သာယာဝပြောဖွံ့ဖြိုးတိုးတက်စေမည် မြန်မာပြည်

သာယာဝပြောဖွံ့ဖြိုးတိုးတက်စေမည် မြန်မာပြည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁၇ ရက်)

မန်မာဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာကို ယုံကြည်ကိုးကွယ်ကြသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသကဲ့သို့ အလှူဒါနပြုလျက်ရှိသည်။ ထို့ကြောင့် ရှေးစာဆိုပညာရှင်များက ဘုရားရှိတဲ့ အမိမြန်မာပြည် အန္တရာယ် ကင်းရှင်းပေသည်။ ရတနာမိုးဖြိုးမောက်သည် မြန်မာပြည်။ မင်္ဂလာအဟုန် ယဉ်ကာတစ်ဖုံ ပညာစုံပေါသည်။ တို့မြန်မာပြည် ဇာတာစန်းမှာ ပွင့်လန်းလာခဲ့ပြီ။ ဘုန်းတေဇာ သမ္ဘာလျှမ်းမည်၊ စာဆိုတွေနဲ့အညီ၊ မမေ့နိုင်သည် ခေတ်ဆန်းချိန်ရောက်လုပါပြီ... စသည့်စာသားများဖြင့် သီချင်းဖွဲ့ဆိုခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် စစ်စစ်တို့သည် မကောင်းမှုကိုရှောင်ကြသည်။ ကောင်းမှုကို ဆောင်ကြသည်။ စိတ်ကိုဖြူအောင်ထားကြသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိချိန်မှ ယနေ့အချိန်ထိတိုင် မြတ်စွာဘုရားရှင်အား ရည်မျှော်မှန်း၍ ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်းများ တည်ထားကိုးကွယ်ကြသည်။

မြန်မာနိုင်ငံသည် စေတီဘုရားများ ရွှေရောင်တဝင်းဝင်းနှင့် ရှုမျှော်၍မဆုံးသဖြင့် စေတီ၊ ဘုရားများပေါများရာ ရွှေနိုင်ငံဟု ခေါ်ဆိုကြသည်။ ကမ္ဘာကျော် ရှေးဟောင်းစေတီ ပုထိုးများမှာလည်း ကမ္ဘာလှည့် ခရီးသွားတို့ လာရောက် ဖူးမြော် ကြည်ညိုမှု များပြားလှသည်။ ရှေးကမြန်မာကြီးတို့၏ အမွေအနှစ်ကို ယနေ့မြန်မာတို့က ချစ်စရာနှစ်သက်စရာအဖြစ် ဆက်လက် ထိန်းသိမ်းလျက်ရှိသည်။ ထို့ပြင် နှောင်းခေတ်မြန်မာများ အတွက် အမွေအနှစ်ကောင်းများကိုလည်း မျိုးစေ့ ချပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင်  နေပြည်တော်မြို့သစ်ကြီး တည်ဆောက်ပြီးနောက် ထိုနေပြည်တော်ကို မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ယခုအခါ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် ''မာရဝိဇယ'' ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော် အလေးချိန် ၃၅၁ဝ တန် စုစုပေါင်း အလေးချိန် ၅၂၉၂ တန်ရှိမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက်သားသမီး ဘုရားဒါယကာ ဒါယိကာမတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက် ရှိသည်ကို ကမ္ဘာကို ပြသရန်၊တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများနှင့်အညီ တည်ဆောက်လျက် ရှိပါသည်။

ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒများနှင့်အညီ မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်လျက်ရှိသည်။ ဆင်းတုတော်ကြီး တည်ထားမည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် လက်ရာများအတိုင်း  မြန်မာ့အနုပညာလက်ရာ စုံလင်စွာဖြင့်  ဗိသုကာလက်ရာမြောက်အောင် ထည့်သွင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တည်ဆောက်မည့် လုပ်ငန်းများတွင် ရတနာပုံခေတ် လက်ရာများကို အခြေပြုထားပြီး အတုမရှိ ကျောင်းတော်၊ ရွှေစည်းခုံတို့မှ ဗိသုကာလက်ရာများအပြင် နိုင်ငံတကာမှ ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံတို့၏ နည်းပညာလက်ရာများကို လေ့လာအသုံးပြု တည်ဆောက်နေကြောင်း သိရသည်။ ဂန္ဓကုဋိတိုက် အတွင်း၌လည်း ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်မည်ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း''မာရဝိဇယ'' ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံ ကျမ်းစာမြတ်များကိုပါ တစ်ပါတည်း ဖူးမြော်နိုင်ရေး စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language  တို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အနှစ်ချုပ်ဆိုရသော် ကောင်းမွန်မြင့်မြတ်သော ကုသိုလ်ကောင်းမှုများကြောင့် သာယာဝပြော ဖွံ့ဖြိုးတိုးတက်မည့် မြန်မာပြည်၏ ခေတ်ဆန်းချိန် ရောက်လာတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။