“ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ်”

ယမန်နေ့မှအဆက်

ပေ ၇၇၀၀ ဆန်းလွတ်ချက်တောင်

သည်တောင်ကြီးကို သူတို့ကျော်နိုင်ပါ့မလား။  ဒေသခံတော်တော်များများက မဖြစ်နိုင်ဘူးဟု ပြောနေကြသည်။ အရှည်လေးမိုင်ခန့်ရှိသော ကျောက်တောင်ကြီး။ ကျွန်တော်တို့ခရီးသွားတွေအတွက်တော့ မဂွေဇကနေ ငါ့လုံဒမ်း(၂၄/ဝ)မိုင်ခရီးကို အဆင်ပြေပြေသွားလာနိုင်ကြပြီ။ မဂွေဇမှစတင်ဖောက်လုပ်လာသော ကားလမ်းက ငါ့လုံဒမ်းအထိပေါက်ပြီ။    ထိုအချိန်မှာသူတို့က ဆန်းလွတ်ချက်ကျောက်တောင်ကြီးကို ကျော်လွှားနိုင်အောင် ဆက်လက်

ကြိုးစားဖောက်လုပ်နေကြဆဲ။ သူတို့ဆိုတာက နယ်စပ်ရေးရာဝန်ကြီးဌာနက အင်ဂျင်နီယာတွေ၊ ဝန်ထမ်းတွေပါသည်။ လမ်းလုပ်သားထဲမှာ  အညာသားတွေလည်း တွေ့ရ၏။ နတလပိုင် ယာဉ်/ယန္တရားတွေကလည်း အများကြီး။ ထူးထူးခြားခြားမိုင်းနှင့် ယန္တရားပညာရှင်တပ်မတော်သားတွေကိုပါ တွေ့နေရသောကြောင့် မေးမြန်းကြည့်သောအခါ မြစ်ကြီးနားအင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိစစ်သည်များဖြစ်ကြောင်း သိလိုက်ရသည်။ ကျောက်တောင်ကိုမိုင်းခွဲချိန်မှာ ကျွန်တော်တို့ကို ဖြတ်သန်းသွားလာခွင့်မပြု   ခေတ္တခဏစောင့်ရပါသည်။ ထိုနေရာမှာ သူတို့ဖောက်လုပ်ချိန် လနှင့်ချီ၍ ကြာသွားသည်ဟု ကျွန်တော်ထင်မြင်မိသည်။ သွားရင်းလာရင်း မျက်မှန်းတန်းပြီး ရင်းနှီးခင်မင်သွားသော နတလဦးစီးဌာနက ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဒီပါမောင်ကိုမေးမြန်းကြည့်ရာ ဒီနေရာက အခက်အခဲဆုံးပဲဗျို့။ တကယ့်ကျောက်တောင်နဲ့လာတိုးနေပြီ။   တစ်ရက်မှာ ၁၀ ပေ လောက်ပေါက်အောင်  ကျားကုတ်ကျားခဲ ချနေရတယ်ဟု   ပြောကြားလာသည်။ ထိုနေရာကား မိုင်တိုင်နှင့်တွက်လျှင် ၃၀ နှင့် ၃၂ အကြား ဖြစ်ပါလိမ့်မည်။

မှတ်မှတ်ရရ ကျွန်တော်တို့ခရီးသွားတွေက ဆန်းလွတ်ချက်တောင်ထိပ်ကို ကွေ့ပေါင်း ၂၉ ကွေ့နေရာမှတက်နေချိန်သူတို့ အဖွဲ့သည် လက်ဝဲဘက် ခပ်လှမ်းလှမ်းရှိက သစ်ပင်နေရာမှ ပတ်၍ခွေ၍ ဖောက်လုပ်နေချိန်ဖြစ်သည်။ မိုင်းခွဲသံတွေကလည်း တဂျိမ်းဂျိမ်း၊ မိုင်းခွဲရင်းဖြင့် ကျောက်တုံးများ ပြိုကျပြီး လမ်းလုပ်သားလေးနှစ်ဦး အသက်ဆုံးရှုံး သွားကြောင်းကိုလည်း စိတ်မကောင်းစွာ  ကြားလိုက်ရသည်။ ကျွန်တော်တို့  ရဝမ်၊ လီဆူ၊ ဂျိန်းဖောနှင့် ခန္တီးရှမ်းတိုင်းရင်းသားများ ကောင်းကျိုးအတွက်အသက်စွန့်သွားရသည့် အညာသားလေးတွေ အထူးပဲစိတ်မကောင်း၊ ဝမ်းနည်းမိသည်၊ ဂုဏ်ယူချီးကျူးကျေးဇူးလည်းတင်မိပါသည်။ ကျွန်တော်တို့တိုင်းရင်းသားတွေမှာ အလေ့အထတစ်ခု ရှိပါသည်။ တောင်အောက်မှပင်ပန်းကြီးစွာ တက်လာကြပြီးနောက် တောင်ထိပ်ရောက်ခါနီး၌ ကျောက်

