မေး။ ။ဆရာကြီးရှင့်။ ကန်တော့ပါနော်။ သမီးကအသက် ၃၃ နှစ်ကျော်ပါပြီ။ ဆီးသွားရင် အဖြူအနည်တွေအများကြီးပါပါတယ်။ ဆီးခွက်နဲ့ခံထားရင်တောင် တွေ့ရပါတယ်။ အိမ်သာခွက်ထဲဆို ရေမဆွဲဘဲထားရင် အဖြူအဖတ်များ မကြာခဏ တွေ့ရပါတယ်ရှင့်။
ဘာဆေးမှီဝဲသင့်ပါသလဲရှင့်။
ဖြေ။ ။ ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းမှာ ကျောက်တည်ချင်ရင်လည်းဖြစ်တတ်ပါတယ်။ တွင်းရေ၊ ကန်ရေမသောက်ဘဲ ရေသန့်ကိုသောက်ပါ။ ရေသန့်မရရင်ရေကို အနည်ထိုင်ထားပြီး ကျိုချက်သောက်ပါ။ နံနက်ရေမချိုးမီ အုန်းစိမ်းရည် သောက်ပါ။ ဆန်ဆေးရည်အကြည်တစ်ဖန်ခွက် နေ့စဉ်သောက်ပါ။ ငါးပြေမနှင့် စောင်းလျားသီး ဟင်းချက်စားပါ။ ရေရှည်မှာမသက်သာရင်တော့ ဆီးနှင့်ကျောက်ကပ်အထူးကုပြပြီး ဆီးစစ်သင့်ပါတယ်။
မေး။ ။ဆရာ ဆေးကုလားမက ဆီးအတွက်ကောင်းပါသလားဆရာ။ တစ်နေ့ ဘယ်နှကြိမ်လောက်သောက်ရမလဲဆရာ။ ကျောက်ကျောအမည်းနဲ့တည့်လားရှင့်။
ဖြေ။ ။ ဆီးကောင်း၊ ဆီးကြည်စေပါတယ်။ တစ်နေ့တစ်ကြိမ် မတ်ခွက်တစ်လုံးစာသောက်ပါ။ ကျောက်ကျောနဲ့ရောသောက်တာက အလေ့အထပါ။
မေး။ ။ ဆရာခင်ဗျ။ ကျွန်တော့်သမီးလေးက ၁၄ လရှိပါပြီ။ ညဉ့်နက်ပိုင်းရောက်ရင် ကျောတွေ၊ ခေါင်းတွေပူလာပြီး လှိမ့်လှိမ့်နေပါတယ်။ နေ့ခင်းကျ အကောင်းပါ။ ဘယ်လိုလုပ်ရမလဲ အကြံပေးပါဦးဆရာ။
ဖြေ။ ။ သနပ်ခါးအမြစ်ကို သံပရာရည်နှင့်သွေးကလေးတစ်ကိုယ်လုံး လိမ်းပေးပါ။ ကွမ်းရွက်ကို အရည်ညှစ်ယူအုန်းဆီနဲ့ရော ငယ်ထိပ်ကိုလိမ်းပေးပါ။
မေး။ ။ ဆရာရှင့်။ အူအတက်ရောင်တယ်ဆိုတာ ဘယ်လိုပါလဲ။ သမီးက ဝမ်းချုပ်တဲ့အခါဆိုရင် ဝမ်းဗိုက်ညာဘက် အခြမ်းက စူးစူးပြီးအောင့်ပါတယ်။ သူများတွေက အူအတက်ရောင်တာလို့ ပြောကြလို့ပါရှင့်။
နှိပ်ကြည့်ရင်လည်း ညာဘက်ချက်တိုင်ဘေးက နာပါတယ်။ ဝမ်းမချုပ်တဲ့ရက်တွေ ဆိုရင်တော့ မနာပါဘူးရှင့်။
ဘယ်လိုဆင်ခြင်ရမယ်ဆိုတာ ပြောပြပေးပါရှင့်။
