သာသနာတော်တိုးတက်ထွန်းကားပြန့်ပွားရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၅ ရက်)

သာသနာတော်တိုးတက်ထွန်းကားပြန့်ပွားရေး

မြတ်စွာဘုရားရှင်၏ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟူသောသာသနာတော်သုံးရပ်ကို လိုက်နာဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွား ထွန်းကားအောင် ဖြန့်ဝေခြင်းတာဝန်များကို သံဃာတော်များက ထမ်းဆောင် နေပါသည်။ ထိုသံဃာတော်များသည် မြတ်စွာ ဘုရားရှင် ပညတ်တော်မူခဲ့သော ဝိနည်းစည်းမျဉ်းဥပဒေများ ကိုလည်းလိုက်နာကြရပါသည်။ ထိုပညတ်တော်မူခဲ့သော ဝိနည်းတရား တော်များမှာ အကျဉ်းအားဖြင့် နှစ်ရာ နှစ်ဆယ်ခုနစ်သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်တစ်ရာ ရှစ်ဆယ်ငါးသိန်း သုံးသောင်း ခြောက်ထောင်မျှရှိကြောင်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး မိန့်ကြားတော်မူသည်ကို နာယူမှတ် သားရပါ သည်။ ဘုရားရှင်၏ တပည့်သားသံဃာတော်များအနေဖြင့် အထက်ဖော်ပြပါဝိနည်းစည်းမျဉ်းဥပဒေ များကိုလိုက်နာ ကျင့်သုံးကြ လျက်ဂန္ထဓုရ၊ ဝိပဿနာဓုရဟူသော  ပင်မတာဝန်ကြီးနှစ်ရပ်ကို အချိန်ပြည့် ထမ်းဆောင်တော်မူကြသည်မှာ သာသနာတော်အတွက် ကြည်ညိုမြတ်နိုးဖွယ်ဖြစ်ပါသည်။

ထိုသို့ဓုရနှစ်ဖြာ ကျင့်ဆောင်တော်မူနိုင်ကြစေရန် ဒါယကာ၊ ဒါယိကာမတို့က ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသည့် ပစ္စည်းလေး ပါးတို့ကို သဒ္ဓါကြည်ဖြူပေးလှူလျက်ရှိသည်မှာလည်း သာသနာတော်ပြန့်ပွားထွန်းကားရေးအတွက် သာဓုခေါ်မဆုံးဖြစ်ကြရပါသည်။ ရတနာသုံးပါးကို ကြည်ညိုလေးစားကြသော ဗုဒ္ဓဘာသာဝင်ဒါယကာ၊ ဒါယိကာမတို့ကလည်း သံဃာတော်အရှင်မြတ်တို့အား ပစ္စည်းလေးပါးနှင့် ပတ်သက်၍ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းထောက်ပံ့ခြင်း၊ သံဃာတော်အရှင်မြတ်တို့ကလည်း ဓုရနှစ်ဖြာကို ကျင့်ဆောင်ခြင်းများကြောင့် သာသနာတော်ကြီး ညစ်ကြေးမထင်စင်ကြယ်စွာတည်တံ့နေခြင်းဖြစ်ပါသည်။ ဘုရားရှင် သာသနာတော်မြတ်ကြီး စဉ်ဆက်မပြတ် တိုးတက်ထွန်းကားပြန့်ပွားစေရန်အတွက် သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသောပစ္စည်းများဖြင့် လှူဒါန်းမှုပြုသူများကို နိုင်ငံတော်အစိုးရ အနေဖြင့် နှစ်စဉ်အားပေး အသိအမှတ် ပြုပြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်၍ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့သည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက ဂုဏ်ပြု အမှာစကားပြောကြားရာ၌ “ယခုကဲ့သို့ထူးခြားမြင့်မြတ်ကာ ဘုန်းကံကြီးမားသည့်သာသနာတော်မြတ်ကြီးကို ဘုန်းကံပါရမီရှိသူတို့ သည်သာလျှင် ချီးမြှောက်ထောက်ပံ့ခွင့်၊ သာသနာပြုခွင့်ရရှိကြသည့်အားလျော်စွာ မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေ ဖြင့်လည်း ထိုကဲ့သို့သောပါရမီရှင်များကို သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းသည် သုံးဆယ့် ရှစ်ဖြာမင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်၊ ချီးမြှင့်သင့်ချီးမြှင့်ထိုက်သည့်ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်သည့် အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး အန္တရာယ်ခပ်သိမ်းပပျောက်ငြိမ်းလျက် ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာ အဖြာဖြာတို့ အမှန်ပင်ရရှိကြလိမ့်မည်ဟု အခိုင်အမာယုံကြည်မိပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