တုံးငယ် တစ်ခုကို   ကောက်ယူလာကာ တောင်ထိပ်မှာအမှတ်တရစုပုံထားရှိခြင်းဖြစ်ပါသည်။ ကျွန်တော်လည်း ဆန်းလွတ်ချက်တောင်ထိပ်ကို   ဖြတ်ကျော်တိုင်း ခဲတစ်လုံးချခဲ့ဖူးပါသည်။ အောင်မြင်ခဲ့ပြီ။ ကျော်လွှားနိုင်ခဲ့ပြီ ဆိုသည့်သဘော။ သို့သော်၂၀၁၈  ခုနှစ် စက်တင်ဘာလမှာတော့ ကျွန်တော်တို့ အမှတ်တရချထားသော ကျောက်တုံး လေးတွေ ပျောက်ချင်းမလှ ပျောက်သွားပါတော့သည်။   တစ်စုံတစ်ယောက်က  ရွှေ့ပြောင်းယူဆောင်သွားခြင်း မဟုတ်ပါ။ မြေထိုးစက်ကြီးများ၊ မြေကော်မြေညှိစက်ကြီးများ တောင်ထိပ်သို့ ရောက်ရှိလာပြီး ရှင်းလင်းဖယ်ရှားပစ်လိုက်ရာ ပေ၂၀၀ ပတ်လည်ခန့် View Point တစ်ခုဖြစ်သွားပါတော့သည်။ တောင်ထိပ်မှ လှမ်းကြည့်လျှင် မေခမြစ်ကိုလှမ်းမြင်နေရသည်။ ရီဒမ်းကြိုးတံတားကိုတော့ ပြတ်ပြတ်သားသားမမြင်ရ။ ဘာပဲပြောပြော ဆန်းလွတ်ချက်ကျောက်တောင်ကြီးကို သူတို့အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ။

လမ်းတစ်ဝက်ဖွင့်ပွဲကျင်းပ

လမ်းတစ်ဝက်ဖွင့်ပွဲဟု ရည်ညွှန်းလိုက်ရခြင်းမှာ မဂွေဇ-ခေါင်လန်ဖူးကားလမ်းသည် (၆၅/၄)မိုင်ရှိသည်။ ဆန်းလွတ်ချက်တောင်ထိပ်အထိ (၃၃/၆)မိုင် ဖြစ်ပါသည်။

ဖောက်လုပ်ပြီးသမျှ မြေလမ်းပေါ်မှာ တံတားများ တည်ဆောက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်း၊ ကျောက်ခင်းခြင်း၊ ကျောက်စီရေမြောင်းများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပြီးနောက် လမ်းတစ်ဝက်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည်။

