တိုက်စွမ်းရည်တိုက်စွမ်းအား လွန်မြင့်မားသည့်တပ်မတော်(လေ)

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၁၅ ရက်)

တိုက်စွမ်းရည်တိုက်စွမ်းအား လွန်မြင့်မားသည့်တပ်မတော်(လေ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇) ပုဒ်မ ၃၄၁။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်ကကူညီ ဆောင်ရွက်ရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တပ်မတော်သည် ပြည်သူလူထုအတွက်ဆိုလျှင် အချိန်နှင့်တစ်ပြေးညီ လုံခြုံရေး၊ ကူညီကယ်ဆယ်ရေး၊ ကုသရေးများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိသည်။ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး စသည့်သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများကလည်း ပြည်သူလူထုလုံခြုံမှုအပေါ် ခြိမ်းခြောက်လျက်ရှိသည်။

လက်ရှိအနေအထားတွင် ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉ ကပ်ရောဂါကို မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်နေရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အချိန်နှင့်တစ်ပြေးညီ ထိုးနှံပေး နိုင်ခြင်းကြောင့် ရောဂါကူးစက်မှုနှုန်း သိသိသာသာ လျော့ကျ လျက်ရှိသည်။ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏ ပူးပေါင်းဆောင်ရွက်မှု အောင်ပွဲပင်ဖြစ်သည်။ ရောဂါကြိုတင် ကာကွယ်ဆေး များကို ပြည်ပမှရောက်ရှိလာသည်နှင့် အချိန်မဆိုင်းဘဲ လိုရာဒေသသို့ရောက်အောင် တပ်မတော်(လေ)ကပို့ဆောင်ပေး နိုင်ခြင်း ကြောင့်လည်း ရောဂါကူးစက်မှုကျဆင်းခြင်းဖြစ်သည်။ လူသားချင်း စာနာထောက်ထားမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် ကူညီကယ် ဆယ်မှုတွင် ထိရောက်လျင်မြန်သည်။

ယနေ့ကာလတွင် တပ်မတော်သည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်ရင်း တစ်ဖက်မှလည်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက် ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ သစ်ခိုးထုတ်မှုများစသည်တို့ကို ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။ တပ်မတော် (လေ) တပ်ဖွဲ့များအနေဖြင့် မြေပြင်၊ ရေပြင်တပ်ဖွဲ့များနှင့် ပေါင်းစပ်တိုက်ပွဲဝင်ရာတွင်လည်း ရဲရဲဝံ့ဝံ့စွန့်စွန့်စားစား အသက်ပေးလှူ တိုက်ပွဲဝင်မှု၊ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့မှုများကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့သည်။ တိုက်ပွဲဝင်ခဲ့ကြသည့် လေသူရဲများ၊ စစ်သည်များ၊ တိုက်ပွဲအောင်နိုင်ရေးအတွက်  အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြသည့် မြေပြင်အရာရှိ၊ စစ်သည်များ၊ ကြီးကြပ် ကွပ်ကဲသူများအားလုံးမှာ နိုင်ငံအတွက် ဂုဏ်ပြုချီးကျူးဖွယ်ဖြစ်သည်။ တပ်မတော်(လေ)တွင် ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်၊ အပေါ့စား တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များစသည်ဖြင့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ရောက်တိုင်း တပ်တော် ဝင်ခဲ့ကြသည်။ ထိုသို့တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)အတွက် လေကြောင်းစွမ်းအား တိုးမြှင့်ပေးခြင်းဖြစ်သကဲ့သို့ နိုင်ငံတော် ကာကွယ်ရေးပိုင်းတွင်လည်း စွမ်းရည်ပိုမို တိုးတက်လာစေသည်။

မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများနည်းတူ နိုင်ငံတော်ကိုစွမ်းအားပြည့်ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက် လျက်ရှိပြီး တပ်မတော်(လေ)ကိုလည်း အင်အားတောင့်တင်းပြီး နည်းပညာ အဆင့်အတန်းမြင့်မားသည့် လေကြောင်းစွမ်းအားပိုင်ဆိုင်သော တပ်မတော်(လေ)အဖြစ်သို့ ရောက်ရှိရန် တည်ဆောက်လျက်ရှိသည်။ နိုင်ငံအတွက် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း နိုင်ရေးအတွက် ဒေသတွင်းလေတပ်များနှင့် ရင်ပေါင်တန်းနိုင်အောင် ထိရောက်သော လေကြောင်းစွမ်းအား၊ လေကြောင်း အာကာသစွမ်းအား ပိုင်ဆိုင်သောတပ်မတော်(လေ)နှင့် ကျစ်လျစ်ပြီးစွမ်းရည်ထက်မြက်သော တပ်မတော်(လေ) ဖြစ်စေ ရန် ရည်မှန်းထားသည်ဟုသိရှိရသည်မှာ နိုင်ငံတော်အတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။ တပ်မတော်(လေ)၏ အခန်းကဏ္ဍသည် စစ်အောင်နိုင်ရေးတွင် လွန်စွာ အရေးပါလှပေသည်။ 

ထို့ပြင် ပြည်သူလူထုအတွက်ဝမ်းသာဖွယ်သတင်းမှာ တပ်မတော်(လေ)လေသူရဲရွေးချယ်မှုတွင် အရေးကြီးသည့် ပင်ကိုပါရမီ စမ်းသပ်မှု၊ ဆေးစစ်မှုများကို လေကြောင်းဆေးပညာ ဗဟိုဌာန၌ခေတ်မီ အထောက်အကူပြု စက်ပစ္စည်းများဖြင့် နိုင်ငံတကာ အဆင့်မီ လေ့ကျင့်သင်ကြားပေးခြင်း၊ စစ်ဆေးခြင်းနှင့် သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။ ထို့ပြင် လေသူရဲ မွေးထုတ်မှု စနစ်ကိုလည်း နိုင်ငံတကာလေတပ်များ၏ သင်ရိုးညွှန်းတမ်းများနှင့်နှိုင်းယှဉ်ပြီး အခြေခံ၊ အကြိုတန်းမြင့်နှင့် တန်းမြင့် သင်တန်းတို့ဖြင့် သင်ကြားပို့ချပေးနိုင်ပြီဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်သည် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၄)နှစ်ပြည့် မြောက်သည့်နေ့ဖြစ်သည်။ နိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကို အကြွင်းမဲ့ကာကွယ်စောင့်ရှောက်နိုင်ရေး ခေတ်မီကြိုတင်သတိပေးရေဒါများ၊ မြေပြင်အထောက် အကူပြု စနစ်များကိုတပ်ဆင်အသုံးပြုလာနိုင်ခဲ့ပြီ ဖြစ်သဖြင့် မြန်မာ့လေပိုင်နက်နှင့်အချုပ်အခြာအာဏာကို အဆင့်မီကာကွယ် နိုင်ပြီဖြစ်သည်။ ခေတ်နှင့်အညီ ခေတ်မီတပ်မတော်(လေ)အဖြစ်ရပ်တည်နေနိုင်ခြင်းကြောင့် ပြည်ပကျူးကျော်မှု အန္တရာယ်ကြုံလာ ခဲ့သော် ကြိုတင်သိရှိချေမှုန်းနိုင်ပြီဖြစ်ပေသည်။ တပ်မတော်(လေ)၏ ဆောင်ပုဒ်ဖြစ်သည့် “တက်နိုင်ဖျားရောက်” ဆိုသည့်အတိုင်း တိုက်စွမ်းရည် တိုက်စွမ်းအားလွန်မြင့်မားသည့် တပ်မတော်(လေ)အဖြစ်တည်ရှိနေခြင်းကို ဂုဏ်ယူမဆုံးဖြစ်ရပါကြောင်း ရေးသား လိုက်ရပေသည်။    ။