အစွန်းရောက်လုပ်ရပ်များကြောင့် CRPH, NUG နှင့် PDF တို့သည် တစ်နေ့ထက်တစ်နေ့ကျဆုံးလာနေပြီဖြစ်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၉ ရက်)

အစွန်းရောက်လုပ်ရပ်များကြောင့် CRPH, NUG နှင့် PDF တို့သည် တစ်နေ့ထက်တစ်နေ့ကျဆုံးလာနေပြီဖြစ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးကိုမပေးမဖြစ်၍ ပေးလိုက်ရသော် လည်း လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့အင်္ဂလိပ်တို့ထည့်ပေးလိုက်သည်မှာ လက်နက်ကိုင်သောင်းကျန်းမှုများဖြစ်သည်။ လွတ်လပ်ရေး ရပြီးမကြာမီမှာပင် ဗကပတို့ တောခိုခဲ့ပြီး တိုင်းရင်းသားအချို့က လက်နက်ကိုင်ကာ အစိုးရကိုဆန့်ကျင်ခဲ့ကြသည်။ ဗကပဆိုသည်မှာ ဗမာပြည် ကွန်မြူနစ်ပါတီကို ခေါ်ဆိုခြင်းဖြစ်ပြီး ခေါင်းဆောင်မှာ သခင်သန်းထွန်းဖြစ်သည်။ သခင်သန်းထွန်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် မယားညီအစ်ကို တော်စပ်သည်။ ဆက်လက်၍ ဆွေမျိုးစပ်ရလျှင် NLD ပါတီခေါင်းဆောင်မှာ သခင်သန်းထွန်း၏ တူမအရင်းဖြစ်သည်။

ဗကပတို့သည် မြန်မာ့နိုင်ငံရေးတွင် အာဏာရရှိရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ အာဏာမရရှိသောအခါ အချင်းချင်း ဖြုတ်ထုတ်သတ်လမ်းစဉ်ကို ကျင့်သုံးခဲ့ကြသည်။ ဗကပတပ်နီလူငယ်များကို သူတို့ခေါင်းဆောင်တွေက ဗကပမှာအဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမ မရှိ၊ ဆွေမျိုးမရှိစေရ။ လိုအပ်လာလျှင် အဖေအရင်း၊ အမေအရင်း၊ အစ်ကိုအရင်း၊ ညီအရင်း၊ ညီမအရင်း ကိုပါ သတ်ရမည်ဟု စေခိုင်းခဲ့သည်။ ဖခင်အရင်းကို သားဖြစ်သူက လည်မျိုကိုတုတ်နှင့်ရိုက်သတ်ပြီး လည်ချောင်းသွေးဖြင့် ခြေဆေး ခဲ့သည်။ ဘုန်းကြီးကိုသတ်ပြီး သင်္ကန်းကိုအမျိုးသမီးများက အတွင်းခံဘောင်းဘီချုပ်ဝတ်ခဲ့သည်။ ဗကပတို့၏ ဆိုးရွားယုတ်မာ ရက်စက်လှသော အကြောင်းများသည် ဒဏ္ဍာရီပုံပြင်မဟုတ်။ ဖြစ်ရပ်မှန်များဖြစ်သည်။

ယနေ့အချိန်ကာလတွင် NLD ပါတီမှမွေးဖွားသော CRPH, NUG နှင့် PDF တို့၏လုပ်ရပ်သည် ဗကပတို့၏ လုပ်ရပ်နှင့် တစ်ထပ်တည်း တူနေပြီး ၎င်းတို့က ဗကပတို့ထက် အဆပေါင်းများစွာ ယုတ်မာကောက်ကျစ်ခဲ့သည်။ NLD ပါတီသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေးကို တစိုက်မတ်မတ်ကြွေးကြော်လာခဲ့သည်။ ကြွေးကြော်ခဲ့သည့်အတိုင်း လည်း လုပ်ဆောင်ခဲ့သည်။ CRPH, NUG နှင့် PDF တို့၏ အကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့် ရဟန်းသံဃာတော် ၁၃ ပါးပျံလွန်တော်မူခဲ့သည်။ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများ ၁၉၈ ဦးခန့် သေဆုံးပြီး ၁၄၈ ဦးဒဏ်ရာရရှိသည်။ နိုင်ငံ့ဝန်ထမ်း ၃၈ ဦးသေဆုံးပြီး ၇၉ ဦးခန့်ဒဏ်ရာ ရရှိသည်။ ကျန်းမာရေးဝန်ထမ်း ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။ CRPH, NUG နှင့် PDF တို့၏ အကြောင်းမဲ့ မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်း၊ ဆေးရုံ/ဆေးခန်းပေါင်း ၂၅ ခု၊ မြို့နယ် ၁၀ မြို့နယ်ရှိဈေး ၁၀ ခု၊ လမ်း၊ တံတားပေါင်း ၃၉၇ ခု၊ နိုင်ငံပိုင်ဘဏ် ၂၆ ခုနှင့် ပုဂ္ဂလိကဘဏ် ၄၁ ခု၊ ဌာနဆိုင်ရာရုံးပေါင်း ၅၆၅ ရုံးတို့ပျက်စီး ဆုံးရှုံးခဲ့သည်။

