လွတ်လပ်ရေးအမွေ အမြဲတည်တံ့ပါစေ

လွတ်လပ်ရေးအမွေ အမြဲတည်တံ့ပါစေ

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ  ၄ ရက်)

ယနေ့သည်ကား မြန်မာတစ်မျိုးသားလုံး ဝမ်းသာရွှင်ပြုံးပျော်မဆုံး ဖြစ်ရသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ နယ်ချဲ့တိုင်းတစ်ပါး၏ နှစ်ပေါင်း ၁၂ဝ ကျော်လွှမ်းမိုး အုပ်ချုပ်ခံရခြင်းမှ လွတ်ကင်းပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ကိုလိုနီ လက်အောက်ခံအဖြစ် မလွတ်လပ်သော ဘဝတွင် နိုင်ငံသူနိုင်ငံသားတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် ခြယ်လှယ်ကုပ်သွေးစုပ် လွှမ်းမိုးခြင်းခံခဲ့ရသည်။ ထိုအချိန်က ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့လူပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်လှပါသည်ဟူ၍ ပြည်သူတို့စိုးရိမ်စွာ နေခဲ့ကြရသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထောင်သောင်းသိန်းသန်းမကသော တိုင်းရင်းသားတို့၏ အသက်သွေးချွေးများ စတေးခဲ့ရသည်။

မြန်မာ့သမိုင်းတွင် ကိုယ်ပိုင်တပ်မတော် တစ်ရပ်ပေါ်ပေါက်လာခြင်း၊ ထိုတပ်မတော်သို့ အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်လွှတ် တိုက်ပွဲဝင်ခဲ့ကြခြင်း၊ ပြည်သူတစ်ရပ်လုံးကလည်း တပ်နှင့်ပြည်သူလက်တွဲ ညီစွာ ပူးပေါင်း တိုက်ပွဲဝင်ခဲ့မှုများကြောင့် လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။ ညီညွတ်ခြင်းသည် အင်အားဆိုသည့်အတိုင်း ညီညီညွတ်ညွတ် တိုက်ပွဲဝင်နိုင်ခဲ့ခြင်းကြောင့် လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။ ထိုလွတ်လပ်ရေး တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ရန်မှာလည်း စည်းလုံးညီညွတ်ကြရန် လိုပေသည်။ သို့သော် လွတ်လပ်ရေး ရရှိပြီးသည်နှင့်မြန်မာနိုင်ငံတွင် လူမျိုးစွဲ၊ ဝါဒစွဲ စသည့်အမျိုးမျိုးသော အစွဲတို့ဖြင့် စည်းလုံးညီညွတ်မှုပြိုကွဲကာ လက်နက်စွဲကိုင် ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့သည်။ ရရှိပြီးသော လွတ်လပ်ရေး မဆုံးစေရန် တပ်မတော်က အားသွန်ခွန်စိုက်ကြိုးပမ်း ထိန်းသိမ်းနေရသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်း(၇ဝ)ကျော် လွတ်လပ်ရေး ထိန်းသိမ်းမှုခရီးမှာ ပန်းခင်းသောလမ်း မဟုတ်ခဲ့ပေ။

ခရာဆူးတောများနှင့် ခယောင်းလမ်းအသွယ်သွယ်၊ အန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ဖြတ်သန်းလာ ခဲ့ရခြင်းဖြစ်သည်။ လှိုင်းကကြီး၊ ရေကဆန်၊ မုန်တိုင်းက ထန်သည့်ကာလများစွာကိုလည်းကြုံတွေ့ခဲ့ရသည်။

အမျိုးသားစည်းလုံးညီညွတ်မှုအားနည်းခြင်းကြောင့် တည်ငြိမ်အေးချမ်းမှု နည်းပါးခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ တိုင်းရင်းသားညီနောင်အချင်းချင်း ငြင်းခုံရန်ပြုနေမှုနှင့် အချိန်ကုန်ခဲ့ကြရသည့်အတွက် လူအား၊ ငွေအား၊ အရင်းအမြစ်များ အလဟဿပြုန်းတီး ဆုံးရှုံးကာ ခရီး မတွင်ဘဲ ရှိနေခဲ့သည်ကို သင်ခန်းစာယူကြရမည်ဖြစ်သည်။

