နိုင်ငံသားတိုင်း တာဝန်ကျေပွန်ကြရန်

နိုင်ငံသားတိုင်း တာဝန်ကျေပွန်ကြရန်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၉ ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များတွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း ပုဒ်မ ၃၈၃ ၌ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် ဟူ၍လည်း ပုဒ်မ ၃၈၅ တွင်ပြဋ္ဌာန်းထားပြီး နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူ၍လည်း ပုဒ်မ ၃၈၆ တွင် ပြဋ္ဌာန်းထားပါသည်။

လူသားတစ်ဦးအဖြစ် အသက်ရှင်ရပ်တည်သူတိုင်းသည် မိမိတို့ဘဝ ရှင်သန်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားနေထိုင်ကြရသည်။ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်လာသောအခါတွင် ထိုမိသားစုဘဝ ဘေးမသီရန်မခ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းကြရသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံအဖြစ် အမည်နာမ၊ ပိုင်နက်နယ်မြေနှင့်ဖြစ်လာသော အခါတွင်လည်း ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်သူ အပေါင်းတို့က မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ကြရမည်မှာ မွေးရာပါ တာဝန်ပင်ဖြစ်သည်။

မြန်မာ့သမိုင်းကို ပြန်လည်တွေးကြည့်မိတိုင်း မိမိနိုင်ငံကို တာဝန်ကျေပွန်စွာ ကာကွယ်ခဲ့သူများ လက်ထက်တွင် နိုင်ငံတော်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

မိမိနိုင်ငံကိုကာကွယ်ရန် စိတ်မဝင်စားသူများ လက်ထက်တွင် နိုင်ငံသည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်မှာ သင်ခန်းစာဖြစ်သည်။ လူတိုင်းသည် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားများအတွက် ဟူသော စိတ်ထားဖြင့် အရာရာကိုကြည့်မြင် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဆိုလျှင် မြန်မာ့သမိုင်းတွင် လွတ်လပ်ရေး ဆုံးရှုံးခြင်းဟူသော အမည်းစက်ကြီး ကျန်ရစ်နေမည် မဟုတ်ပေ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူ အပေါင်းသည် မိမိတို့နေထိုင်သော နိုင်ငံကိုချစ်ရမည်ဖြစ်သည်။ မိမိနိုင်ငံကိုမျှ မချစ်တတ်သူသည် ဘာကိုမျှလည်း ချစ်မည်မဟုတ်ပေ။ နေသာသလိုနေသူတွေ များပြားလာသောအခါ နိုင်ငံတစ်နိုင်ငံ ပျက်စီးခြင်း လမ်းကြောင်းသို့ ရောက်သွားစေမည်ဖြစ်သည်။

''ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏'' ''မီးဘေးရှောင်မလောင်ခင်တား'' ဆိုသော ဆောင်ပုဒ်တို့သည် ကျန်းမာရေးနှင့် မီးဘေးအန္တရာယ်အတွက်သာ သတိပြုရန်မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့အတွက် ကြိုတင် ကာကွယ်ထားရမည်ဖြစ်သည်။ လုပ်သင့်တာကို မလုပ်မိလျှင် မလုပ်သင့်တာကို လုပ်မိတတ်သည် ဟူသောစကားအတိုင်း နိုင်ငံသားတိုင်း အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်များမှာ  လုပ်သင့်လုပ်ထိုက်သည့် တာဝန်များဖြစ်သည်။ ထိုတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်လျှင် သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့လျှင်  သူတစ်ပါးခိုင်းသမျှ လုပ်ပေးရမည့် အခြေအနေမျိုး ဖြစ်သွားပေလိမ့်မည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁ဝဝ ကျော် မလွတ်လပ်သော အဖြစ်ဆိုးနှင့် နေထိုင်ခဲ့ရသည်။တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်သော မြန်မာ့မျိုးချစ် ခေါင်းဆောင်များအနေဖြင့် နယ်ချဲ့ကို တိုက်ထုတ်ရန် တပ်မတော်တစ်ရပ် ထူထောင်နိုင်ရေး ကြိုးပမ်းခဲ့ရာမှာ သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဗမာ့အမျိုးသား တပ်မတော်၊ မျိုးချစ်ဗမာ့ တပ်မတော်၊ ဗမာ့တပ်မတော် စသည်ဖြင့် အဆင့်ဆင့်အမည် ပြောင်းလဲခဲ့သော တပ်မတော်သည် တိုင်းပြည်အတွက် တစ်ခုတည်းသော တပ်မတော်အဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိသည်။

ယနေ့တိုင် ကျစ်ကျစ်လျစ်လျစ် ခိုင်ခိုင်မာမာ အင်အားတောင့်တင်းစွာ ရပ်တည်နေသော တပ်မတော်၏ ဖြစ်တည်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံ၏ နယ်မြေတည်ရှိမှုနှင့် အချုပ်အခြာအာဏာ ကာကွယ်ရန် ဆန္ဒရှိသူ လူငယ်များကြောင့် တပ်မတော်တစ်ရပ်အဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ တပ်မတော်ကို စတင်တည်ထောင်စဉ်ကပင် မျိုးချစ်လူငယ်များက စတင်တည်ထောင်ခဲ့ပြီး ယနေ့တိုင် လူငယ်များဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

လူငယ်မှလူရွယ်၊ လူရွယ်မှ လူကြီးစသည်ဖြင့် အဆင့်ဆင့်တာဝန် ထမ်းဆောင်လျက် ရှိခြင်းဖြစ်သည်။ နိုင်ငံတော်အတွက် တန်ဖိုးရှိသောလူငယ်များ ရှိနေခြင်းမှာ ဝမ်းမြောက် ဂုဏ်ယူဖွယ်ဖြစ်သည်။

နိုင်ငံတော် ကာကွယ်စောင့်ရှောက်နေသော လူငယ်များသည် တန်ဖိုးရှိသော လူငယ်များဖြစ်ကြသလို နိုင်ငံတော် ပျက်စီးရေးအတွက် အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ဆောင်နေသော လူငယ်များကား တန်ဖိုးမဲ့လွန်းသည့် အပြင် နိုင်ငံတော်နှင့်ပြည်သူအတွက် ရွံရှာစက်ဆုပ်ဖွယ်ဖြစ်သည်။ ပြည်သူ တစ်ရပ်လုံးကလည်း ရွံရှာစက်ဆုပ် မုန်းတီးနေပြီဖြစ်သည်။ ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုများကြောင့် ဖမ်းဆီးရမိမှုမှာလည်း အရေအတွက်အားဖြင့် များပြားလှသည်။ ပြည်သူများ၏ကူညီမှုသည် အမှန်ဆိုရလျှင် နိုင်ငံသားတိုင်း ထမ်းဆောင်ရမည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။