စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားလျက်ရှိသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိလျှင် ပြည်ထောင်စုပြိုကွဲသွားနိုင်ပါသည်။ ထိုအခါ  အချုပ်အခြာအာဏာဟူသော လွတ်လပ်ရေးတည်တံ့ခိုင်မြဲမှုကို ထိခိုက်တော့မည်မှာ အမှန်ပင်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ကို ယူခဲ့ရသည်မှစ၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ခဲ့သည်။ ထိုသို့ချမှတ်ခဲ့ရာတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟူ၍ ဖော်ပြထားသည်။ ထိုအချက်ကို ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက် နှစ်ခုစလုံးတွင် ထည့်သွင်းထားသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးစားပေးထားခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့ နှစ်ဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက် ယခုနှစ်ဟာ စိန်ရတုအကြိုကာလဖြစ်ပါတယ်။ ဒါကြောင့် ၇၅ နှစ်တာကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုမိုခိုင်မာစေဖို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟူ၍ ထည့်သွင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအပေါင်းတို့သည်  အေးအတူပူအမျှ  အတူတကွ လက်တွဲနေထိုင်ခဲ့ သည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာမှ ယနေ့တိုင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့တို့၏လွှမ်းမိုး အုပ်ချုပ်ခြင်းခံရစဉ်  တောင်ပေါ်နှင့်မြေပြန့်နယ်မြေပိုင်းခြားအုပ်ချုပ်ခြင်း၊  လူမျိုးရေးခွဲခြားခံရခြင်းတို့ဖြင့် မိသားစုအချင်းချင်း သွေးခွဲခြင်းခံခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များမှာ ယနေ့တိုင်ပျောက်ကင်းခြင်း မရှိသေးပေ။

နိုင်ငံတစ်နိုင်ငံတွင်လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့်ဆုံးရှုံးမှု မရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်သည်။

စောင့်ရှောက်ရန် တာဝန်ရှိကြောင်းကိုလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၃ တွင် ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပြီးနောက်  နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သည့် သွေးခွဲခဲ့မှုကြောင့် တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမ အချင်းချင်းတို့အကြား ယုံကြည်မှု လျော့နည်းခဲ့ပြီး သံသယစိတ်များဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာရသည်။ ထို့ပြင် နိုင်ငံရေး အယူအဆနှင့် အယူဝါဒကွဲပြားမှု အမျိုးမျိုးကြောင့်လည်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုပဋိပက္ခများအား ဖြေရှင်းနေရသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။

ထို့ကြောင့်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည်  စုပေါင်းညီညာစွာဖြင့်  မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ကြရမည် ဖြစ်သည်။ လက်ရှိအခြေအနေတွင် ပြည်ပနိုင်ငံအချို့၏ မတရားသွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကိုလည်း အမြဲသတိပြုကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် နှောင့်ယှက်နေခြင်းသည် မြန်မာတို့ကောင်းကျိုးကို လိုလား၍ မဟုတ်ကြောင်း လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသည်များက သက်သေပြလျက်ရှိပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်ဘာသာ၊ သာသနာတို့အပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ တည်တံ့နေအောင် ကြိုးစားကြရမည် ဖြစ်ပါသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည်  စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ပေးရန် ဦးဆောင်ကြိုးပမ်းလျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်အဖြစ် နိုင်ငံတော် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်သာယာဝ ပြောရေးဆိုရာ၌ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပေရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းဖြင့် အဆိုပါရည်မှန်းချက်သို့ ရောက်ရှိအောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။  သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရက သက်ဆိုင်သူအဖွဲ့အစည်း အားလုံးငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။