မြန်မာတို့ကံကောင်းသည်မှာ နိုင်ငံတွင် လွတ်လပ်ရေး ဆုံးရှုံးတော့မည့် အခြေအနေနှင့်ကြုံတိုင်း အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ဦးဆောင်ပါဝင်နိုင်ခြင်းဖြစ်သည်။ တပ်မတော်သည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များအား ဖယ်ရှားတိုက်ဖျက်ရန် အစဉ်အမြဲအသင့် ရှိနေသည့်အတွက် လွတ်လပ်ရေးပြန်လည် မဆုံးရှုံးခြင်းဖြစ်သည်။ ယနေ့အချိန်အခါတွင် ပြည်တွင်းမှ တိုင်းပြည်ကို ဖျက်ဆီးသူများနှင့် ပြည်ပအားကိုး အမျိုးသားသစ္စာဖောက်များအား အကြောင်းပြု၍ ပြည်ပမှဝင်ရောက် စွက်ဖက်နိုင်ရန်၊ အချုပ်အခြာ အာဏာကို ထိပါးစော်ကားရန် ကြိုးပမ်းလုပ်ဆောင်နေသည်။ မမှန်ကန်သော သတင်းအမှား၊ အတည်မပြု နိုင်သော သတင်းအမှားများကို အသုံးပြုကာ မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်နေခြင်းမှာ မြန်မာတို့အပေါ် စေတနာကောင်း ထားရှိခြင်းမဟုတ်ဘဲ ပျက်စီးရေးကိုသာ ရှေးရှု လုပ်ဆောင်ခြင်းဖြစ်သည်။

နိုင်ငံ၏လွတ်လပ်ရေး တည်တံ့ခိုင်မြဲ ရှည်ကြာရေးသည် နိုင်ငံသားတိုင်း၏ ပင်မတာဝန်ဖြစ်ပေရာ မည်သည့်အစိုးရ လက်ထက်၊ မည်သည့်ဝါဒလမ်းစဉ်ကို ကျင့်သုံးသည်ဖြစ်စေ ပိုင်နက်နယ်မြေ ဆုံးပါးယုတ် လျော့မှုမရှိစေရေး ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံနှင့် ပတ်သက်၍ပြည်ပစွက်ဖက်မှု၊ လွှမ်းမိုးမှု၊ အကျပ်ကိုင်မှုများကို ဆန့်ကျင်ဖယ်ရှားနိုင်မှသာ ရရှိထားသော လွတ်လပ်ရေးသည် တည်တံ့မည်ဖြစ်ပေသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်တွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား အားလုံး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံပေါ်ထွန်းလာစေရေး။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍တိုင်းရင်းသား အားလုံး စည်းလုံးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်ရေး။ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေး ဟူ၍ သတ်မှတ်ထားပါသည်။

လွတ်လပ်ရေးဟူသည် နိုင်ငံတော်သီချင်းတွင် ဖော်ပြပါရှိသည့်အတိုင်း တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ-တို့ပြည်-တို့မြေ-များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်-တို့ပြည်-တို့မြေ-ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေဆိုသည့်အတိုင်း ထိန်းသိမ်းကြရန်ဖြစ်သည်။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသည့် တာဝန်ဝတ္တရားများနှင့်အညီ နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသား ပြည်သူလူထု၏အကျိုးကိုသာ အစဉ်ရှေးရှုဆောင်ရွက်နေပြီး နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်

အေးချမ်းပြီး သာယာဝပြောရန်နှင့် စားရေရိက္ခာ ဖူလုံစေရန် ဆောင်ရွက်နေပါသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း နိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်ဖြင့် လွတ်လပ်ရေးဟူသော ပြည်ထောင်စုအမွေ အမြဲတည်တံ့ရေး ထိန်းသိမ်း ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။