မြန်ပြည်တစ်ခွင် အလှဆင်နေသောကုသိုလ်များ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁၉ ရက်)

 

လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော ပကိဏ္ဏကနမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ကို အလင်္ကာကျော်စွာ အကယ်ဒမီဆုရနိုင်ငံကျော် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာကြီးဦးသုခက ဗုဒ္ဓဘာသာဝင် သူတော်စင်များသို့ အခမဲ့ဖြန့်ဝေကုသိုလ်ပြုခဲ့သည်။

စာသားများတိကျခိုင်မာစေရန်အတွက် ဒဂုန်ဦးထွန်းမြင့်ကတည်းဖြတ်ပြီး ဦးသော်ဇင်က အမှာစာရေးသားရာတွင် ဤဘုရားရှိခိုးမှာ ဘုရားရှိခိုးမည်ကာမျှမဟုတ်ချေ။ အဆီအနှစ်ကိုထုတ်ထားသော ပိဋကတ်သုံးပုံ၏ အကျဉ်းချုပ်သဖွယ်ဖြစ်၏ဟူ၍ရေးသားထားသည်။  ထိုစာအုပ်နှင့်ပတ်သက်၍ မင်းကွန်းတိပိဋကဓရဆရာတော်ကြီးက “ရွှေပေါ်မြတင် အလွန်ပင်စာမူ တင့်တယ်နေသည်ကို တွေ့ရှိကြည်ညိုလှပါသဖြင့် အမှတ်တရအမြတ်တနိုးအရကျက်၍ ဘုရားရှိခိုးမှုကိုပြုလိုသော ကုသိုလ်စိတ်များ တရိပ်ရိပ်တဖွားဖွား ဖြစ်ပွားပါသဖြင့် ထိုစာအုပ်ရှိပါသေးလျှင် ဘုန်းကြီးအားလည်း ဓမ္မဒါန(နိဗ္ဗုတ) လက်ဆောင်ဖြန့်ချိပေးရန် မေတ္တာရပ်ခံပါသည်” ဟူ၍ ဆရာကြီးဦးသုခထံ အလှူခံခဲ့ပါသည်။

ဘုရားရှိခိုးစာပိုဒ်ပေါင်း ၁၁ ပိုဒ်ပါရှိပြီး ထိုဘုရားရှိခိုးသည် ကုသိုလ်လည်းရမည့်အပြင် အသိပညာလည်း တိုးပွားမည်ဖြစ်သည်။ ဘုရားရှိခိုးဒုတိယပိုဒ်တွင် “အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည် မာန်မူဖက်ပြိုင်ခြင်းငှာ မထိုက်၊ မကိုဋ်မင်္ဂလာ၊ ဤကမ္ဘာနှိုက်၊ ပထမာဒိက၊ ဘူမိပါလ၊အာဒိစ္စဂိုဏ်း၊ တိုင်းပြုပြည်ပြု၊ သမ္ဗုတိဒေဝရာဇ်၊ နေနွယ်ဖြစ်၍၊ စင်စစ်အမျိုးတော်အားဖြင့် မြတ်သောဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွှတ်ရုံးကော်ရော်၊ ပူဇော်ဦးညွှတ်ရာဖြစ်၍၊ စင်စစ်ဘုန်း တော်အားဖြင့်လွန်မြတ်သော ပုညမဟတ္တဂုဏ်၊ ဝသုန်သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက်၊ နှိုင်းတုစက်လည်း၊ ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည်ဖြစ်၍၊ စင်စစ်ဂုဏ်တော်အားဖြင့်မြတ်သော ဂုဏမဟတ္တဂုဏ်၊ ဤသုံးစုံကြောင့်၊ လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ၊ တစ်ဆူတည်းသော အပ္ပဋိပုဂ္ဂိုလ်ဖြစ်တော်မူထသော” ဟူ၍ရှိခိုးပူဇော်ရသည်မှာ စိတ်ချမ်းမြေ့လှသည်။

