ကြီးပွားတိုးတက်လိုလျှင် ပညာသင်

ကြီးပွားတိုးတက်လိုသူတိုင်းသည် ကြီးပွားတိုးတက်လိုစိတ်ဖြင့် ကြိုးစား၍ ကြီးပွားတိုးတက်နေခြင်း ဖြစ်သည်။ ကြီးပွားတိုးတက်လိုပါက ကြိုးစားအားထုတ်မှု ရှိရမည်ဖြစ်ပြီး မိမိတို့၏ကာယစွမ်းအား၊ ဉာဏစွမ်းအားများကို မှန်မှန်ကန်ကန် အသုံးချ၍ ကြီးပွားတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ ကြိုးစားဆောင်ရွက်

မည်ဆိုပါက လူတစ်ဦးချင်း၏ဘဝတိုးတက်အောင်မြင်ပြီး မိမိနေထိုင်ရာ ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူပြုမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိနယ်မြေ ဒေသတိုင်း ဖွံ့ဖြိုးတိုးတက်ရန်မှာ ထိုဒေသရှိလူငယ်လူရွယ်များ အားလုံးပညာရေးကို သင်ကြားတတ်မြောက်ကြရမည် ဖြစ်သည်။ သို့မှသာ မိမိတို့နိုင်ငံတော်သည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အခြားသောနိုင်ငံများနှင့် တန်းတူအဆင့်မှသည် သာလွန်သော အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၅ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ငါးဖမ်းလုပ်ငန်း၊ ငါးပုစွန်မွေးမြူရေး လုပ်ငန်းနှင့်ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပညာရေးအားပေးကြရန် ပြောကြားရာ၌ “ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များရှိရန် လိုအပ်သည့်အတွက် ပညာရေးကို အားပေးကြရန် လိုအပ်မည် ဖြစ်ကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ် ပေးထားကြောင်း၊ ပညာရေးသည် တစ်ဦးချင်း၏ လိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ပညာတတ်များ လိုအပ်ကြောင်း၊ ကလေးငယ်များ ပညာသင်ကြားခြင်းသည် ၎င်းင်းတို့၏ဘဝရပ်တည်ရေးနှင့် တိုးတက်ရေးအတွက် ဖြစ်ပြီး အစိုးရအတွက် အဓိကမဟုတ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းတက် ရောက်စေရေး မိဘများမှ တွန်းတွန်းတိုက်တိုက်ဖြင့် ဆောင်ရွက်စေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိရာ  ဈေးကွက်စီးပွားရေးစနစ်အရ ဝင်ရောက်လာသော လုပ်ငန်းများတွင် မိမိတို့နိုင်ငံသားများ အနေဖြင့်  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရန်လိုအပ်သည်။

လူငယ်လူရွယ်များအနေဖြင့်   ထိုအလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုက်ညီသည့် အတတ်ပညာများ တတ်မြောက် ထားရန်လည်း လိုအပ်ပေသည်။  အလုပ်အကိုင်အခွင့်အလမ်း ပေါသော်လည်း မိမိက ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်မထားခဲ့လျှင် မိမိဘဝတိုးတက်မှု မရှိသလို မိမိဒေသသည်လည်း တိုးတက်လိမ့်မည်မဟုတ်ပေ။

ထို့အတူနိုင်ငံတော်သည်လည်း  တိုးတက်သင့်သလောက်တိုးတက်မည်မဟုတ်ပေ။  ထို့ကြောင့်ပညာရေးကို ဦးစားပေးရန် နိုင်ငံတော်အကြီးအကဲ တိုက်တွန်းမှာကြားခြင်း ဖြစ်သည်။

လူငယ်လူရွယ်တို့အတွက် ပညာရပ်အားလုံး၏ အခြေခံသည်   အတန်းပညာတတ်မြောက်မှုဖြစ်သည်။

အဆင့်ဆင့်သော အတန်းပညာများကို တတ်မြောက်ပြီးမှ မိမိတို့ဝါသနာပါရာ   သမားရိုးကျ စိုက်ပျိုးမွေးမြူရေး ထက် အထွက်နှုန်းတိုးပွားအောင် လုပ်ဆောင်ခြင်း၊ ကုန်ကြမ်းကို ကုန်ချောအဆင့်အထိ ရရှိအောင် ထုတ်လုပ်ခြင်းတို့တွင် မိမိတို့၏ဉာဏအားဖြစ်သော ပညာကို အသုံးပြုရမည် ဖြစ်ပေသည်။ မည်သည့်နေရာမည်သည့် အလုပ်အကိုင်တွင်မဆို ပညာဖြင့်ကင်း၍ လုပ်ဆောင်ခြင်းမျိုး လုံးဝရှိမည် မဟုတ်ပေ။ နည်းပညာ တိုးတက်လာသော ခေတ်ကြီးတွင် လူသားတို့သည် ကာယအားထက်ဉာဏအားကို ပိုမိုအသုံးပြုနေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံသားတိုင်း ကျောင်းနေအရွယ်ကလေးငယ်တိုင်း (KG+9)  (အခြေခံပညာအလယ်တန်းအဆင့်) အဆင့်ပြီးဆုံး သည်အထိ ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  KG+9 သည်  နိုင်ငံတော်အစိုးရ၏ ပညာရေး ရည်မှန်းချက်သာဖြစ်ပြီး  KG+9 ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရန်အတွက် အခြေခံ ရသွားနိုင်ပြီ ဖြစ်ပေသည်။ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့   ဆက်တက်နိုင်မည်ဖြစ်ပြီး ထိုကိစ္စများပြီးမှသာ အထက်တန်းပညာ၊ အဆင့်မြင့်ပညာများ ဆီသွားနိုင်မည် ဖြစ်သည်။

မိဘတိုင်းကမိမိတို့ သားသမီးကို ပညာတတ်ကြီး ဖြစ်စေချင်ကြသည့်အတိုင်း  ဖြစ်အောင် စွမ်းဆောင် ပေးကြရမည် ဖြစ်သည်။ ယခုအခါမြန်မာနိုင်ငံတွင် စာမတတ်မြောက်သူဦးရေ ၁၀ သန်းကျော်ရှိနေကြောင်း ကောက်ယူထားသော စစ်တမ်းများအရ သိရှိရသည်။ နိုင်ငံ့လူဦးရေနှင့် တွက်ဆလျှင် စာမတတ်သူ ဦးရေများပြားနေသည်ဟု ဆိုနိုင်ပေသည်။ စာမတတ်သူများပြားလာခြင်းသည်  အသိဉာဏ်ချို့ယွင်းသူ များပြားလာခြင်း ဖြစ်သည်။

အကောင်းအဆိုးခွဲခြားမှု မရှိဘဲ ဘုန်းတော်ကြီးများ၊ ဆရာ၊ ဆရာမများ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လမ်းတံတားအဆောက်အဦ၊ တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသော အကြမ်းဖက် PDF များဖြစ်ပေါ်လာခြင်းမှာ စာမတတ်သူ များပြားလာခြင်း၏ ဆိုးကျိုးပင်ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် မိမိတို့ဘဝ မြင့်မားတိုးတက်ရေး၊  အကောင်းအဆိုးခွဲခြား သိမြင်နိုင်ရေး၊  မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးမှာ ပညာသည်သာ အဓိကဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။