အောင်အတိတ်တွေပေးတဲ့ တို့တိုင်းပြည်

အောင်အတိတ်တွေပေးတဲ့ တို့တိုင်းပြည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၁၈ ရက်)

    ယခုရက်များအတွင်း ရုပ်မြင်သံကြား အစီအစဉ်များတွင် အအက္ခရာအောင်ပါစေ သီချင်းအသစ် တစ်ပုဒ်ကို အဆိုအက အတီးနှင့်မြိုင်မြိုင်ဆိုင်ဆိုင် ထုတ်လွှင့်နေသည်ကို တွေ့ရသည်။ ဇမ္ဗူဒိတ်နိမိတ်ဆို စကားနှင့်အညီ  မြန်မာနိုင်ငံကြီးသည် အစစအရာရာ အောင်မြင်မှု လမ်းကြောင်းဆီသို့ ရောက်နေပြီဖြစ်ကြောင်း သီချင်းက ညွှန်းဆိုနေသည်။''(အပေါင်းအသင်းနဲ့ ချစ်ဆွေတွေ၊ အအက္ခရာအောင်စေအောင်စေ၊ ကောင်းသော နိမိတ်ပေးကာလေ၊ အအက္ခရာအောင်နိုင်ကြစေ) ၂အောင်ဇေယျာအောင်ကြောင်းနဲ့လေ အောင်ပန်းညောင်ရေ၊ အောင်ပန်းနဲ့ အောင်စခန်းဝေဝေ''ဟူသော သီချင်းနှင့်အညီ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့၏ အောင်မြင်မှုများကို တွေ့မြင်နေရသည်။

မြန်မာနိုင်ငံသမိုင်းတွင်  တပ်မတော်တစ်ရပ် ပေါ်ပေါက်လာသည်မှစ၍ အရာရာ အောင်မြင်ခဲ့သည်။

လွတ်လပ်ရေးရခဲ့သည်။ ပြည်ပကျူးကျော်မှု၊ ပြည်တွင်းရောင်စုံ သောင်းကျန်းမှုတို့ကို တိုက်ခိုက်အောင်မြင်ခဲ့သည်။ နိုင်ငံတော်တွင် အခက်အခဲနှင့်ကြုံတိုင်း တပ်မတော်က ဦးဆောင်ဖြေရှင်းပေးခဲ့ရသည်။ ဖြေရှင်းပေးခဲ့သမျှမှာလည်း အောင်မြင်ခဲ့သည်သာဖြစ်သည်။  သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင်ဆောင် ရွက်နိုင်ခဲ့သည်ချည်းဖြစ်သည်။ တပ်မတော်သည် အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသော အစဉ်အလာအတိုင်း စွမ်းဆောင်နိုင်ခဲ့သည်။ တပ်မတော်က စွမ်းဆောင်သမျှသည် နိုင်ငံနှင့်လူမျိုးကောင်းကျိုးဖြစ်စေသော အရာများသာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်တော်ဝင် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်အောင် တည်ဆောက်လျက်ရှိသည်။

မျက်မှောက်ခေတ်စစ်ပွဲများကို လေ့လာကြည့်လျှင်  လေကြောင်းစွမ်းအား၏ အရေးပါမှုကိုမြင်တွေ့နိုင်သည်။ လေကြောင်းနှင့် အာကာသစွမ်းအားသည် ကမ္ဘာပေါ်တွင် မည်သည့်အချိန်အခါ နေရာဒေသမရွေး ပစ်မှတ်ကို တိုက်ခိုက်နိုင်လာသည်ကို ကြည့်ခြင်းအားဖြင့် လေကြောင်းနှင့်အာကာသ စွမ်းအား အယူအဆသည် ခိုင်မာလျက်ရှိနေသည်။ တပ်မတော်(လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဝယ်ယူဖြည့်တင်းခြင်း၊ သယ်ယူပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များလည်း ဝယ်ယူဖြည့်တင်းခြင်းများ ဆောင်ရွက်နိုင်သည့်အတွက် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးရေးကို အဆင့်မြှင့်တင်ခဲ့သည်မှာ ပြည်သူတို့အတွက် အောင်မြင်ခြင်း သတင်းကောင်းများဖြစ်သည်။

ထိုနေ့တွင်ပင် နိုင်ငံတော်အကြီးအကဲသည် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က မြန်မာနိုင်ငံ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုလွှတ်တင် ဆောင်ရွက်မှု စီမံကိန်းနှင့် ပတ်သက်သည့် အခြေအနေများ တင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂြိုဟ်တုလွှတ်တင် ဆောင်ရွက်မှု စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည့်နည်းပညာများ ရရှိရေးအတွက် ပြည်ပသို့ပညာတော်သင်များ စဉ်ဆက်မပြတ် စေလွှတ်နိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။ ဂြိုဟ်တုလွှတ်တင်ရေး၊ ပြည်ပသို့ပညာတော်သင် စေလွှတ်ရေး သတင်းများသည် နိုင်ငံတော်အတွက် သတင်းကောင်းများဖြစ်သည်။

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်နှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့သည် မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်နှင့် အာကာသနည်းပညာ တိုးတက်ရေးအတွက် မရှိမဖြစ်သော နေရာများဖြစ်သည်။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ကို ၂ဝဝ၂ ခုနှစ်မှစတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်တွင် ပညာသင်ကြားရသော ကာလမှာ ခြောက်နှစ်တာကြာမြင့်ပြီး တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်မှာလည်း မြင့်မားသည်။ ယခင်အစိုးရ ငါးနှစ်တာကာလတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့ရာ လေကြောင်းနှင့် အာကာသပညာများလည်း မှေးမှိန်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကိုပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်  ဤတက္ကသိုလ်သို့ လာရောက်ကြည့်ရှုအားပေးသည်။ 

ယခုအခါ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးလျက်ရှိရာ မကြာမီအချိန်ကာလများတွင် မြန်မာတို့သည် လေကြောင်းနှင့် အာကာသကို ချုပ်ကိုင်လွှမ်းမိုးနိုင်တော့မည်ဖြစ်ကြောင်း အအက္ခရာအောင်မြင်မှု သတင်းကောင်းကို ရေးသားလိုက်ရပေသည်။   ။