နိုင်ငံ့သားကောင်းများဖြစ်လာစေရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၁ ရက်)

နိုင်ငံ့သားကောင်းများဖြစ်လာစေရေး

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်လှပရန်မှာ   လူငယ်တိုင်းကျန်းမာသန်စွမ်းပြီး   ပညာရည်မြင့်မားရေး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ယူရေးတို့သည် လိုအပ်ချက်များဖြစ်သည်။ မြန်မာနိုင်ငံတွင်အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များကို ပြည့်စုံစွာဖွင့်လှစ် ပေးထားပြီးဖြစ်သည်။ တက္ကသိုလ်များတွင်လည်း ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နည်းပညာမြင့်မားရေး စသည်ဖြင့်သက်ဆိုင်ရာပညာရပ်များအလိုက် ဖွင့်ထားသောတက္ကသိုလ်များရှိကြသည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်ကာ ဖွင့်လှစ်ထားသောတက္ကသိုလ်များလည်းရှိသည်။ ထိုအထဲတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်သည်လည်း ပါဝင်သည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့်လူငယ်များဖြစ်လာစေရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊  နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့်ဦးဆောင်နိုင်မှု စွမ်းရည် မြှင့်တင်ရန်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်ရေးကိုရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန် စသည်တို့ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ် (၄) ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။ ထိုသို့ပြောကြား ရာတွင် “မောင်တို့၊ မယ်တို့သည် လူငယ်များလမ်းမှားမရောက်စေရန်၊ ပညာရေးတစ်ပိုင်း တစ်စဖြင့် အနာဂတ်ဘဝများ မပျောက်ပျက်စေရန်၊  ပညာရေးဝန်ကြီးဌာနကချမှတ်ထားသည့် ကျောင်းနေအရွယ်အားလုံး ပညာရေး အဆင့်တိုင်း မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေးဆိုသည့် မူဝါဒများ နှင့်အညီ တိုင်းရင်းသားလူငယ်များကို စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် သင်ကြားလေ့ ကျင့်ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသောတိုင်းရင်းသား လူမျိုးများ စုစည်းနေထိုင်သော နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသည်  မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ပညာသည် လူတို့၏ ရတနာ ဖြစ်သည်။ ပညာမတတ်သူသည် ပညာတတ်သူ၏စေခိုင်းသမျှ ပင်ပင်ပန်းပန်းလုပ်ကိုင် အသက်မွေးရသည်။ ပစ္စည်းဥစ္စာ ကုဋေများစွာ ကြွယ်သော်လည်း ပညာမတတ် သောအခါ နောက်ဆုံးတွင် ခွက်လက်စွဲကာ တောင်းရမ်းစားသောက်ရသည်။ ပညာသည် ရွှေငွေ ကျောက်သံ ပတ္တမြားတို့ထက် တန်ဖိုးကြီးမားသည်။ ပညာနှင့်ပတ်သက်၍ အဆိုအမိန့်ကားများပြားလှသည်။ ၂၁ ရာစု သည်ပညာ ခေတ်ဖြစ်ပေရာ ပညာကို အလေးထားကြိုးစားသင်ယူနိုင်မှသာ မိမိအတွက်၊ မိမိဒေသအတွက် မိမိနိုင်ငံတော်အတွက် တိုးတက် ကြီးပွားရေးကိုဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

ပညာသင်ကြားခြင်းသည် ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သကဲ့သို့တာဝန်တစ်ခုလည်းဖြစ်သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ကြားခွင့်ရှိသည်၊   ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆ တွင်ပြဋ္ဌာန်းထားသည်။ ကုလသမဂ္ဂက ချမှတ်ထားသည့် ကလေးသူငယ်များ အခွင့်အရေးတွင်လည်း ကျန်းမာရေးနှင့်ပညာသင်ကြားခွင့်သည် ထိပ်ဆုံးက ပါဝင်သည်။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG, CRPH နှင့် PDF တို့က ကျောင်းသား၊ ကျောင်းသူများကို ကျောင်းမတက် အောင် ဟန့်တားနှောင့်ယှက်နေခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များအခွင့်အရေးကို ပိတ်ပင်တားဆီး ချိုးဖောက်ခြင်းပင် ဖြစ်သည်။

ယခုအခါ သင်တန်းများပြီးမြောက်၍ ပညာရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၄) ကျောင်းဆင်းများသည် တာဝန်ကျရာနယ်မြေတွင် မိမိတို့၏ တပည့်ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုး ထောင်ပေးခြင်းဖြင့် နိုင်ငံ့သားကောင်းများဖြစ်လာရေး စွမ်းဆောင်ပေးကြရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။