လက်ရုံးရည် နှလုံးရည်နှင့် ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၈  ရက်)

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ရည်ရွယ်ချက်သည် “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသား တပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်” ဖြစ်သည်။ ယခုအခါ အဆိုပါတက္ကသိုလ်မှ သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၆)တို့သည် ပညာများသင်ယူတတ်မြောက်ကြပြီးဖြစ်၍ သင်တန်းပြီးမြောက်ကြပြီ ဖြစ်သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် ကိုယ်ရည်ကိုယ်သွေးနှင့်ကျင့်ဝတ်သိက္ခာပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင် ဆေးစစ်သည်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပြီး နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၉)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၆)သင်တန်းဆင်းပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ “အမိတက္ကသိုလ်ကနေပြီး ရဲဘော်တို့ကို စစ်မြေပြင်မှာ ခြေလျင်တပ်စုတစ်စုကို ဦးဆောင်တိုက်ပွဲဝင်နိုင်အောင် စစ်ပညာရပ်တွေကို လေ့ကျင့်ပေးခဲ့သလို ဆေးပညာရပ်မှာ စစ်မြေပြင်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်သူပညာရှင်များ ဖြစ်တဲ့အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒါ့ကြောင့် ရဲဘော်တို့အနေနဲ့ သင်ကြားပေးတဲ့ပညာရပ်များကို လက်တွေ့ လုပ်ငန်းခွင်က ရရှိလာမယ့်အတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး “ကျွမ်းကျင်ကူညီဆေးစစ်သည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တပ်မတော် သားမိသားစုဝင်တွေ၊ တိုင်းရင်းသားပြည်သူလူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  အပြည့်အဝ ဆောင်ရွက် ပေးသွားရမှာပဲဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည်။ ထိုသို့တာဝန်ထမ်းဆောင်ရာတွင် အဓိကလိုအပ်ချက်မှာ ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်နေရေးဖြစ်သည်။ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကောင်းမွန်စေရန် တစ်ဖက်တစ်လမ်းက တာဝန်ယူနေကြသူများမှာ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြစ်သည်။ ထိုတပ်ဖွဲ့ဝင်များသည် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ ဆိုသည့် နာငါးနာနှင့် ပြည့်စုံကြသူများဖြစ်ကြသည်။ သူတို့သည် မိမိတို့ဝါသနာအလျောက် ကိုယ်တိုင်ဆန္ဒပြုကာ တပ်မတော်သို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ အကာအကွယ်ပေးရေး လုပ်ငန်းများသည် စစ်မြေပြင်တွင်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထိခိုက်ဒဏ်ရာရသူများကို အကောင်းမွန်ဆုံးဆေးဝါးကုသမှု ပေးနိုင်ခြင်းသည် တိုက်ပွဲစစ်သည်များအတွက် စိတ်ဓာတ်ရေးရာကိုများစွာ အထောက်အကူပြုသည်။ သူတို့ကျွမ်းကျင်သော အတတ်ပညာဖြင့် ထိရောက်စွာပြုစု ကုသပေး နိုင်ခြင်း သည် စစ်ပွဲအောင်နိုင်ရေးရည်မှန်းချက်ကို ပြီးမြောက်စေသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် လူနာများကို မိတ်ဆွေကဲ့သို့ ဆက်ဆံခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာ တရားရှိခြင်း စသည့် သူနာပြုကောင်းတစ်ဦး၏ ပြုမူပြောဆိုဆက်ဆံပုံများသည် လူနာများအတွက် ဝေဒနာတစ်ဝက် သက်သာစေ သည်။

ဆေးဝန်ထမ်းတပ်ဖွဲ့၏ “ကျန်းမာ ကြံ့ခိုင် တိုက်နိုင်ရန်” ဟူသောဆောင်ပုဒ်ကို ဦးထိပ်ထားကာ မိမိတို့ကျွမ်းကျင်တတ်မြောက်ခဲ့သည့် သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ နည်းပညာရပ်များကို အကျိုးရှိရှိအသုံးချရင်းနိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားပြုရသည့် ကျွမ်းကျင်ကူညီ ဆေးစစ်သည်ကောင်းများအဖြစ် ကြိုးစားကျင့်ကြံနေထိုင်ကြရပေမည်။ သူနာပြုခြင်းသည် လွန်စွာမွန်မြတ်သော လုပ်ငန်းစဉ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အချို့သောပြည်သူ့ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများသည် ရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရသော လူနာကိုမျက်ကွယ်ပြုကာ သက်ဆိုင်ရာဆေးရုံများကို စွန့်ခွာခဲ့ကြ သည်။ ဝန်ထမ်းကျင့်ဝတ်၊ ဆရာဝန်၊ သူနာပြုကျင့်ဝတ်များကို ဖောက်ဖျက်ခဲ့ကြသည်။ သူတို့၏လုပ်ရပ်ကြောင့် ပြည်သူများ ကျန်းမာရေး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ၏ မွန်မြတ်သောစိတ်ဖြင့် ကူညီခဲ့မှု ကြောင့် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေတွင် တပ်မတော်သည် ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်နေလျက်ရှိရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းနှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းဆင်းများသည်လည်း တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပါဝင်ကြရပေတော့မည်။ အများကောင်းကျိုးရွက်သယ်ပိုးမည့် လက်ရုံးရည်၊ နှလုံးရည်နှင့် ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်သူများအဖြစ် ဂုဏ်ပြုရေးသားလိုက်ရပေသတည်း။   ။