မဲခေါင်-လန်ချန်း စတုတ္ထအကြိမ်အထူးရန်ပုံငွေ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၂ ရက်)

မဲခေါင်-လန်ချန်း စတုတ္ထအကြိမ်အထူးရန်ပုံငွေ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ဒေသတွင်း အဖွဲ့ဝင်ခြောက်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်မှုဟန်ချက်ညီရေး၊ ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို အလေးထားဆောင်ရွက်ကြရန် ရည်ရွယ်ချက်ထားရှိသည်။ မဲခေါင်မြစ်ဖြတ်သန်း စီးဆင်းသည့်နိုင်ငံများ၏ ရေမြေ သဘာဝမှာလည်း နီးစပ်မှုရှိကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးကို တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ဖြင့် လွန်ခဲ့သော ငါးနှစ်ကျော်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါနိုင်ငံများသည် သမိုင်းကြောင်းနှင့်ယဉ်ကျေးမှု၊  ဓလေ့ထုံးစံများ၊ တွေးခေါ်ပုံစံများ၊ နေထိုင်စားသောက်မှု စရိုက်လက္ခဏာများ ဆက်နွှယ်မှုရှိသောနိုင်ငံများဖြစ်ကြသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၏ ဆန်းယကြေညာစာတမ်း (Sanya Declaration) အရ ပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ် ငါးရပ်သတ်မှတ်ထားသည်။ အဆိုပါနယ်ပယ်ငါးရပ်မှာ မဲခေါင်နိုင်ငံများသည် ပွင့်လင်းမြင်သာ၍ အားလုံး ပါဝင်နိုင်ရေးကို ဦးတည်သည့် မဲခေါင်-လန်ချန်းစိတ်ဓာတ်ဖြင့် ပေါင်းစည်းဆက်နွှယ်မှု၊ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရေးပူးပေါင်း ဆောင်ရွက်မှု၊   နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟူသော ဦးစားပေးနယ်ပယ်ငါးရပ်ဖြစ်သည်။

မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ်အထူးရန်ပုံငွေဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း များ စတင်ကြောင်း အသိပေးကြေညာခြင်းကို နိုဝင်ဘာ ၉ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပေရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းစီမံကိန်းများတွင် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေအထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမအသုတ် စီမံကိန်းငါးခု၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအသုတ် စီမံကိန်းကိုးခု၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယအသုတ် စီမံကိန်းခြောက်ခု၊ ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလေးခု စုစုပေါင်းစီမံကိန်း ၂၄ ခုဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်ရန်ခွင့်ပြုထားသည့်စီမံကိန်းများအရ မျှစ်ထုတ်လုပ်ရေးနှင့် ဆက်စပ်သော ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝင်ငွေတိုးတက် စေရန်၊ စိုက်ပျိုးရေးဈေးကွက် အလားအလာရှိသောသီးနှံများဖြစ်သည့် မက္ကဒေးမီးယားစိုက်ပျိုးသည့် လုပ်ကွက်ငယ်တောင်သူများ အား နည်းပညာပံ့ပိုးပေးကာ  အဆင့်မြင့်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်းပညာများဖြင့် ကော်ဖီထုတ်လုပ်မှု ဝင်ငွေတိုးတက်စေရေးကို ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများနှင့် လူနှင့်တိရစ္ဆာန်အကြား အပြန်အလှန် ကူးစက်တတ် သည့်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းနည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်းများ ဆိုင်ရာစီမံကိန်းများကိလည်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် စိုက်ပျိုးရေးနှင့် ဆက်စပ်အသက်မွေးဝမ်းကျောင်းပြုနေသော ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် ယင်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ ကျေးလက်ဒေသနေပြည်သူများမှာ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးဒဏ်နှင့်ကိုဗစ်-၁၉ ကပ်ရောဂါကျ ရောက်မှုများကြောင့် သွင်းအားစုစရိတ်ကြီးမြင့်လာမှု၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ စသည့်စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ညှိနှိုင်း ခွင့်ပြုထားသည့် လုပ်ငန်းစီမံကိန်းများ၊ ရန်ပုံငွေများနှင့်အညီ မျှော်မှန်းရလဒ်များ ရရှိရေးကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိပေရာ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပေသည်။ ကျေးလက်နှင့် မြို့ပြဆင်းရဲနွမ်းပါးခြင်း ကွာဟမှုနည်းသည်ထက်နည်းအောင်ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ဒေသတစ်ခုနှင့် တစ်ခုဖွံ့ဖြိုးတိုးတက်မှု တူညီစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအဖြစ် ကျေးလက် ဒေသလမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရည် အဆင့်အတန်းမြင့်မားရေး၊ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေး၊ ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင် လျက်ရှိသည်။ သို့ဖြစ်ပေရာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ်အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်မည့် လုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။