လှပဆန်းသစ်၍ ကြည်နူးဖွယ် အပန်းဖြေစခန်း

ပြင်ဦးလွင်ဟူသော အမည်ကြားလိုက်သည်နှင့် မေမြို့ သို့မဟုတ် ပြင်ဦးလွင် တိမ်ခိုးလေးများ ရှုတိုင်းသာလို့စင်၊ ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်၊ မြွေလိမ်မြွေကောက်လမ်းကလေး ဖြတ်ကာကျော်ခဲ့ရင် မြေပြင်ချိုင့်ဝှမ်း မန္တလေး အဝေးမှာမှုန်ဝါးမြင်၊ မွှေးရနံ့ဖြူစင်၊ တောပန်းစံပယ်ပင်၊ တောင်ကြောချောက် ကမ်းပါးမှာ အေးအေးသန့်သန့် မွှေးမွှေးပျံ့ပျံ့ လန်းလန်းဆန်းဆန်း ပန်းပေါင်းစုံလင် ဟူသောသီချင်းလေးကို သတိရမိကြသည်။ ပန်းမြို့တော်ဟု ခေါ်ရလောက်အောင်ပင် သာယာလှပလွန်းသည်။ ပြင်ဦးလွင်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် ထူးခြားထင်ရှားသောမြို့ဖြစ်သည်။ စစ်တက္ကသိုလ်နှင့်တပ်မတော်နည်း ပညာတက္ကသိုလ်တို့မှ တပ်မတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ အရည်အသွေးထက်မြက် ကောင်းမွန်သည့်အနာဂတ်ခေါင်းဆောင်ကောင်းများကို နှစ်စဉ်လေ့ကျင့် မွေးထုတ်ပေးရာမြို့လည်း ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၃၈ ပေတွင်တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်၊ ခရစ်နှစ် ၁၈၅၀ ပြည့်နှစ် ပုဂံမင်းလက်ထက်တွင် စတင်တည်ဆောက်ခဲ့သောမြို့ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက ပြင်ဦးလွင်မြို့အား  မူလတောင်ပေါ်အပန်းဖြေမြို့အဖြစ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ ပြင်ဦးလွင်မြို့ကို နိုင်ငံတကာမှ စိတ်ဝင်စားမှုရှိပြီး ခရီးသွားလုပ်ငန်းအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီ သာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  ပြင်ဦးလွင်မြို့ပတ်ဝန်းကျင်ရှိ သစ်တော များပြုန်းတီးမှု မရှိစေရေး၊ ကန်တော်ကြီးရေလှောင်ကန်အတွင်း ရေဝင်ရောက်မှု များပြားစေရေးများကို ဆောင် ရွက်လျက်ရှိသည်။ ပြင်ဦးလွင်ဘူတာသည် သမိုင်းဝင်ဘူတာဖြစ်ပြီး ဂုတ်ထိပ်တံတားသည်လည်း သမိုင်းဝင် နေရာတစ်ခုဖြစ်သည့်အတွက် ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ကျောက်မီးသွေးသုံး ရထားစက်ခေါင်းများ အသုံးပြု၍ ပြင်ဦးလွင်မြို့ကို ဗဟိုပြုပြီး ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ပြင်ဦးလွင်မြို့သာယာလှပရေး၊ ကုန်ထုတ်လုပ်မှုများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိရာတွင် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)ကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(B.E FALLS)အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနား သို့ တက်ရောက်ချီးမြှင့်ပြီး ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(B.E FALLS) မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသည် ပြည်တွင်းပြည်ပခရီးသွားများအတွက် လှပဆန်းသစ်၍ ကြည်နူးဖွယ်ကောင်းလှသော အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(B.E FALLS)သည် ပွဲကောက်ကျေးရွာအနီး မန္တလေး-လားရှိုး မီးရထားလမ်းနှင့်ကားလမ်းတို့အကြားတွင်တည်ရှိ သည်။ ၁၉၄၉ ခုနှစ်တွင် ပြင်ဦးလွင်မြို့အား သောင်းကျန်းသူများသိမ်းပိုက်ထားချိန်၌ ယခု(B.E FALLS) ပွဲကောက်ရေတံခွန် တည်ရှိရာနေရာတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်စွဲ၍ သောင်းကျန်းမှုများကို နှိမ်နင်းခဲ့သည့်အတွက် နောင်လာနောက်သားများ အမှတ်တရရှိစေရေး အပန်းဖြေစခန်းတစ်ခု တည်ဆောက်ရာမှ

ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပွဲကောက်ရေတံခွန်သည် ယခင်ကစနစ်ကျသည့်အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ ယခုကဲ့သို့ အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရေတံခွန်အတွင်း ရေသန့်စင်စေရေး သဘာဝရေသန့်စင်စနစ်ကို အသုံးပြုထား သဖြင့် ရေကစားလိုသူများ အနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ရေကစားနိုင်မည် ဖြစ်ပါသည်။

အပန်းဖြေစခန်းတွင် ရေတံခွန်သုံးခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာ ထည့်သွင်း ဆောက်လုပ်ထားသည်။ မှန်တံတားအောက်ခြေရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာ

ခံစားနိုင်ကြမည်ဖြစ်သည်။

ပြင်ဦးလွင်သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကိုစိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ မှန်တံတား၊ ကြိုးတံတားများအပြင် Log house၊ coffee shop တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင်ထည့်သွင်း အဆင့်မြှင့်ထားရှိသည်။ ရှေးခေတ်ကပြင်ဦးလွင်ဒေသတွင် အသုံးပြုခဲ့သည့်

မော်တော်ယာဉ်များ၊ ကြိုးတံတားနှင့် သစ်လုံးအိမ်တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ လာရောက်လည်ပတ်သူများ စိတ်အပန်းဖြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင် ဆောင်ရွက်ထားခြင်း ဖြစ်သည့်အပြင် လုံခြုံရေးနှင့်ကူညီကယ်ဆယ်ရေးအတွက်လည်း အသေးစိတ် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ခရီးသွားများ အပန်းဖြေရန် နေရာကောင်းတစ်ခု ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။