ရွေးကောက်ပွဲမတိုင်မီ အီရန်အပေါ် အရေးယူပိတ်ဆို့မှုသစ်များချမှတ်နိုင်ရန် ကြိုးစားနေသည့် ဒေါ်နယ်ထရမ့်

အမေရိကန်၌ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ဒေါ်နယ်ထရမ့်က အီရန်အပေါ် အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်နိုင်ရန် ကြိုးစားလျက်ရှိသည်။ လုံခြုံရေးကောင်စီတွင် အီရန်၏ စစ်လက်နက် တင်သွင်းခွင့်ကို ထပ်မံသက်တမ်းတိုးရန်ကြိုးစားသည့် မအောင်မြင် ခြင်းနောက် အမေရိကန်အနေဖြင့် သီးခြားအရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်ရန် ပြင်ဆင် လာခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် အမေရိကန် အကြီးအကဲတစ်ဦး၏ ရိုက်တာသတင်းဌာနသို့ ပြောကြား ချက်အရကနဦး အီရန် ထိပ်တန်းပုဂ္ဂိုလ် နှစ်ဒါဇင်ခန့်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်   ပြင်ဆင်နေခြင်းနှင့် အီရန်ရေနံတင်ပို့မှုကို သုညအထိရောက်ရန်ထရမ့်က ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ အီရန်၏ အဓိကဝင်ငွေက ရေနံတင်ပို့မှုမှ ရခြင်းဖြစ်သောကြောင့် နျူကလီးယား စမ်းသပ်မှုများနှင့် ဒုံးကျည် စမ်းသပ်မှုများကို ရေနံတင်ပို့မှုသာမရှိတော့လျှင် အီရန်တို့ စစ်ရေးခေါင်းထောင် နိုင်မည်မဟုတ်ဟု ထရမ့်ယူဆသည်။

ထို့ကြောင့် အိုဘားမားလက်ထက် ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်မှ ထရမ့်က ၎င်းသမ္မတဖြစ်လာချိန်တွင် နုတ်ထွက်ခဲ့ကာ အဖြေရှာမရနိုင်ခဲ့သည့် အီရန်၏ အငြင်းပွားဖွယ် ဒုံးကျည်စမ်းသပ်မှုများကြောင့်ဟု အကြောင်းပြထားသည်။ အီရန်နျူကလီးယားသဘောတူ စာချုပ်တွင် ယူရေနီယံသန့်စင်မှုကိုသာ အဓိကဦးစားပေးခဲ့ကြပြီး နျူကလီးယား လက်နက် တစ်ခု ဖြစ်မလာစေရန် ကမ္ဘာ့အင်အားကြီးငါးနိုင်ငံတို့ ကြိုးစားသည့်အနေဖြင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ကာ ဒုံးကျည်စမ်းသပ်မှုများကို တစ်ဆင့်ချင်း အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုအချက်ကို ထရမ့်က မကျေမနပ်ဖြစ်ကာ သဘောတူညီချက်မှ နုတ်ထွက်ပြီး ၂၀၁၈ ခုနှစ် မေလက အီရန်အပေါ် အရေးယူပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်ခဲ့တော့သည်။ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကြောင့် ကျဆင်းနေသည့် အီရန်စီးပွားရေး ၂၀၁၇ ခုနှစ်တွင် ချက်ချင်းမြင့်တက်လာကာ စီးပွားရေး တိုးတက်မှုနှုန်း ၁၂ ဒသမ ၃ ရာခိုင်နှုန်း အထိ ရောက်ခဲ့ သည်။

အီရန်စီးပွားရေးကို ဘီလီယံနှင့်ချီသည့် နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုများနှင့် ဥရောပ သမဂ္ဂဖြင့် တိုက်ရိုက်ချိတ်ဆက်ထားသော ဘဏ်စနစ်နှင့် တရားဝင်နိုင်ငံတကာဖြင့် ကုန်သွယ်ခွင့်ရခြင်းကြောင့် တိုးတက်ခဲ့ကာ ရေနံစိမ်းတစ်ရက်တင်ပို့မှုကလည်း ထိုအချိန်က နှစ်သန်းကျော်အထိရှိခဲ့သည်။ ထို့ကြောင့် အီရန်ဘဏ္ဍာရေးကဏ္ဍ အတိုင်းအတာတစ်ခုအထိ   တောင့်တင်းလာကာ ထရမ့်က ထိုအချက်ကို အမြင်မကြည်ပေ။

နောက်ဆုံး အီရန်နှင့် စီးပွားရေးလုပ်လျှင် အမေရိကန်ဈေးကွက်သို့ ဝင်ခွင့်ပေးမည် မဟုတ် ဆိုသည့် ကြေညာချက်ဖြင့် ၂၀၁၈ ခုနှစ်က တစ်ချက်လွတ်ကြေညာချက်ဖြင့် အီရန်နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများကိုပိတ်စေခဲ့ကာ ဘဏ်လုပ်ငန်းများကိုလည်း ပြန်လည်ကန့် သတ်မှုများနှင့် ကုန်သွယ်ရေးကိုလည်း ထပ်ပိတ်ခဲ့သည်။

