ဖွံ့ဖြိုးတိုးတက်လာနေသောကိုကိုးကျွန်း

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၃၁  ရက်)

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဆိုးလွန်းသောလူဆိုးလူမိုက်များအား ပြစ်မှုထင်ရှား၍ ပြစ်ဒဏ်ချမှတ်ရာတွင် တစ်သက်တစ် ကျွန်းပြစ်ဒဏ် ချမှတ်သည်များ ရှိခဲ့ဖူးသည်။ တစ်သက်တစ်ကျွန်း ချမှတ်သောနေရာသည် ကိုကိုးကျွန်းဒေသဖြစ်သည်။ ကိုကိုးကျွန်း ဒေသသည် သွားလာမှုခက်ခဲပြီး ရာသီဥတုကလည်း ဆိုးရွားလွန်းလှသည်။ ထိုစဉ်အခါက ကိုကိုးကျွန်းဆိုသည်နှင့် အဆိုးမြင်ဖြင့်သာ သိရှိကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့ခြင်းကြောင့်လည်း ကိုကိုးကျွန်းသည် တစိမ်းပြင်ပြင်ကဲ့သို့ဖြစ်နေခဲ့သည်။ ယခုအခါ တပ်မတော်အနေဖြင့် ကိုကိုးကျွန်းဒေသဖွံ့ဖြိုး တိုးတက်သာယာစေရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်နေခြင်းကြောင့် ကိုကိုး ကျွန်းဒေသသည် သာသာယာယာနှင့် နေချင်စဖွယ်မြို့တစ်မြို့ဖြစ်လာခဲ့ပြီဖြစ်သည်။

“ကိုကိုးကျွန်းဒေသသည် ယခင်ကသွားလာရေးနှင့် စားသောက်ရေးတို့တွင် များစွာအခက်အခဲများရှိခဲ့ကြောင်း၊ထို့ကြောင့် မိမိ တပ်မတော်”ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်မှစ၍ ကိုကိုးကျွန်းဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို အမြဲမပြတ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ယခင်ကထက်များစွာ တိုးတက်ပြောင်းလဲလာပြီဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကျန်းမာရေးတို့အတွက် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၈ ရက်နေ့ ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် အမှာစကားပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ကိုကိုးကျွန်းဒေသကို ဖွံ့ဖြိုးတိုးတက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အစဉ်အဆက်လိုအပ်သည်များ ပံ့ပိုးဖြည့် ဆည်း ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ နယ်မြေခံရေတပ်စခန်း ဌာနချုပ်အနေဖြင့်လည်း ကိုကိုးကျွန်းနေပြည်သူများနှင့် ကုန်စည်များအား တပ်မတော်မှရေယာဉ်၊ လေယာဉ်များဖြင့်အပတ်စဉ်၊ လစဉ်အခမဲ့ပို့ဆောင်ပေးလျက်ရှိသည်။ ထိုသို့ပို့ဆောင်ပေး နေသည့်အတွက် ဒေသဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူလျက်ရှိသည်။ နယ်မြေခံတပ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတို့ အတူတကွဝိုင်းဝန်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေခြင်းကြောင့် ကိုကိုးကျွန်းဒေသသည် လျင်မြန်သော အရှိန်အဟုန်နှင့် တိုးတက်မှုဆီသို့ ဦးတည်လာနေပြီဖြစ်သည်။ ကိုကိုးကျွန်းဒေသ ဒေသခံလူထု၏ ကျန်းမာရေး အခြေအနေများနှင့် လိုအပ်ချက်များကို အတွင်းကျကျသိရှိနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပိုမိုပေးနိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများကိုအလှည့်ကျစနစ်ဖြင့်မဟုတ်ဘဲ နှစ်ကာလအပိုင်းအခြားဖြင့် ထားရှိမည်ဖြစ်ကြောင်းသိရှိရသည်။ သို့မှလည်း လုပ်ငန်း တာဝန်များကို ဖိဖိစီးစီးဖြင့် အပြည့်အဝ ထမ်းဆောင်နိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပိုမိုရင်းနှီးနွေးထွေးသော ဆက်ဆံမှုကောင်းရှိလာနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ကာကွယ်ထိန်းချုပ်မှု၊ ကာကွယ် ဆေးထိုးနှံမှု၊ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့မှုကြောင့် ကိုကိုးကျွန်းဒေသတွင် ရောဂါပိုးအတည်ပြုလူနာတစ်ဦး တစ်ယောက်မျှ မရှိခဲ့ကြောင်း၊ တပ်မတော်၏ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုတို့ကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး ကောင်းမွန်တိုးတက်နေခြင်းဖြစ်ကြောင်း သိရှိရသည်မှာလည်း ဝမ်းသာဖွယ်သတင်းကောင်းဖြစ်သည်။

ဒေသတစ်ခု တိုးတက်ဖွံ့ဖြိုးရေးတွင် လူသားအရင်းအမြစ်များ လုံလောက်စွာရှိနေရေးသည်လည်း လိုအပ်ချက်တစ်ခုဖြစ်သည်။ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းပညာများကိုပြီး မြောက်သည်အထိ သင်ကြားနိုင်ရေးကို မိဘဆရာ တိုင်းက အလေးထားရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုကို ပိုမိုတိုးတက်ရေးကိုလည်းကြိုးစားကြရမည်ဖြစ်သည်။ ပညာသင်ကြားရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားပညာရေးစီမံကိန်း (နှစ်-၃၀) အား ယခင်က အတိုင်းဆက်လက် သင်ကြားဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောင်းသားများအား ပညာသင်ကြားရာတွင် အတန်းပညာများအား အမှန်တကယ်တတ်မြောက်ရန် လိုအပ်သကဲ့သို့ အသိပညာများရှိစေရန်အတွက်လည်း စာအုပ်စာပေများ ဖတ်ရှုလေ့လာစေရေး တိုက်တွန်းဆောင်ရွက်ရန်လည်းလိုအပ်ပေသည်။

နိုင်ငံတော်အကြီးအကဲသည် ကိုကိုးကျွန်းမြို့ အုန်းနှင့်အုန်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိပြီး အုန်းဆီစက်ရုံ၊ အလှဆင် ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းနှင့် အုန်းဆံကြိုးစက်ရုံတို့အတွင်း လှည့်လည်ကြည့်ရှုသည်။ အုန်းထွက်ပစ္စည်းများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းများနှင့်ပေါင်းစပ်၍ ယခုထက်ပိုမိုထုတ်လုပ်ပြီး စီးပွားဖြစ်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့်ထုတ်ကုန်များအားဈေးနှုန်းသက်သာစွာထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။ အနှစ်ချုပ် ဆိုရသော် နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲညီညီပူးပေါင်းဆောင်ရွက်မှုကြောင့် ကိုကိုးကျွန်းဒေသကြီး သည့်ထက် ပိုမိုတိုးတက်လာတော့မည်ဖြစ်ပါကြောင်း။   ။