ဖြေ။ ။ အူအတက် သို့မဟုတ် အူသိမ်နဲ့အူမကြီး ဆက်တဲ့နေရာမှာ အူအတက်ရှိပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်အခြမ်း ချက်တိုင်နဲ့ပေါင်ရှေ့ထိပ်ကြားမှာ ထောက်ကြည့်လို့နာရင် အူအတက်ရောင်တာပါ။ အူအတက်ရောင်တိုင်း ခွဲစိတ်ဖို့မလိုပါဘူး။ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ရင် ပျောက်ပါတယ်။ အူအတက်နေရာ ဗိုက်ညာဘက်ခြမ်းကို ကျားမနိုင်နွယ်မြစ်သွေးလိမ်းပါ။ ပရဆေးဆိုင်မှာဝယ်ရပါတယ်။ ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ ရေနွေးမတ်ခွက်တစ်လုံးမှာ သံပရိုသီးတစ်လုံး လေးစိတ်စိတ်ထည့်၊ ပျားရည်ဟင်းစားဇွန်းနှစ်ဇွန်းထည့်အုပ်ထားပါ။ အေးမှသောက်ပါ။ အူရောင်၊ အစာအိမ်ရောင်ရောဂါ လက်တွေ့ပျောက်ပါတယ်။
မေး။ ။ဆရာကြီးရှင့်။ တစ်ခုလောက်မေးပါရစေ။ ဆေးလိပ်သောက်သူတွေအတွက် ဆေးလိပ်မဖြတ်ခင် အဆုတ်ကို ပြန်လည်ကျန်းမာလာအောင် ဘာဓာတ်စာစားသုံးသင့်ပါသလဲရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါ။
ဖြေ။ ။ ကန်စွန်းရိုးနီ(ကုန်းကန်စွန်း)ရွက်ကို များများစားပေးပါ။ အသက်ရှူလေ့ကျင့်ခန်းလည်းလုပ်ပါ။ ပတဲကောကြီး အမှုန့်ကို ဟင်းချက်ရာမှာ ထည့်သုံးပေးရင်လည်း အဆုတ်အတွက် အကျိုးပြုပါတယ်။
မေး။ ။ ဆရာကြီးရှင့်။ အသက် ၄၇ နှစ်ရှိပါပြီ။ ပူချင်ရင်ပူအေးချင်ရင်အေး ညချွေးပြန်ပြီးအိပ်လို့မပျော်လို့ပါ။ ဘာဆေးများသောက်ရမလဲ ညွှန်ပေးပါရှင့်။
ဖြေ။ ။ အမျိုးသမီးဆိုရင် သွေးဆုံးဆေးသောက်ရမှာပါ။ တိုင်းရင်းဆေးအမှတ်(၁၆) အပူငြိမ်းသွေးဆေးသောက်ရင်လည်း သင့်လျော်ပါတယ်။
မေး။ ။ ဆရာကြီးခင်ဗျာ။ မိုးရေချိုးခြင်းမှာ ဘာအပြစ်ရှိပါသလဲ ဖြေကြားပေးပါခင်ဗျာ။
ဖြေ။ ။ မိုးရေချိုးရင် မိတ်ပျောက်တယ်လို့အဆိုရှိပါတယ်။ အသက် ၅၀ ကျော်သူတွေကတော့ မချိုးသင့်ပါ။
မေး။ ။ အရင်က အရက်နေ့တိုင်းသောက်ပါတယ်။
လက်ဖျားနှစ်ဖက်ထုံနေပါတယ်။ ဆေးနည်းလေးပေးပါ ဆရာ။ အသက် ၄၄ နှစ်ပါ။
