အကြမ်းဖက်လုပ်ရပ် ပြည်တွင်းပြည်ပလက်မခံ

အကြမ်းဖက်လုပ်ရပ် ပြည်တွင်းပြည်ပလက်မခံ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂ဝ ရက်)

ယနေ့ကမ္ဘာ့အနေအထားကို ကြည့်လိုက်မည်ဆိုလျှင် လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေးဟူ၍ တသွင်သွင် ကြွေးကြော်နေကြသော နိုင်ငံများကိုတွေ့ရမည်။  ထိုနိုင်ငံများသည် သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူတို့ကိုးကွယ်ရာ ဘာသာကိုသာ အဓိကဦးစားပေးလျက်ရှိသည်ကို    ထင်ထင်ရှားရှား တွေ့မြင်ရပေမည်။ အနီးစပ်ဆုံးဖြစ်သော အရှေ့တောင်အာရှနိုင်ငံများမှ တချို့သောနိုင်ငံများသည်ပင် ဤအတိုင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဒီမိုကရေစီစနစ်ကို တည်တံ့ခိုင်မြဲအောင် ပြန်လည်တည့်မတ်နေရခြင်း ဖြစ်သည်။ အရှင်းဆုံးဆိုရလျှင် ဒီမိုကရေစီကို စည်းကမ်းစနစ်ကျနစွာ မကျင့်သုံး၍ ဒီမိုကရေစီစနစ်မှ တစ်ပါတီ အာဏာရှင်စနစ်သို့ ပြန်ရောက်မည့်ဆဲဆဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) နှင့်အညီ တပ်မတော်က နိုင်ငံတော်ကို ထိန်းလိုက်ရခြင်းဖြစ်သည်။

ရှေ့လုပ်ငန်းစဉ်ငါးရပ် ချမှတ်ရာတွင် ''အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈  ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်'' ဟူ၍ အတိအလင်း ကမ္ဘာသိကြေညာထားပြီးဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ဒီမိုကရေစီစနစ် လမ်းကြောင်းကို ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်နေခြင်းသာဖြစ်သည်။

နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင်၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်ပပို့ကုန်များစွာ ထုတ်လုပ်နိုင်အောင်၊ လူမှုရေးအရ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်နေအောင် ဆောင်ရွက်လျက်ရှိသည်။ လူမှုရေးဟုဆိုရာဝယ် ကျန်းမာရေး ကဏ္ဍသည်လည်း ပါဝင်ပေရာ ယခုအခါကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် ရောဂါပိုးကူးစက် ပျံ့နှံ့မှုမှာ ၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ရှိပါတော့သည်။

နိုင်ငံတော်အစိုးရက နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက် သာယာဝပြောအောင် ဆောင်ရွက်နေသလောက် NLD ပါတီဝင် အကြမ်းဖက်အုပ်စုများက တိုင်းပြည်ပျက်စီးရေး၊ အလုံးစုံပျက်စီးရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေသည်။ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေး၊ ဒီမိုကရေစီအရေး တို့ကိုလျစ်လျူရှုကာ မြန်မာ့သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ဖူးသော အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေသည်။

အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် ရဟန်းသံဃာတော် ၁၂ ပါး ပျံလွန်တော်မူခဲ့သည်။  ပျံလွန်တော်မူသွားသော ရဟန်းသံဃာတော် စာရင်းကိုလည်း  နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် သတင်းစာများတွင် တိတိကျကျ ဖော်ပြထားပါသည်။

ထိုရဟန်းသံဃာတော်တို့သည် ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓဟူသော သာသနာတော် သုံးရပ်ကို ကျင့်ကြံပွားများ အားထုတ်ပြီး လူသားတို့ လိမ္မာရေးခြားရှိစေရေးကိုလမ်းညွှန်ဟောကြားနေသော အရှင်သူမြတ်များသာဖြစ်သည်။ အလားတူ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် ဆရာ၊ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကို နိုဝင်ဘာ ၁၈ ရက်နေ့ထုတ် သတင်းစာများတွင် တိကျခိုင်လုံစွာဖော်ပြထားသည်။ ထိုဆရာ၊ ဆရာမများသည် တပည့်များအပေါ် ရင်ဝယ်သားကဲ့သို့ မေတ္တာထားကာ''အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့'' ဟူသော ဆရာ့ကျင့်ဝတ်ငါးပါးနှင့် ကျေပွန်စွာ ထမ်းဆောင်နေသူများဖြစ်သည်။ NUG ၊ CRPH နှင့် PDF  အကြမ်းဖက်သမားတို့သည် ငါနှင့်မတူငါ့ရန်သူ ဟူသောရန်ငြိုးဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသည်မှာလည်း အရေအတွက် များပြားလှသည်။

အကြမ်းဖက် အဖျက်သမားများကို ပြည်သူများက စက်ဆုပ်ရွံရှာနာကြည်း မုန်းတီးနေပြီဖြစ်သည်။ အကြမ်းဖက် အဖွဲ့အစည်း NUG နှင့် NLD ပါတီဝင်ဖြိုးဇေယျာသော်၊ လွင်ကိုလတ်၊ ဝင်းကို (ခ) မောင်စံ(ခ)စံရှားတို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သူ တရားခံကျား ၄ဝ ဦး၊ မ ၇ ဦး ပေါင်း ၄၇ ဦးအား   လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ သတင်းစာများတွင် ဖော်ပြထားသည်။

ယခုအခါ ပြည်ပနိုင်ငံများ အနေဖြင့်လည်း NUG ၊ CRPH နှင့် PDF အကြမ်းဖက် သမားတို့၏ ဆိုးရွားသောလုပ်ရပ်များကို အမှန်အတိုင်း သိမြင်နေကြပြီဖြစ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာနေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေးကို ချိုးဖောက်ကာ အကြမ်းဖက်နေသူတို့၏ လုပ်ရပ်မှာ လူ့အသိုင်းအဝိုင်းတွင် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည့်အတွက် ကျဆုံး ကွယ်ပျောက်တော့မည်မှာ အမှန်ပင်ဖြစ်ပါကြောင်း။   ။