အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား

အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၁၁ ရက်)

ယနေ့ခေတ်သည် နည်းပညာနှင့် ပတ်သက်လျှင် လွန်စွာမြင့်မားလျက်ရှိသည်။ မျိုးဆက်သစ် လူငယ်မောင်မယ်များအနေဖြင့် ထိုမြင့်မားလာသော နည်းပညာများကို ပိုင်နိုင်စွာအသုံးပြုရန် လိုအပ်သည်။ ထိုသို့အသုံးပြုနိုင်မှသာ နိုင်ငံနှင့်လူမျိုး ကြီးပွားတိုးတက်ပါလိမ့်မည်။ တပ်မတော်ကို အသိပညာရှင်၊ အတတ်ပညာရှင်များ၏မျိုးချစ်စိတ်၊ ဇွဲလုံ့လဝီရိယနှင့် တီထွင်ကြိုးစား အားထုတ်မှုများဖြင့် တည်ဆောက်လျက် ရှိပါသည်။ မျက်မှောက်ကာလ ကာကွယ်ရေးနှင့် လုံခြုံရေးစနစ်များသည် နည်းပညာစွမ်းရည် မြင့်မားသာလွန်မှုကို အင်အားပြုသည့် ခေတ်သစ်ကာကွယ်ရေး စနစ်များဖြစ်လာသည်။ ထိုစနစ်ကြောင့် နိုင်ငံတစ်ခုနှင့်တစ်ခု ပြိုင်ပွဲအသွင် ယှဉ်ပြိုင်လျက်ရှိကြသည်။

နိုင်ငံအသီးသီးသည် အချိန်ကိုက်၊ နေရာကိုက်၊ ကြိုတင်လက်ဦးမှု ရယူချေမှုန်းနိုင်ရန် တိကျစွာ ပစ်ခတ်နိုင်သည့် အဖျက်စွမ်းအား ကြီးမားသောခေတ်မီ လက်နက်ကိရိယာပစ္စည်းများနှင့် နည်းပညာများပါ ပေါင်းစပ် အသုံးပြုနေကြပြီဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ခေတ်မီနည်းပညာနှင့် အတူ လိုက်ပါစီးမျောရမည်ဖြစ်သည်။

ထိုသို့လိုက်ပါနိုင်ရန် ခေတ်မီနည်းပညာရှင် လူငယ်များ များစွာ လိုအပ်ပေသည်။ ထိုနည်းပညာရှင် များသည်လည်း အမိနိုင်ငံကိုချစ်သူ၊ မိမိတပ်မတော်ကို တန်ဖိုးထားသူများဖြစ်ရပေမည်။ တိတိကျကျဆိုရလျှင် သစ္စာလေးချက်ကို အမှန်တကယ် ဦးထိပ်ရွက်သူများသာ ဖြစ်ရပေမည်။

ယနေ့ကမ္ဘာကြီး၏ မျက်မှောက်ခေတ်စစ်ပွဲ သဏ္ဌာန်မှာ ဘက်စုံစစ်ပွဲအသွင်  ဆင်နွှဲနေခြင်းဖြစ်သည်။ ဘက်စုံစစ်ပွဲ အသွင်ဆိုသည်မှာ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးနည်း၊  ဝါဒဖြန့်ချိရေးနည်းနှင့် စစ်ရေးနည်းတို့ဖြစ်သည်။ ဘက်စုံစစ်ပွဲများကို ရင်ဆိုင်ရန် အတွက် တပ်မတော်တွင် ဘက်စုံ ပညာတတ်ကျွမ်းသူများ လိုအပ်သည်။ ထို့ကြောင့်လည်း တပ်မတော်တွင် တက္ကသိုလ်နှင့် သင်တန်းကျောင်းများဖွင့်လှစ်ထားခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်မှ ကျင့်ဝတ် တီထွင် စွမ်းအားရှင် ဟူသော လမ်းညွှန် ဆောင်ပုဒ်အတိုင်း နည်းပညာရှင် ဗိုလ်လောင်းများကို မွေးထုတ်ပေးလျက် ရှိသည်မှာ ယခုဆိုလျှင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃)ပင်ရှိခဲ့လေပြီ။ နိုင်ငံတော်အတွက် အားထားရသော

