ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ်ကျေးမှုတစ်ရပ်

အဂတိလိုက်စားမှုသည် လူမှုပတ်ဝန်းကျင်တွင် ကျယ်ပြန့်လာသောအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်လာသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ ဖြင့် ဒီဇင်ဘာ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိအမြင်များ ကျယ်ပြန့်လာစေရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး အပိုင်းများကို ပိုမိုသိရှိစေရေးအတွက် ပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့အသိုက်အဝန်းအတွင်း ကျင်းပသည်။ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကျင်းပခဲ့ပါသည်။

ကုလသမဂ္ဂမှ ချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ ပန်းတိုင်-၁၆ တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အရေးကြီးသော အခန်းကဏ္ဍအဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်း၍ အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများ တိုးတက်စေရေး၊ အားလုံးအတွက် တရားမျှတမှုဖြစ်ပေါ်စေရေးနှင့် အဆင့်တိုင်း၌ ထိရောက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော လူတိုင်းအကျုံးဝင်သည့် အဖွဲ့အစည်းများ ထူထောင်ရေးကို ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်တို့ ကျင့်သုံးခဲ့သည်။ ၂၀၁၁ ခုနှစ်မှစတင်ကာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပါသည်။

ပထမဦးဆုံးသော ဒီမိုကရေစီ အစိုးရသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ကို အချင်းချင်း ထိန်းညှိခြင်းဖြင့် လည်းကောင်း၊ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာက ထောက်ပြပေးခြင်းဖြင့် လည်းကောင်း တာဝန်ယူခဲ့သော ငါးနှစ်တာကာလအတွင်း အဂတိလိုက်စားမှု ကင်းရှင်းစွာဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်စွာ လုပ်ဆောင်သွားခဲ့သည်။ ငါးနှစ်တာကာလပြီးမြောက်၍ ဒုတိယ ဒီမိုကရေစီအစိုးရသို့ လွှဲပြောင်းပေးခဲ့သည့်တိုင် အဂတိလိုက်စားမှုဖြင့် အရေးယူခြင်း ခံရသော အမှုမျိုးမရှိခဲ့ပေ။ ဒုတိယဒီမိုကရေစီ အစိုးရလက်ထက်တွင်  အဂတိလိုက်စားမှု များပြားလွန်းသဖြင့် အရေးယူခံရသော အမှုပေါင်းကား များပြားလှသည်။ အထူးသဖြင့် နိုင်ငံတော်ဘဏ္ဍာများ ဆုံးရှုံးသွားခြင်းမျိုး ပါဝင်နေသည်။

အဂတိလိုက်စားမှုဆိုသည်မှာ အများပြည်သူ အကျိုးစီးပွားဆောင်ရွက်ရန် မိမိကိုယုံကြည် အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး မိမိကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်း ဖြစ်သည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းအား လုပ်ပိုင်ခွင့်၊ ချင့်ချိန်နိုင်ခွင့် အလွန်အကျွံအပ်နှင်းထားခြင်း၊ ချင့်ချိန်နိုင်မှု လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး ရှုပ်ထွေးသော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်း၊ ချင့်ချိန်ဆောင်ရွက်မှုကိုထိရောက်စွာ စောင့်ကြည့်စစ်ဆေးသော နည်းစနစ်များမရှိခြင်း၊ မိမိတို့၏ဆုံးဖြတ်ချက်အတွက် တာဝန်ယူမှုမရှိခြင်းတို့သည် အဂတိလိုက်စားမှုကို ပိုမိုဖြစ်ပွားနိုင်စေခြင်းဖြစ်ပေသည်။

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင်  ဗုဒ္ဓတရားတော်များ၏ အဆုံးအမများနှင့်အညီ  နှစ်ပေါင်းများစွာ ကတည်းကတည် ရှိလာသည်မှာ အဂတိတရားလေးပါးဖြစ်သည်။ ချစ်သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်၍ မပြုသင့်သည်ကို ပြုလုပ်မိခြင်းမှာ ဆန္ဒာဂတိဖြစ်သည်။ မုန်းသည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်၍ မပြုသင့်သည်ကို ပြုလုပ်မိခြင်းမှာ ဒေါသာဂတိဖြစ်သည်။ ကြောက်သဖြင့် ဘက်မလိုက်သင့်သည် ကိုလိုက်၍ မပြုသင့်သည်ကို ပြုလုပ်မိခြင်းမှာ ဘယာဂတိဖြစ်သည်။ တွေဝေသဖြင့် ဘက်မလိုက်သင့်သည် ကိုလိုက်၍ မပြုသင့်သည်ကိုပြုလုပ်မိခြင်းမှာ မောဟာဂတိဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင်တည် ရှိပြီး ဖြစ်သော အဂတိတရား၏အဓိပ္ပာယ်သည် လွန်စွာကျယ်ပြန့်လေးနက်လှပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင်  မိန့်ခွန်းပြောကြားရာ၌ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကို ပုံဖော်ရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကလည်းအရေးပါသလို နိုင်ငံ့ဝန်ထမ်းများနဲ့ အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှု တည်ဆောက်ခြင်းနဲ့ အများယုံကြည်မှု တည်ဆောက်ခြင်းတို့လည်း လိုအပ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဆိုတာ နိုင်ငံတော်နဲ့ ပြည်သူများအကြားက ပေါင်းကူးတံတား ဖြစ်ပါတယ်။ နိုင်ငံတော်အပေါ် ပြည်သူများရဲ့ ယုံကြည်မှုတွေ ရရှိဖို့ အတွက်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ် ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို  ဘက်ပေါင်းစုံမှထိခိုက် စေသည့်အတွက် နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုကြီးများကို ဖော်ထုတ်ပြီး ဘက်လိုက်မှု မရှိဘဲ ဥပဒေနှင့် အညီအရေးယူလျက် ရှိပါသည်။ ပြည်သူလူထုတစ်ဦးချင်းကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း များမှာ ပါဝင်ကြရန် လိုအပ်သည်။ သို့မှသာ မြန်မာ့လူမှု အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှု ကင်းစင်ပြီး ဖြောင့်မတ်တည်ကြည်မှု ရှိသော ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။