ဘေးဘယာတွေဝေးကွာကြပါစေ

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ရပ်မှန်ကို ဖြစ်ရပ်အမှန်အတိုင်း မြင်အောင်မလေ့လာခြင်း၊ သိရှိအောင်မကြိုးစားခြင်းတို့ကြောင့် တိုင်းပြည်ပျက်စီးအောင် ဖျက်ဆီးနေကြသူများ၏ စကားကို လူငယ်အချို့နားယောင်ကာ အမှားလမ်းသို့ လိုက်ပါသွားကြသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် လူငယ်များနှင့် အချို့သောဝန်ထမ်းများ၏ ဘဝနောင်ရေးပျက်စီးတော့မည်ကို ကြိုမြင်သောကြောင့် နေ့စဉ်နေ့တိုင်း ညစဉ်တိုင်းတွင် သတင်းစာနှင့် ရုပ်မြင်သံကြားများက သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ပေးလျက်ရှိသည်။ ထိုသတင်းထုတ်ပြန်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်လျက်ရှိသော သတင်းပင်ဖြစ်သည်။

မိမိနေရပ်ဒေသ အသီးသီးမှ စွန့်ခွာတိမ်းရှောင်နေသူများသည်လည်း မိမိတို့နိုင်ငံသားများ ဖြစ်သောကြောင့်ပြန်လည် ဝင်ရောက်လာကြရန် မေတ္တာတရားကြီးမားစွာ ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ များစွာသော လူငယ်လူရွယ်တို့ ပြန်လည်ဝင်ရောက်လာကြသလို မိမိအမှားကို မိမိတို့ သိမြင်ကြသော CDM လုပ်ဆောင်ခဲ့သော ဝန်ထမ်းများသည်လည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြသည်။ ထိုသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက် ပေးလျက်ရှိသည်။

CRPH နှင့် NUG  အမည်ခံ အကြမ်းဖက် အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက် မျိုးစုံဖြင့် ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို ဘာသာရေးအသိဉာဏ်မဲ့ကာသတ်ဖြတ်ခြင်း၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊

ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံအလုပ်ရုံများနှင့်တာဝါတိုင်များအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

အကြမ်းဖက်အဖျက်သမားတို့၏ လုပ်ရပ်ကို ပြည်သူတစ်ရပ်လုံး စက်ဆုပ်ရွံရှာလျက်ရှိနေပြီ ဖြစ်သည့်အတွက် ပြည်သူများက နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် ဖမ်းဆီးရမိသော လူ၊ လက်နက်၊ ခဲယမ်းမီးကျောက်များမှာ လွန်စွာပင် များပြားလှသည်။ မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ ဆိုစကားအတိုင်းပြေးလို့ မလွတ်နိုင်ပါ။    ပြေးနိုင်ခဲ့သော် အချိန်ပိုင်းတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ လက်ရှိအနေအထားတွင် NLD ပါတီမှ အကြမ်းဖက်အုပ်စုတစ်စုသာ ပြည်ပနိုင်ငံတွင် ခိုလှုံပြီး သတင်းအမှားများဖြင့် လူငယ်လူရွယ်တို့ကိုအသေခံခိုင်းနေခြင်းဖြစ်သည်။ လူမှုကွန်ရက်တွင်အကောင့်အတုများဖြင့် PDF တို့ အောင်မြင်ကြောင်းသတင်းများ ထုတ်လွှင့်ပေးနေသည်ကို ထိုလူငယ်တို့က အမှန်ထင်ကာ မိုက်ရူး ရဲပြုမူနေကြခြင်း ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံပျက်စီးရေးကို  တစိုက်မတ်မတ်လုပ်ဆောင်နေသော အနောက်နိုင်ငံအချို့က အကြမ်းဖက်သမားတို့၏ ပြည်ဖျက်လုပ်ရပ်သတင်းများကို ဖုံးကွယ်ဖာထေးပေးထားပြီး ထိုအကြမ်းဖက် လုပ်ရပ်များသည် ပင်မှန်ကန်သော လုပ်ရပ်များအဖြစ် ထင်မြင်လာအောင် ပုံဖော်နေခြင်းမှာလည်း  (NLD/PDF)တို့၏ဘဝကို ပိုမိုပျက်စီးအောင် ဖျက်ဆီးနေကြခြင်း ဖြစ်သည်။ အကြမ်းဖက် အဖျက်သမားတို့၏ လုပ်ရပ်သည် တစ်ပါတီအကျိုးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွား အတွက် အမှန်လုပ်ဆောင်လိုလျှင် ထိုသို့သော အကြမ်းဖက်လုပ်ရပ်များ လုံးဝမလုပ်သင့်ပေ။ အထူးသဖြင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်ရာနိုင်ငံ ဖြစ်သည့်အတွက် ဘာသာရေးနှင့် ပတ်သက်၍ တိုက်ခိုက်ခြင်းမျိုးကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အထူးသဖြင့် ဆရာတော်၊ သံဃာတော်များကို သတ်ဖြတ်ခြင်း မျိုးသည် ဤနိုင်ငံတွင် လုံးဝ(လုံးဝ) မပြုလုပ်သင့်သောအရာ ဖြစ်သည်။

အကယ်၍ ဘုန်းတော်ကြီးတစ်ပါးသည် ရပ်ရွာလူထုအတွက်ကိုးကွယ်စရာ အနေအထားမရှိသည်ဖြစ်အံ့၊ ထိုဘုန်းတော်ကြီးနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ သတင်းပေးလျှင်  သက်ဆိုင်ရာက အမှန်အတိုင်းစုံစမ်း စစ်ဆေးအရေးယူပေးမည်သာ ဖြစ်သည်။ လက်တွေ့ဥပမာအားဖြင့် ဇန်နဝါရီ ၈ ရက်က သာသနာ့ အရေခြုံကာ သံဃာ့ဝိနည်းနှင့်အညီ ကျင့်ကြံနေထိုင်ခြင်း မရှိဘဲ သာသနာညှိုးနွမ်းစေရန် လုပ်ဆောင်ခဲ့သော မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ ပြည်တော်သာကျောင်းတိုက်မှ ဦးဇဝန(ခ)ဇာနည်ကိုကိုအား ဖမ်းဆီး ရမိသော သတင်းကြားသိရသည်။ အချက်အလက်အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် ဖော်ထုတ်တွေ့ရှိ ခြင်းဖြစ်သည်။ မည်သည့်ပြည်သူကမျှ ထိုဘုန်းကြီးကို သတ်ဖြတ်သည်အထိ ရန်မရှာခဲ့ပေ။ တရားဥပဒေ အရသာ ရင်ဆိုင်ခိုင်းခဲ့သည်။ အနှစ်ချုပ်ဆိုရသော် NLD ပါတီအတွက် လမ်းမှားသို့ရောက်နေကြသော PDFလူငယ်လူရွယ်တို့ဖြစ်ရပ်မှန်သတင်းမှန်ကိုကြားသိ၍  မိဘရင်ခွင်သို့ပြန်လည်ရောက်ရှိနိုင်ကြပါစေ။ ရဟန်း ရှင်လူပြည်သူတစ်ရပ်လုံးသည်လည်း CRPH, NUG နှင့် PDF အကြမ်းဖက်သမားတို့၏ ရန်မှကင်းဝေးကာ ဘေးဘယာတွေဝေးကွာကြပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။