ရီဒမ်းတံတားကိုကျော်ခဲ့ပြီ

ဆန်းလွတ်ချက် တောင်ထိပ်အထိလမ်းပေါက်ပြီဆိုတာကို ဒေသခံများကြားနေရသော်လည်း မျက်မြင်ကိုယ်တွေ့မဟုတ်၍ သိပ်မယုံချင်။ ဟော....လက်ရှိရဟတ်ယာဉ်ကွင်းများ ဖောက်ထားသောနေရာဖူလွမ်းကို စက်ယန္တရားကြီးများ ရောက်ရှိလာချိန်မှာ အားလုံးလာရောက် ကြည့်ရှုကြပြီး အံ့သြဝမ်းသာဖြစ်ကြသည်။ သူတို့တစ်သက်  ဒီနေရာမှာ တောင်ယာလယ်ကွက်လေးတွေပဲ အမြဲရှိနေမည်။ ယခုလိုစက်ယန္တရားကြီးများရောက်လာပြီး တူးကြဆွကြ ထိုးကြကော်ကြသည့်မြင်ကွင်းကို မြင်ကြရလိမ့်မည်  ဟူ၍လည်းကောင်း၊ ကားလမ်းကြီးတစ်ခု ဆန်းလွတ်ချက် တောင်ထိပ်ကနေ ဘွားခနဲပေါ်ပေါက်လာမည်ဟူ၍ လည်းကောင်း ဘယ်တုန်းကမှ ထင်မထားကြချေ။ အဆိုပါ ဖူလွမ်းကျေးရွာအနီး (၄၁/ဝ)မိုင် နေရာသည်ပင်လျှင်များ မကြာမီမှာ ကားဂိတ်နေရာ၊ ဆိုင်ကယ်တက္ကစီနေရာဖြစ်သွားပြီး   လူအတက်အဆင်း၊ ကုန်အတင်အချနေရာလေး   ဖြစ်လာခဲ့သည်။

မေခမြစ်ကူး ရီဒမ်းကြိုးတံတား တည်ရှိရာနေရာသည် (၄၃/၁)မိုင်ဖြစ်ပါသည်။ ထိုနေရာသို့အရောက်တွင် စက်ယန္တရားကြီး

များကို ကူးတို့ဖောင်ဖြင့် ဖြတ်ကူးပို့ဆောင်ပေးပြီး လမ်းဆက်ဖောက်ကြသည်ကို တွေ့ရ၏။ မူလက လူနှင့်ဆိုင်ကယ်များသာ ဖြတ်ကူးနိုင်သော ရီဒမ်းကြိုးတံတားကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ပြန်လည်ပြုပြင်ပြီး ကားလေးများ ဖြတ်ကူးနိုင်သည့် ခံနိုင်ဝန်ရသည်အထိ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းပြင် ကုန်စည်စီးဆင်းမှုမြန်ဆန် သွက်လက်စေရန်အတွက် ဆန်အိတ် ၁၂၀ခန့်၊ စက်သုံးဆီဆိုလျှင် ပီပါ ၃၀ ခန့်အထိ တင်ဆောင်ဖြတ်ကူးနိုင်သော စက်လှေတစ်စင်းကိုလည်း မေခမြစ်အတွင်းထားရှိပေးခဲ့သည်။ ကားလမ်းအစပြုရာ မဂွေဇရွာဟောင်းအနီးက ကဆန်ခချောင်းကူးတံတားတည်ဆောက်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက Feasibility study စတင်ဆောင်ရွက်ပြီး မေခမြစ်ကူးရီဒမ်း ကြိုးတံတားနေရာတွင် တံတားကြီးတစ်စင်း တည်ဆောက်ပေးရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ နောင်အနာဂတ်ခေါင်လန်ဖူးဒေသအတွက်ကောင်းလေစွ။

ဂရုဝမ်ကွေ့အလွန်မှာ

ရီဒမ်းမြစ်ကူးတံတားကျော်ပြီး တွေ့ရှိရသော အခက်အခဲဆုံး ချောက်ကမ်းပါးယံနှင့် ချောက်ရှိသော ဂရုဝမ်ကွေ့နေရာ ကားလမ်းဖောက်သည့် အခါ၌လည်း လမ်းအူကြောင်း      အသစ်ရှာရခြင်း၊ မတ်စောက်သောနေရာကို အဆင်ပြေပြေ ဖောက်လုပ်နိုင်အောင် ခွေရ ဝိုက်ရ ပတ်ရခြင်းတို့ကြောင့်   လားဝမ်ထုနှင့်ဂရုဝမ်အကြားမှာ စုစုပေါင်း ၆၇ ရက်မျှဖောက်လုပ်ခဲ့ရကြောင်း သိရသည်။ စောစောကပြောခဲ့သည့်မိုင် ၃၀ နှင့် ၃၂ မိုင်အကြား ဆန်းလွတ်ချက် ကျောက်တောင်ကြီးကို ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီ ၅ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ရက်ပေါင်း ၂၂၇ ရက် မျှကြာအောင်  ကြိုးစားဖောက်လုပ်ခဲ့ရကြောင်းလည်း   ကြားသိခဲ့ရသည်။

