ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်း

နိုင်ငံတော်တွင်လွတ်လပ်ရေးနေ့သို့ ရောက်လေတိုင်း နိုင်ငံတော်အကြီးအကဲက ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။ ယခုနှစ်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့အတူမွန်းလွဲပိုင်းတွင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ချီးမြှင့်ခံရသူများထံ ဆုတံဆိပ်များပေးအပ်ခဲ့သည်။ ဤသည်မှာ ချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်သည့်အတွက် ကောင်းခြင်းမင်္ဂလာ ဖြစ်ပါသည်။

နိုင်ငံတော်က ပေးအပ်လာသော တာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ကျေကျေပွန်ပွန် ထမ်းဆောင်သူများ ဖြစ်ကြသည့်အတွက် သက်ဆိုင်ရာဘွဲ့တံဆိပ် အသီးသီးချီးမြှင့်ခြင်းမှာ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းဖြစ်သည်။ စွမ်းအားဆိုသည်မှာ လုပ်ကိုင်ဆောင်ရွက်နိုင်သော အင်အားဖြစ်သည့်အတွက် လက်ရုံးရည်ဟု ဆိုနိုင်ပါသည်။ စွမ်းရည်ဆိုသည်မှာ လုပ်ကိုင်ဆောင်ရွက်နိုင်သောအရည်အချင်းဖြစ်သည့်အတွက် နှလုံးရည်ဟု ဆိုနိုင်ပါသည်။ လက်ရုံးရည် နှလုံးရည်ရှိပြီး မိမိ၏ အသက်ကိုမငဲ့ဘဲ ပေးဆပ်ရဲ၊ စွန့်လွှတ်စွန့်စားရဲသူ၊ ရဲဘော်ရဲဘက်စိတ်ရှိပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက်နိုင်သူများအနက်မှ ယင်းတို့၏ ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံတော်နှင့် တပ်မတော်က အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်သည်။

ပေးအပ်သောဂုဏ်ထူးဆောင်ဘွဲ့များမှာ နိုင်ငံတော်အတွက် ထူးကဲစွာ ဆောင်ရွက်သူများ၊ အကျိုး ဆောင်သူများ အားချီးမြှင့်သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များတွင် အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့တို့ဖြစ်သည်။ တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာဘွဲ့များတွင် အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့တို့ဖြစ်ကာ စွမ်းဆောင်မှုဆိုင်ရာဘွဲ့များတွင် သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့တို့ဖြစ်သည်။ ထိုဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်း ခံရသော ပုဂ္ဂိုလ်၏ အမည်ရှေ့တွင် ဖော်ပြ ခေါ်ဝေါ်သုံးစွဲခွင့် ရှိခြင်းသည်လည်း နိုင်ငံသားတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဂုဏ်ဒြပ်တစ်ခုပင် ဖြစ်သည်။

တပ်မတော်သားစစ်သည်တော်တိုင်း လိုက်နာပြုကျင့်ရသည့် စစ်သည်တော်ကျင့်ဝတ်အပါး (၆၀)တွင် ပထမဆုံးသော အချက်မှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ ဟူသောကျင့်ဝတ်ဖြစ်သည်။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေခြင်းမှာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏မြေထု၊ ရေထု၊ လေထုပိုင်နက်နယ်မြေကို မယုတ်မလျော့ရအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရခြင်း၊ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် အမျိုးသားအကျိုးစီးပွားကို တည်ဆောက်ကာကွယ်ခြင်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရခြင်းတို့ ပါဝင်သည်။

နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်တွင် တပ်မတော်၏ စွမ်းဆောင်မှုများသည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများတွင်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်ကြောင့် ပေါ်ပေါက်လာခဲ့ရသော ခွဲထွက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် လွတ်လပ်ရေးဆုံးရှုံးရန် လက်တစ်ကမ်းအလိုတွင် တပ်မတော်က ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်များနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် အမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကိုပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့မှုသည် ထင်ရှားသော သမိုင်းမှတ်တိုင် ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီးချိန်မှစပြီး မျက်မှောက်ကာလ လက်ရှိအခြေအနေသို့ ရောက်ရှိသည့်တိုင်အောင် တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်ခဲ့ကြောင်း ထင်ရှား သည့်အပြင် ယနေ့တိုင်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲလျက် ရှိသည်မှာ စွမ်းဆောင်ရည် မြင့်မားသော တပ်မတော်သားတို့ရှိနေခြင်းကြောင့်ဖြစ်သည်။ တပ်မတော်သားတို့သည် မိမိတို့ကိုယ်ပိုင်ဆန္ဒဖြင့် အများအကျိုးသယ်ပိုးလိုစိတ်၊ စွန့်စားလိုစိတ်တို့ကိုအခြေခံကာ စစ်မှုထမ်းဆောင် နေခြင်း ဖြစ်သည်။ ထိုအခြေခံစိတ်ဓာတ်ကောင်းများကိုမူတည်ပြီး လက်တွေ့ပြောင်မြောက်သည့် ရဲစွမ်းသတ္တိကိုပြသ နိုင်ခဲ့သူများသည် နိုင်ငံတော်နှင့်တပ်မတော်အတွက် သူရဲကောင်းများပင်ဖြစ်သည်။

နိုင်ငံတော်နှင့် တပ်မတော်က နှစ်စဉ်နှစ်တိုင်း သူရဲကောင်းတို့၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုချီးမြှင့် နေခြင်းမှာ နိုင်ငံသားတိုင်းမိမိနိုင်ငံကို ကာကွယ်လို စိတ်ရှင်သန်ထက်မြက်နေရန် ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးမှာ နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်ဖြစ်ပေရာ ဂုဏ်ပြုခံသူရဲကောင်းများကဲ့သို့ လူငယ်လူရွယ်တိုင်း ငါ့နိုင်ငံတော် ငါ့နိုင်ငံသားတို့ကို ငါတို့လည်းကာကွယ်မယ်ဟူသော စိတ်မွေးမြူကြ စေချင်သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေးစွမ်းအားစု တည်ဆောက်ပိုင်ဆိုင်ခြင်း ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း ခံရသူများကို ဝမ်းသာအားရ ဂုဏ်ပြုပါကြောင်းနှင့် ယနေ့လူငယ်များ အနေဖြင့်လည်း အားကျဂုဏ်ယူစိတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ကြပါရန် ရေးသားလိုက်ရပေသည်။   ။