ဘာစီလိုနာကွင်းလယ်ကစားသမား ဗီဒယ် အင်တာမီလန်သို့ ပြောင်းရွှေ့မည်

မီလန်၊ အပြောင်းအရွှေ့

ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ် ကျန်နေသေးသော်လည်း အသင်းမှ  အလွတ် ထွက်ခွာခွင့်ပေးလိုက်သော ချီလီဝါရင့်ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်သည်  စက်တင်ဘာ ၂၀ ရက်က လေယာဉ်ဖြင့် မီလန်မြို့သို့ ရောက်လာပြီး အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဗီဒယ် ပြောင်းရွှေ့ခြင်းကို ဗီဒယ်ကဲ့သို့ပင် ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ပြုထားသော ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်က တွစ်တာတွင် နှုတ်ဆက်ဂုဏ်ပြုစကား ရေးတင်ခဲ့သည်။ ဆွာရက်ဇ်က “ခင်ဗျားနဲ့ အသင်းဖော်၊ သူငယ်ချင်း၊ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်။ ထူးချွန်တဲ့ ကစားသမားတစ်ယောက်နဲ့အတူ မျှဝေခွင့်ရခဲ့တာတွေက ကျေနပ်စရာပါ။ နောက် တစ်ဆင့်မှာ အားလုံးပိုမိုအဆင်ပြေပါစေ”ဟု ရေးတင်ခဲ့သည်။

ဗီဒယ်သည် ၂၀၁၈ ခုနှစ်တွင် ဘိုင်ယန်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့လာခဲ့ပြီး ဘာစီလိုနာ အတွက်  ၉၅  ပွဲကစားကာ ၁၁ ဂိုးသွင်းပေးခဲ့သည်။                              

Ref:Marca