ဂရုဝမ်ကွေ့မှာ အတက်  ၆ ထပ် ၇ ကွေ့နှင့်အဆင်း ၇ ထပ် ၈ ကွေ့ဟု ကျွန်တော်တို့က  ခေါ်ကြသည်။  ယခင်ဆိုင်ကယ်လမ်းပဲရှိစဉ်က   ထိုနေရာရောက်လျှင် နောက်ကပါလာသော   လူဆင်းပေးရသည်။ အတက်အဆင်း မတ်စောက်၍ဖြစ်သည်။ ဂရုဝမ်ချိုင့်ဝှမ်း ခေါ် ဂရုဝမ်ကွေ့နေရာသည် ၄၈/၀ မိုင်နေရာဖြစ်၏။

ကားလမ်းဖောက်လုပ်ရေးအဖွဲ့နောက်ဆုံးရောက်ရှိနေသောနေရာမှာ ၄၉/၀ မိုင်ဖြစ်ပေရာများမကြာမီ ခေါ်ဘူဒဲမြို့ဟောင်းနေရာလမ်းခွဲသို့ရောက်ပါတော့မည်။

ခေါ်ဘူဒဲအမှတ်တရ

မချမ်းဘော့၊ နောင်မွန်နှင့် ခေါ်ဘူဒဲတို့သည် တစ်ချိန်က   ကျေးရွာအဆင့်မျှသာ။  ကျွန်တော်လေ့လာမှတ်သားမိ သလောက်ဆိုလျှင်ဖြင့် ၁၉၅၈  ခုနှစ် အိမ်စောင့်အစိုးရတာဝန်ယူပြီး ၁၉၆၀ ပြည့်နှစ်၌ ပူတာအိုနယ်ခြားခရိုင်ဖွဲ့စည်းချိန်မှာ  မြို့အဆင့်သတ်မှတ်ပေးခဲ့သည်။

သို့သော်   ပထဝီအနေအထားအရ ခေါင်လန်ဖူးက ပိုမိုသင့်လျော်ကြောင်း တွေ့ရ၍ ၁၉၉၆  ခုနှစ်တွင် မြို့နယ်ရုံးများကို ခေါင်လန်ဖူးသို့ ပြောင်းရွှေ့ပေးခဲ့သည်။ လက်ရှိ  ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်၊ ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၂၃ အုပ်စု၊ အိမ်ခြေ ၂၁၈၆ အိမ်၊ အိမ်ထောင်စု ၂၁၈၉ စု၊ လူဦးရေစုစုပေါင်း ၁၄၈၉၁ ဦး နေထိုင်လျက်ရှိကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရောက်ရှိမှာကြားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခေါင်လန်ဖူးဒေသသို့ မကြာမကြာရောက်ရှိခဲ့သည်။ ခေါင်လန်ဖူးဒေသ လမ်းပေါက်ရေးအတွက် လိုအပ်သမျှကို တက်ကြွစွာ အနီးကပ်ကြီးကြပ်ထောက်ပံ့ပေးနေသူဖြစ်သည်။ ယမန်နှစ်  ဖေဖော်ဝါရီ ၁ ရက်နေ့ခရီးစဉ်၌  ခေါင်လန်ဖူးဒေသရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများ၊ ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ကျွန်တော်လည်း တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးတင်ပြချက် များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဒေသဖွံ့ဖြိုးရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊  နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် မြေပေါ်မြေအောက် သယံဇာတများ   ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန်၊  မူးယစ်ဆေးဝါးပြဿနာလုံးဝအ၀င်မခံရန်၊ ဒေသတွင်းဆန်ဖူလုံရေး၊ ဒေသနှင့်ကိုက်ညီသည့် စားကုန်သောက်ကုန်များ ထုတ်လုပ်နိုင်ရေး၊ မြို့မိမြို့ဖများနှင့်ဌာနဆိုင်ရာများ ညှိနှိုင်းဆောင်ရွက်ကြရန်   မှာကြားခဲ့ပါသည်။        

ဆက်လက်ဖော်ပြပါမည်။

ဖုန်ဇီရမ်