လပြည့်ဝန်းဝန်း တင့်ရွှန်းသာယာချိန်အခါ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁၈ ရက်)

 

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရား ဟောကြားတော်မူ သည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။ အဇာတသတ်မင်းသည် ဒေဝဒတ်ကို ဆရာတင်မှားခဲ့သည်။ ဖခမည်းတော်ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့မိသည်။ ဒေဝဒတ်သည် သံဃာကိုသင်းကွဲအောင် ပြုလုပ်ပြီး ဘုရားရှင်အားပြစ်မှားမိသော အကုသိုလ်ကံကြောင့် မြေမျိုကာဘဝဆုံးခဲ့သည်။ ထိုသတင်းကို အဇာတသတ်ကြား မိသောအခါတွင် သူ၏စိတ်တွင် ပူဆွေးသောကကြုံရသည်။ ဖခင်ကိုသတ်မိခြင်း၊ ဒေဝဒတ်ကိုဆရာတင်မိခြင်းနှင့် ဘုရားရှင်ရှိလျက် နှင့်ဘုရားကို မကိုးကွယ်မိလေခြင်းဟူ၍ ပြန်တွေးမိလေတိုင်း အိပ်မပျော်၊ စားမဝင်ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ဆရာဇီဝက၏ လမ်းပြမှုဖြင့် ဘုရားရှင်ထံမှောက်ရောက်သွားရာမှ သူ၏စိတ်ဝေဒနာ သက်သာပျောက်ကင်းသွားခဲ့သည်။

မြတ်စွာဘုရားနှင့်တွေ့ပြီး   သာမညဖလသုတ္တန်ကို နာကြားရခြင်းကြောင့်   ရတနာသုံးပါးကိုမြတ်နိုးယုံကြည်သွားသည်။ ထို့ကြောင့် ပုထုဇဉ်ထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ပထမသင်္ဂါယနာတင်ဒါယကာအဖြစ် သာသနာတော်ကို စောင့်ရှောက်ခဲ့သည်။ တန်ဆောင်မုန်းလသည်ကောင်းကင်တစ်ခွင်၌ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးကင်းစင်သောကြောင့် နေ့ညမရွေး ကြည်လင်နေသည်။ ထို့ကြောင့် နေလနက္ခတ်တာရာ ကြယ်ပေါင်းစုံကိုသာမန်မျက်စိနှင့် လူတိုင်းမြင်တွေ့နိုင်သည်။ တန်ဆောင်မုန်းလပြည့်ညတွင် ထွက်သောလသည် ပြည့်ပြည့်၀၀ဝိုင်းဝိုင်းစက်စက်ရှိသည်။ ကြယ်နက္ခတ်လည်းစုံလှသည်။ စန်းယှဉ် နက္ခတ်ဖြစ်သော ကြတ္တိကာနက္ခတ်ကို မြန်မာတို့က ဖျောက်ဆိပ်ကြယ်ဟုခေါ်သည်။ သာမန်မျက်စိဖြင့်ကြည့်လျှင် ရကောက်သဏ္ဌာန် ကြယ်ခုနစ်လုံးကို မြင်တွေ့ရပြီး မှန်ပြောင်းနှင့်ကြည့်လျှင် ၁၆၅ လုံးမြင်နိုင်ကြောင်း အဆိုအမိန့်ရှိပါသည်။ ရာသီမှာဗြိစ္ဆာရာသီ ဖြစ်သည်။ ကင်းပုစွန်(ကင်းမြီးကောက်) ရုပ်အမှတ်အသားရှိသော ရာသီဖြစ်သည်။

“တန်ဆောင်မုန်းလ ဆေးပေါင်းခ” ဆိုသည်နှင့်အညီ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်နေ့တွင်  ဆေးပင် အပေါင်းကို စောင့်သောနတ်တို့သည် မဲဇလီပင်စောင့်နတ်အားခစားလာကြသည့်အတွက် ထိုညတွင် မဲဇလီဖူးကိုစားလျှင်  အန္တရာယ် ကင်းပြီး ဘုန်းကြီးကြောင်း၊ အသက်ရှည်ကြောင်း၊ ကဝေသာရဆေးကျမ်းတွင် ဖော်ပြထားသည်။ ထိုအဆိုအရ တန်ဆောင်မုန်း လပြည့်ညတွင် မဲဇလီဖူးသုပ်စားသောဓလေ့ကို ယနေ့တိုင်ကျင့်သုံးလျက်ရှိကြသည်။ မဲဇလီဖူးသည် ခါးသက်သက်အရသာ ရှိသော ကြောင့် ကျန်းမာရေး ကောင်းမွန်စေသော အရသာဖြစ်သည်။

