ရွှေနိုင်ငံ ရွှေပင်လယ်နှင့် စိန်ရတုအကြို တပ်မတော်(ရေ)

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၅  ရက်)

 ရွှေနိုင်ငံ ရွှေပင်လယ်နှင့် စိန်ရတုအကြို တပ်မတော်(ရေ)

တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ်နိုးသူတိုင်းက တပ်မတော်ကိုချစ်ကြသည်။ တပ်မတော်ကိုချစ်မြတ်နိုးသူများက တပ်မတော်ကြီး အင်အားကြီးမား ခိုင်မာတောင့်တင်းနေသည်ကို နှစ်သက်သဘောကျကြသည်။ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ရှိနေသမျှကာလပတ်လုံး မြန်မာနိုင်ငံသည်ဘယ်သောအခါမှ လွတ်လပ်ရေး ဆုံးရှုံးခြင်းနှင့် ကြုံတွေ့ရတော့မည်မဟုတ်ပေ။ ထိုသို့ကြုံတွေ့ခြင်းမဖြစ်စေရန်အတွက် တပ်မတော်သည် အစစအရာရာ ကဏ္ဍ ပေါင်းစုံတွင် ခေတ်မီတိုးတက်အောင် ကြိုးစားလျက်ရှိသည်။ ကြိုးစားသည့် အတိုင်းအောင်မြင်မှုများလည်း ရှိနေပြီဖြစ်သည်။

တပ်မတော်ဟုဆိုလိုက်သည်နှင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေး တပ်ပေါင်းစုကို ဆိုလိုကြောင်း သိနားလည်ကြသည်။ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်သလို တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့သည်လည်း တပ်မတော်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ တပ်မတော် (ရေ)၏နှစ်ပတ်လည်နေ့သည် နှစ်စဉ်ဒီဇင်ဘာ ၂၄ ရက်ဖြစ်ပြီး တပ်မတော်(လေ) ၏နှစ်ပတ်လည်နေ့သည် နှစ်စဉ်ဒီဇင်ဘာ ၁၅ ရက်ဖြစ်သည်။  တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာ  ၂၄  ရက်တွင် ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်အား ဗမာ့တပ်မတော်ရေအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စစ်ရေ ယာဉ်(မေယု) ၏ပထမဦးဆုံးသော မြန်မာနိုင်ငံသားများ စစ်ရေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုက ရေတပ်ဦးစီးချုပ်အဖြစ် ဗြိတိသျှဗိုလ်မှူးကြီး ကေအက်စ်လိုင်းထံမှ တာဝန်လွှဲပြောင်းလက်ခံခဲ့ရသည်။ လွတ်လပ်ရေး မရမီရက်ပိုင်း အလိုတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ထို့ထက်မက ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယခုအခါ တပ်မတော်(ရေ)သည် (၇၄)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ဖြတ်သန်းခဲ့ရသော (၇၄)နှစ် ကာလရရှိခဲ့သည့်အတွေ့အကြုံ၊ ဗဟုသုတများကြောင့် ရေမြင့်၍ကြာတင့်သည့်ပမာ ရင့်ကျက်တည်ငြိမ်ပြီး ခေတ်မီဆန်းသစ်တိုးတက်သော အခြေအနေသို့ ရောက်ရှိ နေပြီဖြစ်သည်။ ဒေသတွင်းနိုင်ငံများကခံ့ညား လေးစားပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် တပ်မတော်(ရေ)အဖြစ် ရပ်တည် နိုင်ခဲ့ပြီဖြစ်သည်။ အနာဂတ်ကာလတွင် တပ်မတော်(ရေ)အား မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝ ကာကွယ် နိုင်သော သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်ဖြစ်ရန် မျှော်မှန်းချက် အဖြစ်လည်းကောင်း၊ နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရေးအား ရည်မှန်းချက်အဖြစ်လည်းကောင်း သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။