ဖြေ။ ။ ဆင်တုံးမနွယ်မြစ်ကို ထန်းလျက်နဲ့ကျိုသောက်ပါ။ပဲရာဇာဟင်းချိုချက်သောက်ပါ။ အစာမစားဘဲ အရက်မသောက်ပါနဲ့။ ဆရာဝန်နဲ့တိုင်ပင် အားဆေးသွင်းပြီး အရက်ဖြတ်ဖို့ကြိုးစားပါ။
မေး။ ။ ဆရာကြီးရှင့်။ ကျွန်မအမေက အသက် ၆၂ နှစ်ပါ။ အမေက ဘိန်းမုန့်ရောင်းတာ ရှစ်နှစ်လောက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ ဘိန်းမုန့်ရောင်းတာကို ရပ်နားထားလိုက်တာပါ။ ဘိန်းမုန့်ဖုတ်တဲ့ဒဏ်ကြောင့် အပူဒဏ်၊ အညှော်ဒဏ်တွေနဲ့ ခုမှလျှာမှာ အနာပေါက်လာပါတယ်။ ကြာလာရင် ပါးစပ်ကင်ဆာဖြစ်မှာစိုးရိမ်လို့ ဆောင်ရန်၊ ရှောင်ရန်နှင့် ဆေးနည်းလေးသိချင်ပါတယ်ရှင့်။ လောလောဆယ်တော့ မန်ကျည်းသီး၊ ဆားခါး၊ ထန်းလျက်အစစ ်ဖျော်ပြီး ညဘက်သောက်ခိုင်းထားပါတယ်ရှင့်။ ဖြေကြားပေးပါဦးနော်။
ဖြေ။ ။ ပျားရည်နဲ့နနွင်းရောစပ် လျှာမှာသိပ်ပေးပါ။ ပိစပ်ရွက်ကိုပြုတ်ပြီး ငုံထွေးပေးပါ။ ခြေလေးချောင်းသားရှောင်စားပါ။ ညှော်လည်းရှောင်ပါ။ အစပ်လည်း မစားပါနဲ့။ အိန္ဒိယနွယ်ချို အချောင်းလေးတွေ ပရဆေးဆိုင်မှာ ဝယ်ဝါးပေးပါ။ ရှောက်ရည်နဲ့ ပျားရည်သောက်ပါ။
မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်တော့်ဘယ်လက်က လက်ချောင်းတွေက နံနက်အစောကြီးဆိုရင် လက်သီးဆုပ်လို့မရအောင် တင်းတင်းကြီးဖြစ်နေတယ်။ အဲဒါအရိုးအကြော ဆရာဝန်သွားပြတော့ လက်ကောက်ဝတ်အရွတ်နဲ့အာရုံကြော ငြိနေတယ်လို့ ပြောတယ်ဆရာ။
ဒါပေမဲ့ အခုထိတော့မသက်သာသေးလို့ပါ။ ဆေးနည်းလေးပြောပေးပါဆရာ။
ဖြေ။ ။ ဇက်ကျီးပေါင်းစစ်ကြည့်ပါ။ ခေါင်းအုံးအမြင့်အိပ်ရင် ကျီးပေါင်းနဲ့လက်ကိုဆင်းတဲ့အကြောပိမိပြီး လက်ကျဉ်တာ၊ လက်ကပ်တာဖြစ်တတ်ပါတယ်။
မေး။ ။ ဆရာရှင့်။ ဖီးကြမ်းငှက်ပျောသီးစားပြီးရင် ဝမ်းဗိုက်ထဲမှာနေလို့မကောင်းပါဘူး။ အစာအိမ်ရောဂါနဲ့ မတည့်ဘူးလားရှင့်။ ဖြေကြားပေးပါနော်။