လောက၌ ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ဂုဏ်ထူးကိုမသိခင်ကကြည်ညိုပြီး နောက်ဂုဏ်ထူးကိုသိရပြန်သောအခါ အတိုင်းထက်အလွန် ကြည်ညိုလေးစား အားထားကိုးကွယ်လိုသောစိတ်များ ဖြစ်ပေါ်လာသကဲ့သို့ထို့အတူ မြတ်စွာဘုရား၏ ချီးမွမ်း၍မကုန်နိုင်သော ဂုဏ်တော်များတွင် လူချင်း၊ ဗြဟ္မာချင်း၊ နတ်ချင်းပြောကြလျက် တသောသောချီးမွမ်းအပ်သော ဂုဏ်တော်များကိုပင် မိမိဉာဏ်မီသမျှ သိရှိကြရလျှင် သဒ္ဓါပညာတို့သည် ရှေးကထက် တိုးပွားကြပါလိမ့်မည်။ ဘုရားရှိခိုးခြင်းသည် ရှိခိုးသူ၏ စိတ်စေတနာ ထက်သန်ခြင်း အပေါ်မူတည်၍ အကျိုးတရားအနည်းအများရှိနိုင်သည်။ လုံးဝအကျိုးမရှိဟူ၍ကား မည်သည့်ဘာသာ၌မဆိုမရှိကြပါ။

ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် နူးညံ့သိမ်မွေ့ယဉ်ကျေးသော ဘာသာဖြစ်ပါသည်။ ဗုဒ္ဓဘာသာကြောင့် မည်သည့် စစ်ပွဲမျှဖြစ်ပွားခြင်း မရှိခဲ့ပါ။ ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်လေ့လာလျှင် မိမိ၏ကိုယ်နှုတ်နှလုံး ပိုမိုနူးညံ့သိမ်မွေ့ပြီး စိတ်ချမ်းမြေ့သာယာခြင်းကို ခံစားရရှိမည်ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟများထူပြောမှုကြောင့် လူသားတို့ဒုက္ခဆင်းရဲဟူသော ကပ်ကြီးသုံးပါးနှင့် ကြုံတွေ့ နေကြရသည်။ ဘုရားဖက်တော့ အသက်ရှည်ဆိုသည့်အတိုင်း မြန်မာနိုင်ငံသည် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ပူဇော်ရသော အကျိုးအားကြောင့် သက်ရှည်ကျန်းမာနေကြသည်။ အဖျက်အမှောင့်တို့ပေါ်လာတတ်သော်လည်း ထိုအဖျက်အမှောင့် အနှောင့်အယှက်တို့သည် နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလတွင် ဘုရားစေတီများ၌ လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြသူများ များပြားလှသည့် အတွက် ဘုရားဖူးချိန်အား မူလသတ်မှတ်ထားသည်ထက် တိုးမြှင့်ခွင့်ပြုပေးလျက်ရှိသည်။ တန်ဆောင်မုန်းလသည် မြန်မာတို့အတွက် ကုသိုလ်တိုးပွားရေး ဆောင်ရွက်ခွင့်ရသောလဟု ဆိုနိုင်သည်။ ဗုဒ္ဓသာသနာတော်တည်တံ့ခိုင်မြဲရေးအတွက် ဆရာတော် သံဃာတော် အစဉ်အဆက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုဆရာတော်၊ သံဃာတော်များကို ဒါယကာ၊ ဒါယိကာမတို့က ပစ္စည်းလေးပါး ကပ်လှူခြင်းဖြင့် သာသနာတော် တည်တံ့ခိုင်မြဲရေးကို ဆောင်ရွက်နေကြသည်။

တန်ဆောင်မုန်းလအခါသမယတွင် ကထိန်သင်္ကန်းကပ်လှူခြင်း၊ ပဒေသာပင်များလှူဒါန်းခြင်းများ စသောကောင်းသတင်းများကို ကြားသိနေရသည်။ ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ (၁၁)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော်ကျင်းပခြင်း၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း၊ ဝန်ကြီးဌာနများအလိုက် ဘုံကထိန်အလှူကျင်းပခြင်း၊ တိုင်းစစ်ဌာနချုပ်များအလိုက် ဘုံကထိန်အလှူကျင်းပခြင်း၊ တိုင်းဒေသ ကြီး/ပြည်နယ် အစိုးရအဖွဲ့များ ဘုံကထိန်အလှူကျင်းပခြင်းနှင့် စေတနာရှင်အများပြည်သူတို့၏ ဘုံကထိန်အလှူကျင်းပခြင်းတို့သည် ကောင်းမှုကုသိုလ်တိုးပွား၍ ဘာသာသာသနာကိုစောင့်ရှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ မြန်မာနိုင်ငံတော် တစ်ခွင်ကို အလှဆင်နေခြင်းဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။