မြန်မာနိုင်ငံ၏ ရေပြင်ပိုင်နက်မှာ စတုရန်းရေမိုင်ပေါင်း တစ်သိန်းလေးသောင်းကျော်ကျယ်ဝန်းပြီး ရေမိုင်ပေါင်း ၁၂၆၀ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်။ အဖိုးတန်ရေပေါ်ရေ အောက်သယံဇာတများ၊ သဘာဝအလှတရားများနှင့်ပြည့်စုံသော  ကျွန်းကြီးကျွန်းငယ်များ၊  လှပသော ပင်လယ်ကမ်းခြေများ ပေါများလှသည်။ ထို့ပြင် မျက်မှောက်ခေတ်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့ တွင် အဓိက ကျသော အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်နေသည့်  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ကိုလည်း ပိုင်ဆိုင်ထားသည်။  ကမ္ဘာ့ကုန်သွယ်ရေ လမ်းကြောင်းများ၏ ထိန်းချုပ်နေရာတွင် တည်ရှိနေသောမြန်မာ့ပင်လယ်ပြင်ကို ရွှေနိုင်ငံ၏ ရွှေပင်လယ်ဟု ပင်သတ်မှတ်နိုင်သည်။

တပ်မတော်(ရေ)၏ အောင်မြင်တိုးတက်မှုများတွင် တပ်မတော်(ရေ)၏ တိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များကို ကိုယ်တိုင် ဒီဇိုင်း ရေးဆွဲတည်ဆောက်နိုင်ခြင်း ဖြစ်သည်။ အဆင့်အတန်းမီစစ်ရေယာဉ် များကို လျင်မြန်စွာ ဧရာခင်း၊တည်ဆောက်၊ ရေချ၊ တပ်တော်ဝင်နိုင်ခဲ့ပြီး တပ်မတော်(ရေ)၏ တိုက်စွမ်းရည် နှင့်တိုက်စွမ်းအားတို့ကို အားသစ်လောင်းပေးလျက်ရှိရာ ဝယ်ယူအသုံးပြု သူမှ တည်ဆောက်သူအဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှုများစွာ လျော့နည်းခဲ့သည့်အပြင် တပ်မတော်(ရေ) အရာရှိ/စစ်သည်များ၏ ဟန်ချက်ညီညီကြိုးပမ်း ထုတ်လုပ်အောင်မြင်မှုများကို ထင်ရှားစွာမြင်တွေ့ရသည်မှာ ဂုဏ်ယူ ဝမ်းသာဖွယ်ဖြစ်သည်။

တပ်မတော်(ရေ)၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ အကောင်အထည်ဖော်ရန်မှာ တိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များ အပေါ် များစွာမူတည်သည်။ တပ်မတော်(ရေ)၏စစ်ဆင်ရေးနယ်ပယ်(၄)ရပ်ဖြစ်သော ရေပြင်ရန်စစ်ဆင်ရေး၊ ရေအောက်ရန် စစ်ဆင် ရေး၊ ဝေဟင်ရန်စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးနယ်ပယ်များတွင် ဟာကွက်မရှိကွက်ပြည့်နင်း စစ်ဆင်နိုင်ရန် လိုအပ်သည်။

ရေတပ်၏စွမ်းအားသည် ပင်လယ်ပြင်မှကုန်းမြေအပေါ်အကျိုးသက်ရောက်မှုပေးနိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ ရေကြောင်းသယံဇာတ များကို ကာကွယ်ပေးနိုင်ရေးတို့ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် တပ်မတော်(ရေ)သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် စစ်ရေယာဉ် အသင့်၊ လက်နက်နှင့်လက်နက်စနစ်အသင့်၊ အရာရှိ/စစ်သည်အသင့်ဟူသော သင့်(၃)သင့်ဖြင့် ရွှေနိုင်ငံရွှေပင်လယ်နှင့် စိန်ရတုအကြို တပ်မတော်(ရေ)အဖြစ် ရပ်တည်နေခြင်းကို ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။   ။