သတိပြုဖွယ် အိမ်တွင်းလေထုညစ်ညမ်းမှုများ

 

လေထုညစ်ညမ်းမှုဆိုသောစကားလုံးသည် ကျွန်မတို့နှင့်ရင်းနှီးနေပြီးသားဖြစ်သည်။ လေထု ညစ်ညမ်းခြင်းကို အကြမ်းအားဖြင့်  အဓိပ္ပာယ်ဖွင့်မည်ဆိုလျှင် လေထုထဲတွင် မည်သည့်ပစ္စည်း မဆို ရှိသင့်သည့်အတိုင်းအတာထက် ပိုများသွားခြင်းကိုခေါ်ခြင်းဖြစ်သည်။

လေထုညစ်ညမ်းမှုဟုဆိုလိုက်သည်နှင့် အိမ်တွင်း၊ အိမ်ပြင်ညစ်ညမ်းမှုအားလုံးအကျုံးဝင်သည်။ လေထုညစ်ညမ်းမှုဆိုသည်နှင့် အများစုက အိမ်အပြင်ဘက်ရှိ စက်ရုံများ၊ အမှိုက်ပုံများကိုသာ ပြေးမြင်တတ်ကြသည်။ စင်စစ်တော့ အိမ်တွင်းလေထုညစ်ညမ်းမှုများသည် လူတို့၏ကျန်းမာရေး ပိုမိုထိခိုက်စေသည်ကို သတိချပ်စေလိုသည်။  အမေရိကမှ သုတေသနတစ်ခုအရ လူအများစု သည် တစ်နေ့တာ၏ ၈၀၊ ၉၀ ရာခိုင်နှုန်းခန့်သည် အိမ်တွင်း၊ အဆောက်အဦအတွင်းတွင် ရှိနေတတ်ကြသည်ဟုဆိုထားသည်ကိုတွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်းထုတ်ပြန်ချက်အရ တစ်နှစ်တစ်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၄ ဒသမ ၃ သန်းသောလူများသည် အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံးနေကြရ ကြောင်းလည်းသိရသည်။ အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်စေသော အကြောင်းအရာများမှာ ဆေးလိပ်ငွေ့မှထွက်သောဓာတ်ပစ္စည်းများ၊ အော်ဂဲနစ်ဓာတ်ပေါင်းများ၊ ပိုးမွှားများ၊ ဓာတ်မတည့် ခြင်းဖြစ်စေသောပစ္စည်းများလောင်ကျွမ်းခြင်းမှထွက်သောပစ္စည်းတို့မှဖြစ်သည်။

ဆေးလိပ်ငွေ့မှထွက်သောဓာတ်ပစ္စည်းများ

ဆေးလိပ်မီးခိုးသည် အိမ်တွင်းလေထုညစ်ညမ်းမှုကိုဖြစ်စေသောအဓိကအကြောင်းရင်းဖြစ်သည်။ ဆေးလိပ်ငွေ့တွင် ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး အမျိုးပေါင်း ၇၀ နီးပါးသည် ကင်ဆာဖြစ်စေနိုင်သည်။ဆေးလိပ်သောက်ခြင်းမှ နှလုံးသွေးကြောရောဂါ၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်၊ အဆုတ်ပွ၊ နှာခေါင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာ ရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊  အူကင်ဆာ၊   ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးကင်ဆာ၊ ရင်သားကင်ဆာ စသည်တို့ဖြစ်ပွားနိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်   ဆေးလိပ်သောက်လျှင် သားလျှောခြင်း၊ သားပျက်ခြင်းနှင့် ကလေးပေါင်မပြည့်ခြင်း၊ နေ့စေ့လစေ့မမွေးဘဲ ကလေးသေဆုံးခြင်းများဖြစ်နိုင်သည်။ ဆေးလိပ် သောက်သူများတွင်သာမက ဆေးလိပ်ငွေ့ရှူရှိုက်မိသူများတွင်လည်း အထက်ပါရောဂါများ လက်ဆင့်ကမ်းခံစားရနိုင်သည်။ သို့ဖြစ်ပါသောကြောင့် ဆေးလိပ်သောက်လျှင်   သတ်မှတ်ထား သောဧရိယာအတွင်းတွင် သွားသောက်သင့်သည်။

အော်ဂဲနစ်ဓာတ်ပေါင်းများ

အော်ဂဲနစ်ဓာတ်ပေါင်းဆိုသည်မှာ အထူးအားဖြင့် ဖော်မယ်ဒီဟိုက်ဓာတ်ပေါင်းကို ပြောဆိုခြင်း ဖြစ်သည်။ ယင်းဓာတ်ပေါင်းသည် ကြိတ်သားပြား၊ ကော်ဇောတွင်ကပ်ထားသောကော်များ၊ အပူခံပစ္စည်းများ စသည့်တို့မှထွက်ရှိလေ့ရှိသည်။ အခြားအိမ်သုတ်ဆေး၊ကြေးချွတ်သန့်စင်ဆေး၊ ပရိဘောဂအရောင်တင်ဆီများမှလည်း ကလိုရင်းပါသောဓာတ်ပေါင်းများ၊ အက်ဆီတုန်း၊ အမိုးနီးယားဘန်ဇင်း၊ တော်လင်းစသည့်ဓာတ်ပစ္စည်းများထွက်ရှိနိုင်သည်။  ယင်းဓာတ်ပစ္စည်း များကို   ရှူရှိုက်မိလျှင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ နှာချေခြင်း၊ နှာရည်ကျခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပန်းနာတို့ဖြစ်စေနိုင်သည်။ သို့ပါသောကြောင့် ကျွန်မတို့သည် အနံ့ပျောက် ဆေး၊ ကြွေပြားကြေးချွတ်ဆေး၊ အရောင်တင်ထားသောပရိဘောဂများကို သတိပြုသုံးစွဲရမည် ဖြစ်သည်။

