မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၇) အပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် တိုက်စစ်မှူးဆာဆက် ဆက်လက်ဦးဆောင်

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၇)အပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် ဧရာဝတီယူနိုက်တက် အသင်းတိုက်စစ်မှူး ဆာဆက်က သွင်းဂိုး ၁၄ ဂိုးဖြင့် ဆက်လက် ဦးဆောင်ထားသည်။

ပွဲစဉ် (၁၆) အထိ ဂိုးသွင်းအများဆုံး စာရင်းတွင် ဦးဆောင်ထားသည့် တိုက်စစ်မှူး ဆာဆက် သည် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်သည့် ရခိုင်ယူနိုက်တက်အသင်းနှင့်ပွဲတွင် ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိသော်လည်း ပြိုင်ဘက်များက ၎င်း၏သွင်းဂိုးအရေအတွက်ကို မမီသေး သည့်အတွက် ဂိုးသွင်းအများဆုံးစာရင်းတွင် ဆက်လက်ဦးဆောင်ထားခြင်း ဖြစ်သည်။

ပွဲစဉ် (၁၇) တွင် ဟံသာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး အီမီကာနှင့် ဘစ်ဆာတို့လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ သွင်းဂိုး ၁၂ ဂိုးစီဖြင့် ဂိုးသွင်းအများဆုံး ဒုတိယနေရာ၌   ပူးတွဲ ရပ်တည်နေကြောင်း သိရသည်။

၎င်းတို့နောက်၌ ယခုတစ်ပတ်တွင် သွင်းဂိုးလေးဂိုးအထိ သွင်းယူခဲ့သည့် စစ်ကိုင်း ယူနိုက် တက်အသင်းတိုက်စစ်မှူး ပက်ထရစ်က သွင်းဂိုး ၁၁ ဂိုးဖြင့် ဂိုးသွင်းအများဆုံး တတိယ နေရာသို့ ရောက်ရှိလာပြီး ရတနာပုံ အသင်းတိုက်စစ်မှူး ဝင်းနိုင်စိုးက သွင်းဂိုး ၁၀ ဂိုးဖြင့် စတုတ္ထနေရာ၌ ရပ်တည်နေသည်။

ပွဲစဉ် (၁၇) အပြီး ဧရာဝတီယူနိုက်တက် အသင်းသည် ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၃၇ မှတ်ဖြင့် အဆင့် (၂)၊ ရှမ်းယူနိုက်တက် အသင်းက ရမှတ် ၃၅ မှတ်ဖြင့် အဆင့်(၃) နေရာ၌ ရပ်တည် နေသည်။ ပွဲစဉ် (၁၈) ကို စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