အင်အားတောင့်တင်း စွမ်းရည်ထက်မြက် ပြည်သူ့အတွက်

အင်အားတောင့်တင်း စွမ်းရည်ထက်မြက် ပြည်သူ့အတွက်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၁ဝ ရက်)

ရှေးအစဉ်အလာအရ စစ်သည်တို့၏ သစ္စာလေးပါးကို လောကဗျူဟာကျမ်းတွင် ဖော်ပြထားသည်မှာ မိမိတိုင်းပြည်နှင့် မိမိလူမျိုးအတွက် ပါဏာတိကံကို ခံယူခြင်း၊ သူ့သားအိမ်ရာ သူ့ဥစ္စာကို မကျူးလွန်မလုရခြင်း၊ ရန်သူမဟုတ်သူကို မသတ်ရခြင်း၊ ရန်သူနှင့်ကြုံက အသက်ကို စွန့်တိုက်ရခြင်း ဟူ၍ဖြစ်သည်။ ယနေ့ခေတ် တပ်မတော်သားတို့သည်လည်း ထို့ထက်ပိုမိုသော ကျင့်ဝတ်များကို လိုက်နာ လုပ်ဆောင်လျက်ရှိကြသည်။ နေ့စဉ် ရွတ်ဆိုနေရသော သစ္စာလေးချက်သည် လွန်စွာလေးနက် မွန်မြတ်လှပေသည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဆိုသော စကားရပ်သည် သာမန်လူတို့မလုပ်ဆောင်ဝံ့သော အရာကို ညွှန်းဆိုထားခြင်းဖြစ်သည်။ ကြက်သီးမွေးညင်း ထလောက်အောင်ပင်ဖြစ်သည်။

ရဲစိတ်ရဲမာန်ထက်သန်မှုကိုဖော်ပြခြင်းလည်းဖြစ်သည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) တွင် တိုင်းပြည်နှင့် လူမျိုးကို မချစ်သော တပ်မတော်သားဟူ၍ တစ်ဦးတစ်ယောက်မျှရှိမည် မဟုတ်ပါ။ တပ်မတော်သားတိုင်းသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန် အတွက် ကိုယ်စီဆန္ဒပြု ဝင်ရောက်လာကြသူများသာဖြစ်သည်။ အကြောင်းအရာ အမျိုးမျိုးဖြင့် တပ်မတော်သို့ဝင်လာကြသော်လည်း တပ်မတော်သားအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အားလုံးသည် တစ်စိတ်တည်း၊ တစ်ဝမ်းတည်းဖြစ်သွားသည်။ ဆွေရင်းမျိုးရင်းညီရင်း အစ်ကိုမောင်နှမအရင်းများ သဖွယ်ဖြစ်သွားကြသည်မှာ တိုင်းပြည်နှင့် လူမျိုးကိုချစ်သောစိတ်က လှုံ့ဆော်လိုက်ခြင်းဖြစ်သည်။

ထိုစိတ်များကို ရဲဘော်စိတ်ဟု သတ်မှတ်နိုင်သည်။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်း အပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်၏။ တပ်မတော်သားတိုင်းတွင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဟူသော ကိုယ်စီ အရည်အချင်းရှိကြသည်။

ထိုအရည်အချင်း ရှိအောင်လည်း လေ့ကျင့်သင်ကြား မွေးမြူထားပြီးဖြစ်သည်။ ပညာရေးဆိုင်ရာတွင် လည်းကောင်း၊ စစ်မှုရေးရာ ကိစ္စရပ်များတွင် လည်းကောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဆိုင်ရာတွင် လည်းကောင်း တပ်မတော်သားတို့သည် အကောင်းဘက်တွင် ထူးချွန်အောင် ကြိုးစားကြရသည်။ ထို့ကြောင့် ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့်ယောကျ်ားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့ ဟူသော စစ်သည်တော်ဟောင်း တစ်ဦး၏ အမှာစကားသည် သမိုင်းတွင်သော စကားရပ်ဖြစ်လာခဲ့သည်။

တပ်မတော်အင်အား မတောင့်တင်းသည့် အတွက် မြန်မာနိုင်ငံ ကျွန်ဖြစ်ခဲ့ရသည်ဟူသော စကားမှာ မှန်ကန်သော စကားဖြစ်သည်။ မရိုးနိုင်သော သတိပေးစကားဟု ဆိုလျှင်မမှားပါ။ ယနေ့ကမ္ဘာ့နိုင်ငံရေး အခြေအနေကို လေ့လာကြည့်လိုက်လျှင်ပင် ဤစကားရပ်သည် ရာနှုန်းပြည့် အမှန်တရားဖြစ်ပေသည်။ တပ်မတော် တစ်ရပ်တွင် စစ်လက်နက်ပစ္စည်းများ မည်မျှပင်ခေတ်မီနေစေကာမူ လူသားတို့ အရည်အချင်းမရှိလျှင်အောင်မြင်မှုရမည် မဟုတ်ပေ။ ထို့ကြောင့် တပ်မတော်သားတိုင်းကို အခြေခံအရည်အချင်း ငါးပါးပြည့်စုံစေခြင်း ဖြစ်သည်။ တပ်မတော်သားတို့၏ စိတ်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် လူသာ အသေခံမည်။ အမျိုးဂုဏ် သိက္ခာနှင့် တပ်မတော်၏ အစဉ်အလာဂုဏ်သိက္ခာတို့ အပျက်မခံဘူးဟူသော စိတ်ဖြင့် တာဝန်ကို ထမ်းဆောင်နေကြခြင်းဖြစ်သည်။

လွတ်လပ်ရေးရပြီးသည်မှ ယနေ့တိုင် တပ်မတော်သည် တိုက်ပွဲပေါင်း မြောက်မြားစွာ တိုက်ခိုက်ခဲ့ရသည်။

လူသားမျိုးနွယ်များ တစ်ရပ်လုံးကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက်လည်း စစ်ဆင်ရေး ပေါင်းများစွာ ဆင်နွှဲခဲ့ရသည်။ တပ်မတော်သားတိုင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် သက်စွန့်ဆံဖျား တာဝန်ကို ထမ်းဆောင်လျက်ရှိသည်မှာ ပိုင်နက်နယ်မြေ ကျူးကျော်မခံရရေး၊ သူတစ်ပါးသြဇာ လွှမ်းမိုးမှုမခံရရေး အတွက်ဖြစ်သည်။ တပ်မတော်(ကြည်း) တွင်လည်း မြေပြင်စစ်ဆင်ရေး တာဝန်အလျောက်၊ တပ်မတော်(ရေ)တွင်လည်း ရေပြင်စစ်ဆင်ရေး တာဝန်အလျောက်၊ တပ်မတော်(လေ)တွင်လည်း ဝေဟင်စစ်ဆင်ရေး တာဝန်အလျောက် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး လိုအပ်သည့်အခါတိုင်းမှာ တပ်မတော်(ကြည်း၊ ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ် ရှိနေသရွေ့  လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာမှာ တည်တံ့နေမည်သာဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။