ခန္ဓာအတွက် စွမ်းအင်ပေး ခြင်းဖြစ်သည်။ ကြွက်သားများမှအဆီကို အသုံးပြုလိုက်ပါက စွမ်းအင်ထွက်ပေါ်လာသည်။ အဆီမှစွမ်းအင်ထွက်ရှိလာသည်ကို လောင်ကျွမ်းခြင်း၊ ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ အောက်ဆီဂျင်သွင်းခြင်းစသည်ဖြင့် ဆိုလိုသည်။ အဆီသည် ကိုယ်ခန္ဓာအတွက် အကောင်း ဆုံးစွမ်းအင်အရင်းအမြစ်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်သည့်အခါ ကြွက်သားများ၏ စွမ်းအင်လိုအပ်ချက် ၇၀ ရာခိုင်နှုန်းကို အဆီမှ ရရှိသည်။ သို့သော် ခန္ဓာကိုယ်တွင် လေ့ကျင့်ခန်းမပြုလုပ်ခြင်း၊ ပြည့်ဝဆီများစားသုံးနေခြင်းကြောင့် အဆီပိုများရှိလာပါက ကြွက်သားများအတွင်း အဆီထုထည်တက်လာပြီး ကြွက်သားများ၏ အရည်အသွေးကျဆင်းလာရုံမျှမက ရောဂါလက္ခဏာများ တဖြည်းဖြည်းပေါ်လာနိုင်သည်ကို သတိပြုသင့်ပေသည်။

စားအုန်းဆီသည် အများဆုံးအသုံးပြုသော ဟင်းချက်ဆီဖြစ်သည်။ စားအုန်းဆီတွင် မပြည့်ဝဆီ ၈၅ရာခိုင်နှုန်းပါဝင်သည့်အတွက် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတိုးရောဂါတို့ကို ပိုဖြစ်စေနိုင်ကြောင်း တွေ့ရသည်။ လူတစ်ဦးအတွက် တစ်ရက် အများဆုံး စားသုံးနိုင်သော ကိုလက်စထရောပမာဏမှာ ၃၀၀ မီလီဂရမ်ဖြစ်သည်။ ၎င်းပမာဏမှာ စားအုန်းဆီ ၁၂ ဒသမ ၅ ကျပ်သား တွင် ပါဝင်သော ကိုလက်စထရောပမာဏနှင့်ညီမျှပါသည်။ ဈေးကွက်အတွင်း မည်သည့်ဆီအမျိုးအစားသည် အကောင်းဆုံးဖြစ် သည်ဟု အာမခံကောင်းကောင်းပေးစေကာမူ “Least is Best” ဆိုသည့်အတိုင်း “အနည်းဆုံးသုံးနိုင်လေလေ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်လေလေ” ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဆီစားသုံးမှုများနေသည်ကို ဆိုင်များတွင် ရောင်းချနေသော ဟင်းလျာများကိုကြည့်လျှင် ဆီပြန်ဟင်းအများဆုံး တွေ့ရသည်။ အိမ်တိုင်းနီးပါးမှာလည်း ဆီကိုပေါပေါများများသုံးစွဲကြသည်။ မြန်မာ့ရိုးရာအစားအစာဖြစ်သော လက်ဖက်၊ ပဲပြုတ်၊ ငါးခြောက်ဖုတ်တို့တွင် ဆီများများသုံးကြသည်။ မြန်မာနိုင်ငံတွင် စားအုန်းဆီကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တန်ချိန် ၈ သိန်းကျော် ပြည်ပမှ မှာယူတင်သွင်းခဲ့ရသည်။ ပြည်သူတစ်ဦးချင်းက ဆီစားသုံးမှုကို လျှော့ချနိုင်ကြမည်ဆိုလျှင် နိုင်ငံတော်အတွက် ပြည်ပမှ ဆီတင်သွင်းနေရမှု လျော့နည်းသွားမည်ဖြစ်သည်။ ထို့ပြင် မိမိတို့တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေမှာလည်း ဆီကိုလျှော့ သုံးစွဲခြင်းကြောင့် ပိုမိုကောင်းမွန် သွက်လက်ပေါ့ပါးလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသားတို့၏ မျှော်မှန်းသက်တမ်းများလည်း တိုးတက်စေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။