ထို့ကြောင့် တိုးတက်စပြုနေသော အီရန်စီးပွားရေး ချက်ချင်းကျဆင်းသွားရပြန်ကာ တစ်ရက် လျှင် ရေနံစိမ်းစည်ပေါင်း သုံးသန်းကျော်ထုတ်ပြီး စည်နှစ်သန်းကျော် တင်ပို့ ရာမှ ၂၀၁၉ ခုနှစ်အရောက်တွင် တစ်ရက်လျှင် စည်နှစ်သန်းကျော် ထုတ်နိုင်ကာ ၂၀၂၀ ပြည့်နှစ် အရောက်တွင် တစ်ရက်လျှင် ရေနံတင်ပို့နှုန်း စည် ၆၀၀၀၀၀ ကျော်သာ ရှိတော့သည်။   ထို့ကြောင့် ထရမ့်၏ အရေးယူပိတ်ဆို့မှုများက အီရန်အစိုးရအတွက် အမေရိကန်ဒေါ်လာ  ဘီလီယံ ၆၀ ကျော်အထိ နစ်နာစေခဲ့ကာ အီရန်တို့လည်း ယူရေနီယံသန့်စင်မှုများကို ပြန် လည်စတင်ရန် စိုင်းပြင်းလာပြန်သည်။

ထရမ့်၏ အရေးယူပိတ်ဆို့မှုကြောင့် အီရန်၌ အလုပ်လက်မဲ့နှုန်း ၁၇ ရာခိုင်နှုန်း အထိ မြင့် တက်ခဲ့ကာ ထောင်နှင့်ချီသည့် အစိုးရဆန္ဒပြပွဲများလည်း ချက်ချင်းပေါ်လာတော့သည်။   ထိုအချိန်တွင် အီရန်တို့ ကိုရိုနာဗိုင်းရပ်ဂယက်နှင့်ပါ ထပ်မံရင်ဆိုင်ရသောအခါ   အီရန်စီးပွား ရေးတိုးတက်မှု သုညအထိရောက်သွားခဲ့ကာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ချေးယူခဲ့ရသည် အထိဖြစ်လာသည်။

ထို့ကြောင့် ထရမ့်၏ရည်ရွယ်ချက် ထိရောက်သည်ဟုဆိုနိုင်ကာ ယခုလည်း နောက်ထပ် ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်ရန် ထရမ့်က ၎င်းသက်တမ်းမကုန်မီ ကြိုးစားလာပြန်သည်။

သို့သော် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်ချက်မှာ အမေရိကန်၏ အဓိကမဟာမိတ်များဖြစ် သည့် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့ ကန့်ကွက်မဲပေးခဲ့ကြကာ ရုရှား၊ တရုတ် တို့နှင့်အတူ  အီရန်ဘက်က ရပ်တည်ခဲ့ကြသည်။ ထရမ့်က ထိုအချက်ကို လက်မခံဘဲ ကုလသမဂ္ဂမပါဘဲ ၎င်းကိုယ်တိုင် အရေးယူပိတ်ဆို့မှုများချမှတ်မည်ဟု ထိုအချိန်ကတည်းက ကြုံးဝါးခဲ့ခြင်းဖြစ် သည်။

ယခု ထိုအချိန်ကို ရောက်ရှိလာပြီဖြစ်သည်။ သို့သော်လည်း ပြင်သစ်၊  ဗြိတိန် နှင့် ဂျာမနီတို့က ထရမ့်အနေဖြင့် လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်မပါဘဲ တစ်ဦးတည်း ထိုဆုံးဖြတ်ချက်များကို   ချမှတ်၍မရဟု အသီးသီးကြေညာ ချက်ထုတ်ပြန်ထားကာ ရုရှားကလည်း အမေရိကန် ဆုံးဖြတ်ချက်က တရားမဝင်ဟုဆိုထားသည်။ သို့သော် အမေရိကန်၏ စီးပွားရေးဈေးကွက် အင်အားကြီးမားမှုက မဖြစ်နိုင်သည့်အရာများကို မထင်မှတ်ထားသည့်အချိန်တွင် လုပ်ပြနိုင် စွမ်းရှိသည်။

ထရမ့်က ထိုအချက်ကို သိသည့်အတွက် အီရန်အပေါ်သို့ ကုလသမဂ္ဂသာမက ဥရောပ သမဂ္ဂနှင့်ပင် ထိပ်တိုက်တွေ့ပြီး သီးခြားအရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ကြိုးစားနေခြင်း ဖြစ်ကာ အီရန်သမ္မတ ရိုဟာနီက ယခုတစ်ကြိမ် ထရမ့်၏ ကြိုးပမ်းချက်များက အောင်မြင် လိမ့်မည် မဟုတ်ဟု တုံ့ပြန်ထားပြီး  ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂသာမက ရုရှားနှင့် တရုတ် တို့ကပါ ၎င်းဘက်က ပါလာသောကြောင့် ဖြစ်သည်။

သို့သော် အီရန်အပေါ်ထရမ့်၏ အရေးယူပိတ်ဆို့မှုများက နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲပြီး လျှင် အပြောင်းအလဲ များစွာဖြစ်ပေါ်လာနိုင်သည်။ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်က ၎င်းသာ သမ္မတဖြစ်လာလျှင် အီရန်အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို နိုင်ငံတကာဥပဒေနှင့်အညီ ဖယ်ရှားပေးမည်ဟု ဆိုထားပြီး ၂၀၁၅ အီရန်နျူ ကလီးယား သဘောတူစာချုပ်ထဲသို့လည်း ပြန်လည်ဝင်ရောက်မည်ဟု ကြေညာထားပြန် သည်။

ထို့ကြောင့် ထရမ့်က သမ္မတရွေးကောက်ပွဲမတိုင်မီ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် ကြိုးစားနေခြင်းဖြစ်ကာ ယခုတစ်ကြိမ်တွင် ၎င်းထင်ထားသည်ထက် လွယ်ကူမည် မဟုတ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။    

ရှိန်းထက်

Ref;CNN