''ကျား''၊ တပ်မတော်အတွက် ''အား''၊ မိဘပြည်သူများအတွက် ''သား'' ဟု ဆိုထိုက်သော စွမ်းအားရှင်များဖြစ်ကြပေသည်။ ယနေ့ခေတ်သမိုင်းသစ်တွင် မိမိတိုင်းပြည်ကို တည်ဆောက်ကြရာ၌ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်က အားကိုးအားထား ပြုထိုက်သော အင်ဂျင်နီယာ အရာရှိများအဖြစ် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

တပ်မတော်အနေဖြင့် စက်မှုနည်းပညာပိုင်း ဆိုင်ရာ ကဏ္ဍတွင် နိုင်ငံတော်ကို စွမ်းအားပြည့်ကာကွယ် တည်ဆောက်ပေးနိုင်ရမည်။ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဆင်း သားကောင်းရတနာများဖြင့် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းလျက်ရှိသည်။ ထိုသားကောင်း ရတနာများသည် စက်ဘက်နည်းပညာနှင့် သိပ္ပံပညာရပ်များကို တိုးတက်မြင့်မားရန် အတွက် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသူများအဖြစ် တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းရွက်လျက် ရှိကြသည်။ တပ်မတော်နည်းပညာ တက္ကသိုလ်တွင် သင်ကြားတတ်မြောက်ခဲ့သော ပညာရပ်များကို ဆက်လက်လေ့လာ သုတေသနပြုနေရမည်ဖြစ်သကဲ့သို့ လေ့လာ ရရှိသည့် ပညာရပ်များကိုလည်း ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်နေရမည်သာဖြစ်သည်။ ကျွမ်းကျင်ပြီး ပညာရပ်များကို လက်တွေ့စစ်မြေပြင်တွင်  တွေ့ရှိရမည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ တီထွင်နိုင်မှု စွမ်းပကား ရှိသူများလည်း ဖြစ်ရပေမည်။ သို့မှသာ တပ်မတော်သည်  နည်းပညာရပ်ပိုင်း ဆိုင်ရာများ  မြင့်မားလာပြီး ကမ္ဘာနှင့်ရင်ပေါင် တန်းနိုင်သော တပ်မတော် တစ်ရပ်အဖြစ် ရပ်တည်နိုင်မည် ဖြစ်ပေသည်။

တပ်မတော်နည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ်ရခြင်းမှာ  တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော အရည်အချင်းနှင့်ပြည့်စုံသည့်  အင်ဂျင်နီယာဘွဲ့ကြို၊ ဘွဲ့လွန်နှင့်  ဘွဲ့ရအရာရှိများ  မွေးထုတ်ပေးရန် ဖြစ်သည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သော  တပ်မတော်နည်းပညာ တက္ကသိုလ်သည် အင်ဂျင်နီယာဘွဲ့ရ အရာရှိကောင်းများကို မွေးထုတ်ပေးလျက်ရှိသည်။ ထိုပညာရှင်များသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် ပြောင်းလဲတိုးတက်နေသည့် စစ်မှုအတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျေပွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။

သိပ္ပံပညာ ထွန်းကားလာမှုကြောင့်   စစ်မှုအတတ်ပညာများသည် ပြောင်းလဲ တိုးတက်လျက်ရှိသည်။ စစ်မှုအတတ်ပညာ တိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံသဘောတရားများလည်း ပြောင်းလဲလျက်ရှိပါသည်။ ထို့ကြောင့် တပ်မတော်တွင် ခေတ်နှင့်အညီရင်ပေါင်တန်းနိုင်ရန် အင်ဂျင်နီယာ ဗိုလ်လောင်းများကို လေ့ကျင့်သင်ကြားပေးနေခြင်းမှာ နိုင်ငံနှင့်လူမျိုး ဂုဏ်မညှိုးအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။    ။