တန်ဆောင်ဆိုသည်မှာ ဆီမီး၊ မုန်းဆိုသည်မှာ မှုန်းခြယ်သခြင်းအဓိပ္ပာယ်ရပါသည်။ တန်ဆောင်မုန်းဟူသော အဓိပ္ပာယ်နှင့်အညီ ထိုလတွင် မီးထွန်းပွဲကို ခြိမ့်ခြိမ့်သဲသဲကျင်းပသည်။ တန်ဆောင်မုန်းလတွင်ကြတ္တိကာပွဲသဘင်ဆင်ယင်ပုံကို ဦးရွှန်းက ဥမ္မာဒန္တီပျို့တွင် “တန်ဆာဆင်ယင်၊ နတ်သဘင်သို့၊ မြို့ပြင်မြို့တွင်း၊ မီးရောင်ဝင်းလျက်၊ ဟင်းလင်းတံခါး၊ ဖွင့်ကာထား၍၊ ပြည်သားပြည်သူ၊ လှိုက်ဆူအုန်းအုန်း၊ တန်ဆောင်မုန်းတွင်၊ ချိန်ဆုန်းသဘင်၊ ပွဲကြီးဆင်လျက်၊ ပျော်ရွှင်ကြမြဲ၊ ထိုသည့်ပွဲ” ဟူ၍ သရုပ်ဖော်ထားသည်။ ဆီမီးပူဇော်ပွဲမှာဂြိုဟ်၊ လ၊ နက္ခတ်တာရာများကို ဂြိုဟ်ကိုးလုံးပူဇော်ပွဲက ဗုဒ္ဓဘာသာရောက်သောအခါ မြန်မာတို့က ဘုရားကိုးဆူ ပူဇော်ပွဲဟုဆိုလာကြပါသည်။ တန်ဆောင်မုန်းလတွင်ကျင်းပသောပွဲတော်ကား များပြားလှသည်။

များပြားသည့်အလျောက် ကောင်းမှုကုသိုလ်များလည်း တိုးပွားသည်။ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် ဘုရား စေတီများ၌ အပြိုင်အဆိုင်ကျင်းပနေသည်မှာ မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲဖြစ်သည်။ ရွှေတိဂုံစေတီတော်ရင်ပြင်တော်၌ ကျင်းပမြဲ ဖြစ်သော မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲကို ပျော်ပျော်ပါးပါး ညလုံးပေါက်ကျင်းပသည်။ ညလုံးပေါက်အားပေးသူပရိသတ်ကလည်း များပြားသည်။ ပြိုင်ပွဲစသည်နှင့်ရက်ကန်းရက်သူလေးများက အပြိုင်အဆိုင်ရက်ကြသည်။ အားပေးနေသော ဆိုင်းသံများကလည်း တက်တက်ကြွကြွရှိလှသည်။ အရုဏ်တက်ချိန်တွင် သင်္ကန်းများရက်ပြီး၍ ပြိုင်ပွဲပြီးဆုံးသောအခါ ဆုရသူများကိုဆုပေးသည်။ ညတွင်းချင်းရက်ထားသောမသိုးသင်္ကန်းများကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်တွင် မုခ်လေးမုခ်၏ ဂန္ဓကုဋိအတွင်းမှ ရုပ်ပွားတော်များအား ကပ်လှူသည်။ အရုဏ်မတက်မီ ပြီးစီးအောင်ရက်ရသည့် သင်္ကန်းဖြစ်သည့်အတွက် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသောရာသီပွဲတော်များသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျင်းပမှုရပ်နားထားခဲ့ရသည် မှာအချိန်ကာလအားဖြင့် ကြာမြင့်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဘုရားပုထိုးစေတီများ ဖူးမြော်ခွင့်ပြုခဲ့သည်။ သီတင်းကျွတ်ရုံးပိတ်ရက်များအတွင်း ဘုရားဖူးသူများ၊ မိသားစု အပန်းဖြေခရီးသွားသူများနှင့် စည်ကားများပြားခဲ့သည်။ ယခုတန်ဆောင်တိုင် ရုံးပိတ်ရက်များအတွင်းမှာ တန်ခိုးကြီး ဘုရားပုထိုး စေတီများ၌ ဖူးမြော်သူများဖြင့်စည်ကားနေမည်မှာ အမှန်ဖြစ်သည်။ ယနေ့သည်တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်နှင့်အညီ လပြည့် ဝန်းဝန်း တင့်ရွှန်းသာယာချိန်အခါဝယ် မြန်မာပြည်တစ်ဝန်း ပိုမိုအေးချမ်းသာယာပါစေကြောင်း ဆုမွန်တောင်းရေးသားလိုက်ရ ပေသည်။  ။