အတိတ်ကရရှိခဲ့သော သင်ခန်းစာအချို့

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၁၆ ရက်)

အတိတ်ကရရှိခဲ့သော သင်ခန်းစာအချို့

ယနေ့လူငယ်မောင်မယ်တို့သည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အမိနိုင်ငံတော်ကို တည်ဆောက်ကာကွယ်သူများ ဖြစ်လာကြပေမည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုစကားအတိုင်း လူငယ်ဘဝတွင် မိမိတို့ သိသင့်သိထိုက်သည်များ၊ တတ်သင့်တတ်ထိုက်သည့် ပညာရပ်များနှင့် ပြည့်စုံအောင် ကြိုးစားရပေမည်။ သိသင့်သိထိုက်သည်များဆိုရာဝယ် စာပေများဖတ်ရှုလေ့လာခြင်း၊ ရှေးလူကြီး များ၏ လက်ဆင့်ကမ်းစကားများကို မှတ်သားထားခြင်းစသည်ဖြင့် ဗဟုသုတအရာ ပြည့်စုံကြွယ်ဝခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တတ်သင့်တတ်ထိုက်သည့် ပညာရပ်ဆိုသည်မှာ မိမိတို့နှင့်လိုက်ဖက်ညီမည့် အသက်မွေးမှု အတတ်ပညာရပ်တစ်ခုခု ကိုဆိုလို ပေသည်။

စာပေဗဟုသုတနှင့်ပြည့်စုံမှသာ မိမိနိုင်ငံ၏မမေ့ကောင်းသော အတိတ်သမိုင်းကြောင်းများ၊ နိုင်ငံအတွက်နစ်နာ ဆုံးရှုံးခဲ့ရမှုများကို သိရှိမည်ဖြစ်ပါသည်။ တစ်နိုင်ငံလုံးသူ့ကျွန်ဖြစ်ခဲ့ရသည်မှစ၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအဘက်ဘက်တွင် နာလန်မထူ အောင်နယ်ချဲ့အုပ်စိုးသူတို့က နှိပ်စက်ခဲ့ခြင်း၊ ဘိန်းဖြင့်လူညွန့်တုံးအောင် လုပ်ဆောင်ခြင်း၊ မြန်မာ့မြေပေါ်တွင် မြန်မာတို့က နယ်ချဲ့တို့ကို ဘုရားထူးကာခေါ်ပြောရခြင်း၊ လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင်ကိုင်ခွင့်မရခဲ့ခြင်း၊ အထူးသဖြင့် ဗမာဆိုလျှင် အခြားသော တိုင်းရင်းသားတို့ထက်ပို၍ ဖိနှိပ်ခံရခြင်းတို့သည် မမေ့ကောင်းသော သမိုင်းဖြစ်ရပ်မှန်များ ဖြစ်သည်။

ထို့ကြောင့် ၁၉၂၉ ခုနှစ်တွင် နယ်ချဲ့တို့အား မကြောက်တရားဟော၍ဆန့်ကျင်ခဲ့သူမှာ ဆရာတော် ဦးဝိစာရဖြစ်သည်။ ရက်ပေါင်း ၁၆၆ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ပြီး နောက်ဆုံးတွင်မြန်မာတို့လိမ္မာရစ် ကြပါဟူ၍မိန့်ကြားသွားခဲ့သည်။ ဆရာတော်ဦးဥတ္တမသည်လည်း နယ်ချဲ့ဘုရင်ခံ ဆာဂျီနယ်ကရက်ဒေါက် ထွက်သွားဟု ရဲရဲတောက်ပြောဆို တော်လှန်ခဲ့သူဖြစ်သည်။ နယ်ချဲ့တော်လှန်ရေးတွင် တောင်သူ လယ်သမား ခေါင်းဆောင်ဆရာစံ၊ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့် အလုပ်သမားခေါင်းဆောင် အာဠာဝက သခင်ဖိုးလှကြီးတို့သည် မြန်မာတို့မမေ့သင့်သူများဖြစ်သည်။

နယ်ချဲ့တို့သည် မြန်မာဘုရင်ကိုဖမ်းဆီးသွားပြီး ဘုရင်မျိုးနွယ်ဆက်ပြတ်သွားအောင်လုပ်ဆောင်ခဲ့သည်။ အဆိုးရွားဆုံးဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရာတွင် အင်္ဂလိပ်နယ်ချဲ့တို့က လက်နက်ထုတ်ပေးခဲ့သည်။ အမှန် တကယ်ဆိုလျှင် ထိုစဉ်က မြန်မာနိုင်ငံသည် အင်္ဂလိပ် လက်အောက်တွင် ရှိနေဆဲဖြစ်သည်။ အင်္ဂလိပ်တို့သာ စေတနာစိတ်ထား ကောင်းမွန်စွာဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စောင့်ရှောက်ပေးမည်ဆိုလျှင် မြန်မာတို့အတွက် အာဇာနည်နေ့ဖြစ်ပေါ်လာဖွယ်မရှိပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကျဆုံးမှုတွင် အင်္ဂလိပ်တို့သည် ရာနှုန်းပြည့်တာဝန်ရှိသူများ ဖြစ်ကြသည်။

အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် နည်းလမ်းပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံတွင် ပါဝင်လှုပ်ရှားခဲ့ကြသည်။ သူတို့ကမြန်မာတို့ကို ကမ္ဘာ့အမြင်တွင် လူရိုင်းများအဖြစ် ရေးသားပုံဖော်ခဲ့ကြသည်။ မြန်မာတို့၏ရိုးရာစရိုက်၊ အလေ့အထအရ ဦးထုပ်ချွတ်ခြင်း၊ မချွတ်ခြင်း၊ ဖိနပ်ချွတ်ခြင်း၊ မချွတ်ခြင်း၊ ထိုင်၍ ဂါရဝပြုရခြင်း၊ ရပ်၍ဂါရဝပြုရခြင်း၊ ထမင်းကိုလက်ဖြင့်စားခြင်း၊ ဇွန်းခက်ရင်းဖြင့်စားခြင်း၊ ကြမ်းပြင်တွင်ထိုင်ခြင်း၊ ကုလားထိုင်တွင် ထိုင်ခြင်းစသည်ဖြင့် ဒေသအလိုက်ကွဲပြားသည်။ မတူသော အလေ့အထများကို တွေ့လေတိုင်း မြန်မာတွေရိုင်းလိုက်လေခြင်းဟု သဘောထားပုံရလေသည်။

စက်မှုလက်မှုသိပ္ပံနှင့် နည်းပညာတိုးတက်မှုကိုပိုင်ဆိုင်သော အနောက်နိုင်ငံသားတို့သည် သာသနာပြုခြင်း၊ ဈေးကွက်ရှာခြင်းနှင့် နယ်ချဲ့ခြင်းကို အပြိုင်အဆိုင်လုပ်ဆောင်ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် လွယ်ကူချောမောရန်အတွက် မြန်မာတို့ရိုင်းသည်၊ မောက်မာကြသည်၊ သံတမန်ရေးရာများကို နားမလည်စသော ရေးသားစွပ်စွဲချက်များ အသုံးပြုလာကြသည်။ ကျူးကျော်ရေးစစ်ပွဲများ ကို တရားမျှတသယောင်ဝါဒဖြန့်သည့်ရည်ရွယ်ချက်ဖြင့် မဟုတ်မတရားရေးသားကြခြင်းသာဖြစ်သည်။ နောက်ဆုံး၌ မြန်မာဘုရင် ရှေ့တွင် ဖိနပ်စီး၍ဝင်ခွင့်မရခြင်းကြောင့် စစ်ခင်းရဘိသကဲ့သို့ နီးနီးဖြစ်အောင် အနောက်တိုင်းသမိုင်းဆရာတို့ ရေးသားကြပြန်သည်။

ကိုလိုနီခေတ်မြန်မာနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာ၌ ဗမာလူမျိုးတို့ပါဝင် ခွင့်အလျဉ်းမရှိခဲ့ပေ။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ခါနီး မြန်မာနိုင်ငံမှမဆုတ်ခွာမီ မြန်မာနိုင်ငံရှိလက်နက်ကိုင် တပ်များစာရင်းကိုကြည့်လျှင် ကာကွယ်ရေးတွင် ဗမာလူမျိုးများ ပါဝင်ခွင့်နည်းပါးလှသည်။ ဗမာလူမျိုး စစ်သား ၁၅၉ ဦး၊ အရာရှိ ၄ ဦးသာရှိပြီး မြန်မာတိုင်းရင်းသား စစ်သား ၃၀၄၀ ဦး၊ အရာရှိ ၇၅ ဦးဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သောအခါ ပြည်တွင်းရောင်စုံသောင်း ကျန်းသူများလည်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ်တို့မွှေးခဲ့သော မီးများသည် ယနေ့တိုင် လောင်ကျွမ်းနေဆဲဖြစ်သည်။ ထို့ထက်ပို၍ရင်နာဖွယ်ကောင်းသော ဖြစ်ရပ် တစ်ခုမှာ မိမိတို့နိုင်ငံကိုကျွန်ပြု ခဲ့သောလူမျိုးကိုတော်လှန်ခဲ့သော ဖခင်ကြီး၏ သမီးသည်ထိုလူမျိုးကိုလက်ထပ်ကာ မျိုးဆက်ပြတ် သွားခြင်း ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူကာ လူငယ်မောင်မယ်များအနေဖြင့် မိမိနိုင်ငံ မိမိလူမျိုးကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါရန် ရေးသားလိုက်ရပေသည်။   ။