ပိုးမွှားများ၊ ဓာတ်မတည့်ခြင်းဖြစ်စေသောပစ္စည်းများ

ပိုးမွှားများဆိုသည့်အထဲတွင် အိမ်မွေးတိရစ္ဆာန်များ(ကြောင်၊ ခွေး)တို့တွင် တွယ်ကပ်နေသော ပိုးမွှားများကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် ယင်းတို့မှထွက်သော အမွေးအမှင်များသည် လူတို့နှင့် ဓာတ်မတည့်ဖြစ်ရာမှ မှိုစွဲခြင်း၊ ယားယံခြင်းများကိုဖြစ်စေသည်။ အိမ်အနီးအနားတွင်   စိုက်ထား သောပန်းဝတ်မှုန်များမှလည်း ဓာတ်မတည့်ခြင်းဖြစ်စေသည်။

ဓာတ်မတည့်ခြင်း၏ လက္ခဏာအချို့မှာ  ယားယံခြင်း၊ နှာရည်ကျခြင်း၊နှာချေခြင်းတို့ဖြစ်သည်။ ဓာတ်မတည့်ခြင်း၏အဆိုးဝါးဆုံးသောလက္ခဏာမှာ သွေးလန့်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် အသက်ဆုံးရှုံးသည်အထိဖြစ်စေနိုင်သည်။ သို့ပါသောကြောင့် ကျွန်မတို့သည် အိမ်မွေးတိရစ္ဆာန် များနှင့် နီးနီးကပ်ကပ်နေထိုင်ခြင်းမျိုးကို ရှောင်သင့်သည်။ ထို့အတူ ပန်းနာရင်ကျပ်ရောဂါ သည်ဖြစ်နေပါက မိမိနှင့်မသင့်ဘူးထင်သောဝတ်မှုန်များနှင့်ဝေးဝေးနေသင့်သည်။

လောင်ကျွမ်းခြင်း၏ဘေးထွက်ပစ္စည်းများ

လောင်ကျွမ်းခြင်းဟူသည်နှင့် ဝေးဝေးပြေးကြည့်စရာလိုမည်မထင်ပါ။ အိမ်အနီးအနားတွင် ချက်ပြုတ်ရေးအတွက် အသုံးပြုနေသောထင်း၊ မီးသွေး၊ သဘာဝဓာတ်ငွေ့၊  ရေနံဆီ၊ ဖယောင်း စသည်တို့ဖြစ်သည်။ ထို့အတူ အမှိုက်များကိုမီးရှို့ရာမှလည်း ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မို နောက်ဆိုက်များထွက်ရှိနိုင်သကဲ့သို့ ကျပ်ခိုးနှင့်အမှုန်အမွှားတို့သည် လေထုထဲသို့ရောက်ရှိသွား နိုင်သည်။

စိုစွတ်နေသောထင်းနှင့် အခြားအရာများကိုမီးရှို့ရာမှလည်း ကာဗွန်မိုနောက်ဆိုက်များထွက်ရှိနိုင် သည်။ မီးစက်များမှလည်း ကာဗွန်မိုနောက်ဆိုက်များထွက်ရှိနိုင်သေးသည်။  မီးခိုးငွေ့၊  ကျပ်ခိုး နှင့် ကာဗွန်ဒိုင်အောက်ဆိုက်၊   ကာဗွန်မိုနောက်ဆိုက်များကို  နေ့စဉ်ရက်ဆက်ရှူသွင်းရသူများ တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများခံစားရနိုင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး များတွင် ယင်းလေထုညစ်ညမ်းမှုနှင့် ရင်းနှီးလာသောအခါ ကိုယ်ဝန်ပျက်ကျခြင်းနှင့် နေ့စေ့လစေ့ မရှိသော ကလေးများမွေးဖွားတတ်သည်။

သို့ပါသောကြောင့် ကျွန်မတို့သည် အိပ်ခန်းများအနီးတွင် မီးဖိုများကိုထားရှိခြင်းမပြုသင့်ပါ။  လေဝင်လေထွက်ကောင်းသောနေရာများတွင်သာ မီးဖိုများကိုထားရှိသင့်သည်။ မီးဖိုမှထွက်ရှိ သောမီးခိုးများကို အိမ်ထဲသို့မပြန့်အောင် မီးဖိုပေါ်မှ မီးဖိုအုပ်ဆောင်းများတပ်ဆင်ထားခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများမှကာကွယ်ပေးနိုင်သည်။

သို့ဖြစ်ပါသောကြောင့် ကျွန်မတို့သည် အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်စေသော အထက်ပါ အချက်များကို သတိပြုစေလိုသည်။ အိမ်တွင်းလေထုညစ်ညမ်းမှုများမှကင်းဝေးစေရန်အတွက် မီးရှို့ခြင်းကို အထူးရှောင်ရှားသင့်သည်။ ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံ  စသည့်စွမ်းအင်များကို  ချွေတာ သုံးစွဲသင့်သည်။ လေထုညစ်ညမ်းမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်သည့်နည်းတစ်ခု ဖြစ်သည့်အစိမ်းရောင်ကလိုရိုဖီးများဖြင့်   ဖွဲ့စည်းတည်ဆောက်ထားသောအပင်များကို စိုက်ပျိုး ခြင်းဖြင့် လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပါသည်။