ဖြေ။ ။ အစာအိမ်ရောင်ရင် ငှက်ပျောသီးက အအေးစာမို့ မတည့်ဘူးထင်ကြတယ်။ မတည့်တာမဟုတ်ပါဘူး။ အအေးစာကို အပူစာဖြစ်အောင် ဖီးကြမ်းငှက်ပျောသီးမီးဖုတ်စားပါ။ ဖီးကြမ်းငှက်ပျောသီးရဲ့အခွံမှာကပ်နေတဲ့ အမြှေးကလေးများဟာ အစာအိမ်က အချွဲအမြှေးလေးများ ပြန်ဖြစ်ဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။
အစာအိမ်ရောင်တာကိုလည်း ကျစေနိုင်ပါတယ်။ အချို့က ဖီးကြမ်းငှက်ပျောသီးအမှည့်ကို အပြင်ခွံမည်းအောင် မီးကင်ပြီး ပူတုန်းစားပါတယ်။ အချို့က ပျားရည်ဆမ်းစားပြီး အစာအိမ်အတွက် အနာကျက်စေတယ်လို့ ဆိုပါတယ်။ အားနည်းသူများဟာ ဖီးကြမ်းငှက်ပျောသီးမှည့်ကို အခွံချွတ်ပြီး နွားနို့နဲ့ပြုတ်စားရင် အားရှိစေပါတယ်။
အစာအိမ်နဲ့လည်းတည့်ပါတယ်။ ဖီးကြမ်းငှက်ပျောသီး အခွံက ထုတ်ထားတဲ့ လေပူကျဆေးဟာ အစာအိမ်လေပွတာကို အလွန်သက်သာစေပါတယ်။
မေး။ ။ ဆရာရှင့်။ သမီးအသက်က၂၃ နှစ်ပါ။ သမီးရဲ့ ဘယ်ဘက်ကျောတစ်ဖက်က ခဏခဏနာတယ်။ ဘယ်ဘက်ခါးအောက်ပိုင်းကလည်း အောင့်တယ်။ ဆီးလည်းခဏခဏသွားတယ်။ ဆေးခန်းသွားတော့လည်း ဆရာဝန်ကဓာတ်မှန်ရိုက်တယ်။ ကျောက်ကပ်ကြီးတယ်လို့ ပြောပါတယ်။ ဆေးသောက်တာလည်း မသက်သာဘူး။ ဆေးခန်းကို ထပ်ပြဖို့ကလည်း ပိုက်ဆံမတတ်နိုင်လို့ပါ။ သမီးကို လမ်းညွှန်ပေးပါဦး။
ဖြေ။ ။ ကျောက်ကပ်ရောင်တာဖြစ်ပါလိမ့်မယ်။ ရေကျက်အေးကျို အအေးခံ များများ သောက်ပါ။ ကျောက်ဖရုံသီးဟင်းချိုနေ့စဉ် သောက်ပါ။ မြင်းခွာရွက်ကို အရိပ်မှာအခြောက်လှန်း လက်ဖက်ခြောက်လုပ်သောက်ပါ။
မေး။ ။ ကျွန်တော့်အဖေမှာ ညအိပ်တဲ့အခါ ခြေထောက်နှစ်ဖက်လုံး (ပေါင်နှင့်ခြေသလုံး) အကြောတက်ပါတယ်။ တစ်နေ့လုံးဘာမှမဖြစ်ပါ။ ညအိပ်ရာဝင်လို့ အိပ်ရာပေါ်လှဲပြီး သိပ်မကြာခင် အကြောတွေ စတက်တာပါ။ အဲလိုဖြစ်ရင် လမ်းထလျှောက်လိုက်မှ ပြန်ပျောက်သွားပါတယ်။ အဲလိုဖြစ်နေတာ တော်တော်ကြာနေပါပြီ။ လိမ်းဆေးတွေလည်းစုံနေပါပြီ။ မသက်သာပါ။ ဆေးနည်းလေးများလမ်းညွှန်ပေးပါဆရာကြီးခင်ဗျာ။
ဖြေ။ ။ ညအိပ်ရာဝင်ခါနီး ဆားနင်းပေးပါ။ ဆားနှစ်ပိဿာလောက် ဇလုံထဲမှာထည့် မိနစ် ၂၀ ကြာအောင် နင်းပါ။ ပြီးလျှင် ဒူးအထက်မှအောက် ရေလောင်းခြေဆေးပေးရင် အပူများထွက်ပြီးအိပ်ရပါလိမ့်မယ်။