သာသနာတော်ကို ပစ္စည်းလေးပါးတို့နှင့် ထူးကဲစွာလှူဒါန်းထောက်ပံ့ခြင်းကို သာသနာနုဂ္ဂဟဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ သာသနာ တော်မြတ်ကြီး ငါးထောင်မကအရှည်ခန့်၍တည်တံ့စေရန်ဟူသော မွန်မြတ်သည့် သမ္မာဆန္ဒနှင့်အကြီးအမှူးပြုသူများဟုဆိုနိုင်သည်။ သာသနာနုဂ္ဂဟချီးမြှင့်ခံရသူများသည် ဥပါသကာဂုဏ်ရည် ၁၀ ပါးနှင့်ပြည့်စုံသည်သာမက သက်ဆိုင်ရာကျောင်းတိုက်အသီးသီးတွင် အထူးသဖြင့် နယ်စပ်နှင့် တောင်တန်းဒေသများတွင် သာသနာပြု တာဝန်ထမ်းဆောင်လျက်ရှိသည့် သာသနာပြုရဟန်းတော်များ ပစ္စည်း လေးပါးတို့ဖြင့်မပင်ပန်းရလေအောင် ထာဝရဆွမ်းပဒေသာပင်၊ ဆေးပဒေသာပင်များစိုက်ထူလှူဒါန်းခြင်း၊ နယ်စပ်နှင့် တောင်တန်း ဒေသများရှိ ဗုဒ္ဓဘာသာဝင်ကလေးငယ်များနှင့် ကျေးလက်ဒေသများရှိ နွမ်းပါးသည့်ကလေးငယ်များကိုရှင်ပြုပေးပြီး ရှင်ဒါယကာ၊ ဒါယိကာမ၊ ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမများအဖြစ်ရယူခြင်း စသည့်သာသနာ့ အမွေကိုခံယူထားသူများ ဖြစ်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဗုဒ္ဓဘာသာဝင်နိုင်ငံသူနိုင်ငံသားများနှင့်အတူ လှူဒါန်း ထောက်ပံ့ရေးနှင့် အခြားပံ့ပိုး ဆောင်ရွက်ဖွယ်ရာများကို အထူးအလေးထားကြိုးစား ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်ကို အုပ်ချုပ်သော ပုဂ္ဂိုလ်တို့သည် သာသနာတော်ကိုကြည်ညိုတတ်၊ မြတ်နိုးကော်ရော်ပူဇော်တတ်၊  ချီးမြှောက်တတ်သောပုဂ္ဂိုလ်များဖြစ်ပါက သာသနာတော်သည် ထက်ဖျားတိုင်မြင့်၍ တင့်၍စည်ပင်ပြန့်ပွား လေ့ရှိနေမည်ဖြစ်ပါသည်။ ရဟန်းသံဃာတော်များအနေဖြင့် ဂန္ထဓုရ၊ ဝိပဿနာဓုရ တာဝန်ကြီးနှစ်ရပ်ထမ်း ဆောင်နိုင်ရေးအတွက် ဒါယကာ၊ ဒါယိကာမတို့ကလည်း လှူဒါန်းမှုအစုစုကို ပြုမူဆောင်ရွက်နေသည်မှာ သာသနာတော် တိုးတက်ထွန်းကား ပြန့်ပွားရေးအတွက် ဝမ်းမြောက်မိပါကြောင်း။    ။