လွတ်လပ်ရေးကိုကာကွယ်ထိန်းသိမ်းကြရန်

ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာသောအခါမှသိရှိရသလို လွတ်လပ်ရေး၏တန်ဖိုးကို လွတ်လပ်ရေး ဆုံးရှုံးရသောအခါမှ ပိုမိုနားလည်ကြရသည်။ လူတစ်ဦးစီသည် ကျန်းမာရေးကို ဂရုစိုက်ရသလို နိုင်ငံ တစ်နိုင်ငံ၏ လွတ်လပ်ရေးကို လူတိုင်းဂရုစိုက်ရမည် ဖြစ်သည်။ လွတ်လပ်ရေးဆိုသည်မှာ အမှုမဲ့ အမှတ်မဲ့ နေလိုက်မည်ဆိုလျှင် တစ်ခဏအတွင်း ဆုံးရှုံးသွားနိုင်သော်လည်း ထိုလွတ်လပ်ရေး ပြန်လည်ရရှိရန်တိုက် ယူရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည်။ ထောင်ပေါင်းများစွာ အသက်သွေးနှင့် စတေးခံပြီး ရယူခဲ့ရခြင်း ဖြစ်သည်။ ယခုအခါကမ္ဘာ့အလယ်မှာ မြန်မာတို့ထည်ထည်ဝါဝါ ပြည့်ဝဝိုင်းစက်သော လမင်းကြီးပမာ နေထိုင်နိုင်ကြသည်မှာ လွတ်လပ်ရေး ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုလွတ်လပ်ရေး ပြန်လည်မဆုံးရှုံးစေရေးအတွက် ပြည်သူတစ်ရပ်လုံးက ကာကွယ်ကြရမည်။ စောင့် ရှောက်ကြရမည်။ မြတ်နိုးကြရမည်။ အမျိုးသားတို့ညီညွတ်ကြရမည်။ အမျိုးသမီးတို့ညီညွတ်ကြရမည်။ ညီညွတ်ခြင်းသည် အောင်မြင်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးလူကြီးများက ဒို့တာဝန်အရေးသုံးပါးကို သတ်မှတ်ပေးခဲ့သည်။ ယနေ့ခေတ်သည် နည်းပညာ တိုးတက်လာမှုနှင့်အတူ နိုင်ငံတိုင်းအတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထူးထိန်းသိမ်း ကာကွယ်ကြရမည်ဖြစ်သည်။ လွန်ခဲ့သည့် ကာလများကဲ့သို့ စစ်ပွဲများ တိုက်ရိုက်ဆင်နွှဲခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့သြဇာခံသူလျှို သို့မဟုတ် သြဇာခံအစိုးရတစ်ရပ် ပေါ်ပေါက်အောင်ဖန်တီးခြင်းဖြင့် ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ကာ လွတ်လပ်ရေးကို ချုပ်ကိုင်သော နည်းလမ်းကို အသုံးပြုလာကြသည်။ ဤနည်းလမ်းကို အများပြည်သူတို့ သတိမထားမိလျှင် နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှသည်။

မိမိတို့၏ ဘိုးဘွားများ သက်စွန့်ကြိုးပမ်း ရယူပေးခဲ့သည့် လွတ်လပ်ရေးမှာ နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် ခေတ်အဆက်ဆက်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်ခံနိုင်ရေးအတွက် ဖြစ်ပါသည်။ သူ့ကျွန်ဘဝ၏ ခါးသီးနာကြည်းဖွယ်ရာများ ကိုယ်တွေ့ကြုံခဲ့သည့်အတွက် နောင်လာနောက်သားတို့ ဤအဖြစ်ဆိုးမျိုးမကြုံစေချင်သော စေတနာလည်း ပါဝင်သည်။ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော ပြည်သူများဘဝကို လက်ရှိအခြေအနေတွင် ခံစားကြရသလို နောင်မျိုးဆက်သစ်များ လက်ထက်တွင်လည်း လွတ်လပ်ရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများမှ တစ်ပါတီတည်းကြီးစိုးရေး လုပ်ရပ်များသည် လွတ်လပ်ရေး ဆုံးရှုံးမှုလမ်းကြောင်းဆီသို့ ဦးတည်လုပ်ဆောင်ခြင်း ဖြစ်သည်။

ထင်ရှားသော သက်သေတစ်ခုကိုဖော်ပြရလျှင် ပြည်သူအများကလုံးဝလက်မခံနိုင်သော အိုင်စီဂျေ တရားရုံးကိစ္စကို ဆက်လက်အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံတွင် မရှိသော လူမျိုးတစ်မျိုးအမည်ကို ခွင့်ပြုမည်။ တပ်မတော်ကို ဖြိုခွဲမည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ယနေ့တိုင်လည်း လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်အင်အားမရှိလျှင် တိုင်းပြည်သည်လည်း အင်အားယုတ်လျော့မည်မှာ အမှန်တရားဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံရေး အပြောင်းတစ်ရပ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ရန် ဖြစ်မလာသောအခါ တိုင်းပြည်ပျက်စီးရေးကို ရည်ရွယ်လုပ်ဆောင်လာသည်။ NUG၊ CRPH၊ PDF အမည်တို့ဖြင့် အကြမ်းဖက်ဖျက်ဆီးမှု ပေါင်းစုံလုပ်ဆောင် လာသည်။ စာရင်းဇယားနှင့် ခိုင်ခိုင်မာမာ ဖော်ပြရလျှင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ အကြမ်းဖက်မှု ၃၇၅၁ ကြိမ် ရှိခဲ့သည်။ အကြမ်းဖက်သူ ၁၄၉၂ ဦး ကို လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိသည်။   လူသတ်အကြမ်းဖက်သူတွေကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာတွင် အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်းမျိုးစုံ  ၁၆၁၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲရေး ပစ္စည်းတွေကို  အချိန်မီ ဖော်ထုတ်တားဆီးနိုင်ခဲ့သည်။

တပ်မတော်နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဖော်ထုတ်မှုတွေကြောင့် အကြမ်းဖက်အဖွဲ့မှာ အဓိက ပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ပြီး ဖြစ်စဉ် ၁၅ ကြိမ်တွင် ဖမ်းဆီးရမိသူ ၂၇၂ ဦး၊ လက်နက်မျိုးစုံ ၂၂၈ လက်၊ ခဲယမ်းမျိုးစုံ ၂၇၂၂၈ တောင့်၊   မိုင်းနှင့်လက်ပစ်ဗုံး ၂၈၆ လုံး သိမ်းဆည်း ရမိခဲ့သည်။ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အချို့ကလည်း  ထိုအကြမ်းဖက်သမားတို့ကို ကူညီနေသည်မှာ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်နေသည်။ ထို့ထက်ပို၍ ဆိုးရွားသည်မှာ အနောက်နိုင်ငံအချို့က မြန်မာ့ပြည်တွင်းရေးကို သတင်းအမှားများနှင့် ဝင်ရောက်စွက်ဖက်မှု ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် လွတ်လပ်ရေး မဆုံးရှုံးစေရေးအတွက် အဖျက်မှန်သမျှ တိုက်ထုတ်ပြီး လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။