ကြိုတင်ကာကွယ် အိုမီခရွန်အန္တရာယ်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၇  ရက်)

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ပေါင်းစည်းညီညာဆောင်ရွက်မှုကြောင့်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အောင်မြင်မှုများ ရရှိနေသည်။ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက် များပြားလာမှုကြောင့် ရောဂါကူးစက်မှု နှုန်းများ ကျဆင်းလာနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိမှုမှာ ၁ ဒသမ ၆၁ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိမှုမှာ ၂ ရာခိုင်နှုန်းအောက်သို့ကျဆင်းနေသည်မှာ ဝမ်းသာဖွယ်ဖြစ်သည်။ သို့သော် ကမ္ဘာတွင် ဖြစ်ပေါ်နေသော အိုမီခရွန်ကြောင့် ရာနှုန်းပြည့်ဝမ်းသာနိုင်ခြင်းမရှိသေးဘဲ ထိုရောဂါပိုးမိမိတို့ နိုင်ငံအတွင်းသို့ ဝင်ရောက်မလာရေး အတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။ အိုမီခရွန်သည်နိုင်ငံပေါင်း ၁၁၄ နိုင်ငံသို့ကူးစက်ရောက်ရှိနေပြီး အိမ်နီးချင်းနိုင်ငံ အချို့တွင် ပင်ဖြစ်ပွားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၆ ရက်နေ့အထိ အိုမီခရွန်ရောဂါပိုးကူးစက်မှု မတွေ့ရှိရသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ပေးထားသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တတိယလှိုင်းကြုံတွေ့ခဲ့ရသောအခြေအနေများကို မြန်မာတို့ထိန်းချုပ်နိုင်ခဲ့ပြီး စတုတ္ထလှိုင်း ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပေ။ ယခုဖြစ်ပေါ်နေသည့် အိုမီခရွန်နှင့် ပတ်သက်၍လည်း ဖြစ်ပေါ်လာပါက အဆင်သင့်ထိန်းချုပ်နိုင်ရေး ပြင်ဆင်ထားရန် နိုင်ငံတော်အကြီးအကဲက ကြိုတင်ညွှန်ကြားထားပြီးဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၁၈/၂၀၂၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်တို့ သတိထားရမယ့် အနေအထားတော့ရှိတယ်။ အဲ့ဒီတော့ဘာပဲပြောပြော ကိုယ့်ဘက်ကတော့ ဆေးရုံတွေ ဘာတွေကအကုန်ပြင်ထားဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော် ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေ၊ ကျွန်တော်တို့တပ်မတော်ဆေးရုံတွေအားလုံးကို ဒီကိုဗစ်နဲ့ ပတ်သက် ပြီးကုဖို့ သီးခြားနေရာ တစ်ခုလုပ်ခိုင်းထားပါတယ်။ သီးခြားနေရာတွေ၊ Oxygen Plant တွေ အကုန်လုံးရှိရမယ်။ အဲ့ဒီတော့ ဆရာဝန် တွေ အကုန်လုံးရှိရမယ်။ ကိုဗစ်မရှိလို့ မလုပ်ဘူးဆိုပြီး သွားမလုပ်နဲ့။ ဖြစ်ခါမှ မျက်ကလဲဆန်ပျာနဲ့။ ဘယ်မှာမှရှာမရ။ ဟိုပစ္စည်း သုံးမရ။ ဒီပစ္စည်းကသုံးမရ။ ဟိုဟာကရှာမရ။ ဒီဟာကရှာမရနဲ့။ ကျွန်တော်တို့ တော်တော်ကို အခက်အခဲဖြစ်ခဲ့ဖူးတယ်” ဟူ၍ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏မှာ ကြားချက်နှင့်အညီ မြန်မာနိုင်ငံအတွင်းသို့ မျိုးရိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ များ၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးအသစ်တွေ့ရှိမှုအခြေအနေများကို မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ လတ်တ လောတွေ့ရှိမှုအနေအထားများအရ အိုမီခရွန်မျိုးဗီဇပြောင်းမျိုးကွဲသည် ကူးစက်မှုနှုန်းမြင့်မားစွာဖြင့် ကူးစက်နိုင်သည့် အနေအထား ရှိသော်လည်း ရောဂါပြင်းထန်စွာဖြစ်ပွားမှု အခြေအနေနည်းပါးကြောင်း တွေ့ရှိရသည်။

နိုင်ငံတကာမှ ပညာရှင်များ၏ သုံးသပ်ချက်အရ ရောဂါကူးစက်ဖြစ်ပွားသူများလာပါက ကာကွယ်ဆေးထိုးနှံခြင်း အကြိမ်ပြည့် ခံယူရခြင်းမရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားနည်းသူများအကြား ရောဂါပြင်းထန်စွာ ခံစားရသူအရေအတွက် များပြားလာနိုင်ရာမှ ဆက်လက်၍ ကျန်းမာရေးစနစ်အပေါ်ဝန်ပိမှုများ ဖြစ်ပေါ်လာနိုင်သည်ဟုဆိုပါသည်။ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ တွင် တွေ့ရှိလာပြီဖြစ်၍ နယ်စပ်ဒေသဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာသူများမှတစ်ဆင့် ရောဂါကူးစက်မှုတားဆီးနိုင်ရေးအတွက် နယ်စပ်ဂိတ်မြို့များတွင်ရှိသည့် ကွာရန်တင်းစင်တာများတွင် ခုနစ်ရက်ထားရှိပြီး RTPCR နည်းဖြင့် နှစ်ကြိမ်စစ်ဆေး လျက်ရှိသည်။ ရောဂါပိုးမတွေ့ရှိသူများကို သက်ဆိုင်ရာနေရာသို့ပြန်လည်စေလွှတ်ပြီး အဆိုပါနေရာတွင် သုံးရက်ကွာရန် တင်းဝင်ရန် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ ပြည်တွင်း/ပြည်ပလေကြောင်း ခရီးစဉ်များမှတစ်ဆင့် ရောဂါပိုးဝင်ရောက် မလာစေရေး တိုးမြှင့် ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကိုကျယ်ပြန့်စွာအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ ကွာရန်တင်း စင်တာနှင့် ကုသရေးစင်တာများ တိုးချဲ့ပြင်ဆင်ခြင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြည့်တင်း သိုလှောင်ထားခြင်း၊ အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ထားခြင်းစသည်ဖြင့် နိုင်ငံတော်ပိုင်းဆိုင်ရာက ပြည့်စုံစွာပြင်ဆင်ထားပြီး ဖြစ်သည်။ ပြည်သူများအနေဖြင့် တစ်ဦးချင်းကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအခြေခံစည်းမျဉ်းများကိုလိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးခြင်း စသည့်ရိုးရှင်းလွယ်ကူသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း မပျက်မကွက်လိုက်နာလုပ်ဆောင်ကြခြင်းဖြင့် အိုမီခရွန်ကိုကြိုတင် ကာကွယ်ကြရမည်ဖြစ်ပါ ကြောင်းရေးသားလိုက်ရပေသည်။   ။