CRPH, NUG နှင့် PDF အကြမ်းဖက်အဖွဲ့တို့သည် ဗကပတို့၏ သားသမီးမြေးမြစ်များ ဖြစ်သည်ဆိုသည့်အတိုင်း ဗကပခေါင်းဆောင်တို့ သည် တပ်နီလူငယ်များကို သွေးထိုးမြှောက်ပင့်ပေးသကဲ့သို့ CRPH, NUG အကြမ်းဖက်သမားတို့သည်လည်း လူငယ်လူရွယ်တို့ကို သွေးထိုး မြှောက်ပင့်ပေးလျက်ရှိသည်။ ဗကပတို့ထက်ပိုမိုဆိုးရွားသည်မှာ လူငယ်များကိုမူးယစ်စိတ်ကြွ ဆေးပြားစွဲအောင်ပြုလုပ်ပြီး အကြမ်းဖက်၊ လူသတ်၊ ဘဏ်ဓားပြတိုက်၊ မိုင်းထောင် ဖောက်ခွဲခိုင်းနေခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။ ရန်ကုန်တိုင်းဒေသကြီး အ.ထ.က(၂)ဒဂုံ(အရှေ့)ကျောင်းမှ ဆရာမဒေါ်လှလှသန်းကို သတ်သည့်နေရာတွင် အားပေးကူညီမှုနှင့် ထိန်းသိမ်းခံရသည့် ကျောင်းသူ ဇူးဇူးဟန်နီ၏ ဗီဒီယိုဖိုင်ကိုပြသသည်။ ထိုကလေးသည် အသတ်ခံရသည့်ဆရာမထံမှ ၈ တန်းက တည်းက ပညာသင်ယူခဲ့သူဖြစ်သည်။ အနန္တောအနန္တဂိုဏ်းဝင်ဆရာမကိုပင် နှုတ်အားဖြင့် စော်ကားခဲ့သလို လူကိုသေစေသည်အထိ အစွန်းရောက် စိတ်ဓာတ်ဝင်သွားသည်။ အရွယ်နှင့်မလိုက်အောင်ပင် အရိုင်းစိတ်များဝင်သွားအောင် CRPH, NUG အကြမ်းဖက်အဖွဲ့ တို့ကလုပ်ဆောင်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် မုံရွာမြို့ကအကြမ်းဖက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဇော်ထက်အောင်(ခ)ခွန်ဆာ၏ ပြောကြားချက် ဗီဒီယိုဖိုင်ကိုပြသသည်။ ဗီဒီယိုဖိုင်တွင် တွေ့မြင်ကြားသိလိုက်ရသည်မှာ အဆိုပါလူသတ်သမားသည် လူသတ်ရန်သေနတ်ငှားသည်။ သေနတ်ရလာပြီး မည်သူ့ကိုသတ်ရမည်မသိဘဲ မြို့ကိုလှည့်ပတ်ကြည့်ပြီး ယာဉ်ထိန်းကိုတွေ့၍ ပစ်သတ်လိုက်သည်။ နောက်ဆက် လက်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုသတ်ဖြတ်သည်။ သူ၏လုပ်ရပ်အပေါ်အကြောင်းပြကာ မုံရွာ PDF အကြမ်းဖက်အဖွဲ့က ငွေကြေး အလှူခံ အမြတ်ထုတ်သွားသည်။ သူကဆိုင်ကယ်ဆီဖိုးမျှသာ ရလိုက်သည်။ ထို့ကြောင့် လူ ၉ ဦးနှင့် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့ကို ပြည်ဖျက်မီဒီယာများက အင်အားကြီးကြီးမားမားရှိနေသယောင် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင်ကြေညာခဲ့သည်။ အနှစ်ချုပ် ဆိုရသော် ဗကပတို့၏ လုပ်ရပ်များကို ပြည်သူများက လုံးဝလက်မခံသောအခါ နောက်ဆုံးတွင်လုံးဝကျဆုံးသွားခဲ့သလို CRPH, NUG နှင့် PDF တို့သည်လည်း ပြည်သူများက မုန်းတီးရွံရှာနေပြီဖြစ်သည့်အတွက် တစ်နေ့ထက်တစ်နေ့ ကျဆုံးလာနေပြီဖြစ် ကြောင်း ရေးသားလိုက်ရပေသည်။   ။