မေး။ ။ ဆရာကြီးရှင့်။ ကျွန်မအသက်က ၄၇ နှစ်ပါ။ တစ်နှစ်ကျော်လောက်ပျောက်နေတဲ့ ရာသီသွေးက ပြီးခဲ့တဲ့ လကုန်ခါနီးမှာ ပြန်ပေါ်ပါတယ်။ အဲဒီရက်မှာပဲ မျှစ်နဲ့ဖရုံရွက်ကြော်စားပြီး ရင်ပူနေတာ မပျောက်သေးလို့ပါ။ ဆေးခန်းက ပေးလိုက်တဲ့ အစာအိမ်ဆေးတွေ သောက်ပေမယ့် သက်သာရုံပဲမို့ မြန်မာဆေးလေးသုံးချင်လို့ ကူညီပါဦးဆရာ။ တစ်ခါတလေ ရင်ပူရင် ရင်ဘတ်အပေါ်ပိုင်းတို့၊ လက်ပြင်နှစ်ခုကြားတို့အထိ တရှိန်ရှိန်နဲ့ ခံစားနေရလို့ စိတ်မသက်သာလို့ လမ်းညွှန်မှုလေးပေးပါဦး ဆရာ။
ဖြေ။ ။ ဆန်ဆေးရည်အကြည်တစ်ဖန်ခွက် နံနက်ရေမချိုးမီသောက်ပါ။ ညအိပ်ရာဝင် ရှောက်ရည်နဲ့ ပျားရည်စပ်သောက်ပါ။ သွေးပြန်ပေါ်ရင် တိုင်းရင်းဆေးအမှတ်(၁၆) အပူငြိမ်းသွေးဆေး ညအိပ်ရာဝင် သောက်ပါ။
မေး။ ။ ဆရာရှင့်။ သွေးတွင်း အဆီများနေသော ရောဂါကို ဘယ်လိုစားသောက်နေထိုင် ဆင်ခြင်သင့်လဲ သိပါရစေရှင့်။ ဆရာအသက်ရှည်ကျန်းမာပါစေ။
ဖြေ။ ။ ခြေလေးချောင်းသားရှောင်ပါ။ အသီးအရွက်တွေ ပိုစားပါ။ ကိုယ်ခန္ဓာအလေးချိန်ကိုလျှော့ချပါ။ လမ်းများများလျှောက်ပါ။ နနွင်းနဲ့ပျားရည်ရောနယ် ဆေးလုံးလေးများ ပြုလုပ်စားပါ။ ရွေးကြီးစေ့ခန့် နံနက်သုံးလုံး၊ ညသုံးလုံးစားပါ။
မေး။ ။ ဆရာကြီးခင်ဗျာ။ ကျွန်တော့်အဘိုးကျောပြင်မှာ အမည်းကွက်ပေါ်နေပါတယ်။ ကုသလို့ရပါသလားဆရာ။ သူကလေဖြတ်ထားလို့ ခေါ်လာဖို့ခက်ခဲပါတယ်။ သမင်ဖြူ၊ သမင်နက်ဆိုတာလားမသိဘူးနော်။ လိမ်းဆေးများဝယ်လို့ရပါသလားဆရာ။ ညွှန်ပြပေးပါ။
ဖြေ။ ။ ဖွားဖက်တော်ပင် အခေါက်သွေးလိမ်းပါ။ စန္ဒကူးနီအခေါက်လိမ်းရင်လည်း ရပါတယ်။ ဆေးကျမ်းများမှာ “သမင်ဖြူရက်၊ အကုခက်၊ ဖွားဖက်စန္ဒကူးနီလို့” အဆိုရှိပါတယ်။ သွေးလိမ်းတဲ့အခါ စိတ်ရှည်ရှည်နဲ့ ရက်ရှည်လများ လိမ်းပေးဖို့ လိုအပ်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါ။ ။
ကြည်လွင်မြင့်(မုဒြာ)