ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး

နယ်မြေဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးမှသည်   နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက  လိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ကြ၊ ကုန်သည်ပွဲစားတို့က ရောင်းဝယ်ဖောက်ကားနိုင်ကြ၊ နိုင်ငံ့ဝန်ထမ်းတို့က မိမိကျရာ ဝန်ထမ်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရန်နှင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေထိုင်နိုင် ကြရန်အတွက် ထိုဒေသတွင် အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်နေသော အကြမ်းဖက် အဖျက်သမားများနှင့် ထိုအကြမ်းဖက်အဖျက်သမားတို့ကို မြှောက်ပင့်သွေးထိုးမွေးမြူနေသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများ ကင်းစင်နေရမည် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့ ဒေသကောင်းကျိုး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလား သောစိတ်ထားရှိကြမည်ဆိုလျှင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ် ရေးထိုးကြရမည် ဖြစ်သည်။ လက်ရှိနိုင်ငံတော် အစိုးရအနေဖြင့် ဖော်ဆောင်နေသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဖြစ်ပေသည်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်များကို အမှန်အတိုင်း ရေးသားရမည်ဆိုလျှင် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော လက်နက်ကိုင်

ပဋိပက္ခများသည် ပြည်ပစွက်ဖက်မှု ကင်းစင်စွာဖြင့်   အချင်းချင်းညှိနှိုင်း ဆောင်ရွက်ကြမည်ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အားလုံးသည် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီးစီးကြမည်သာ ဖြစ်သည်။ ပြည်ပအားကိုး ပုဆိန်ရိုးများနှင့် ပြည်ပနိုင်ငံအချို့က သွေးထိုးမြှောက်ပင့်မှုများကြောင့်  ကြန့်ကြာနေခြင်း ဖြစ်သည်။ 

ငြိမ်းချမ်းရေးရယူချင်သော စိတ်အမှန်တကယ်ရှိလျှင် ထိုဒေသများသည် နယ်မြေတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုး တိုးတက်နေမည်သာ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့က ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တိုးတက်အောင် ဆောင်ရွက်မယ်ဆိုလို့ရှိရင်၊ ကျွန်တော်တို့ နိုင်ငံဘာလို့ မတိုးတက်စရာ အကြောင်းရှိမလဲဗျာ။ ဘာလို့မတိုးတက်ရမလဲ၊ တိုးတက်တာပေါ့။ ငြိမ်းချမ်းရေး လိုချင်လို့ရှိရင် ငြိမ်းချမ်းတာပေါ့။ စောစောကပြောတဲ့ အသီးအပွင့် ခံစားချင်လို့ရှိရင် ငြိမ်းချမ်းရေးကြောင့် ဖြစ်တယ်ဆိုလို့ရှိရင် အဲ့ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ရအောင်လုပ်မယ်။ ငြိမ်းချမ်းရေးမှာလည်း ဘာကြောင့်ငြိမ်းချမ်းရေး မရလဲဆိုရင်လည်း တိုင်းရင်းသားရေးတို့၊ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့အကြောင်း ပြနေတာ။ ဟုတ်ပြီ။ အဲ့ဒီမှာ တကယ့် Fair ဖြစ်တဲ့ဟာကိုစဉ်းစား။

စဉ်းစားပြီးလုပ်မယ် ကျွန်တော်တို့။ နားလည်တဲ့သူတွေကလည်း နားမလည်တဲ့သူတွေကို လက်တွဲခေါ်ပေးမယ်။ နားမလည်တဲ့သူတွေကို နားလည်တဲ့ သူတွေကနေပြီးတော့ မြှောက်ထိုးပင့်ကော်လုပ်နေရင်တော့ ပိုဆိုးသွားမှာပေါ့။ နားမလည်တဲ့သူကို နားလည်တဲ့သူကနေ လက်တွဲခေါ်ပြီးတော့မှ တိုင်းပြည်ရဲ့ အကျိုးကို ကြည့်ပြီးလုပ်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဘာလို့ငြိမ်းချမ်းရေးမရစရာ အကြောင်းရှိလဲ ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် လည်းကောင်း၊ ဦးတည်ချက်(၉)ရပ်တွင် လည်းကောင်း တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ဖြစ်ပါသည်။ အဓိက ဦးတည်သွားမည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ပြထားရာတွင်လည်း “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့် သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး”ဟူ၍ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အာဏာကိုသိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာမှု ရှိစေရေးကို ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်သည်။ နိုင်ငံတော်၏တည်ဆဲဥပဒေ ဖြစ်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အတိုင်းသာဆက်လက်လုပ်ဆောင်နေခြင်းဖြစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက်မျှတအောင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းရာတွင် အရပ်သားများဖြင့် အရပ်ဘက် အုပ်ချုပ်ရေးကိုသာ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အရပ်ဘက်ပုဂ္ဂိုလ်များမှာလည်း တိုင်းရင်း သားများကို ကိုယ်စားပြုပြီး တိုင်းရင်းသားများ အကျိုးစီးပွားကို အမှန်တကယ် သယ်ပိုးနေကြသူများသာဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေချင်သည်မှာ တပ်မတော်၏ အလိုလားဆုံးဆန္ဒဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသော စိတ်နှင့်ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလိုသော စိတ်ရှိမည်ဆိုပါက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် ဝေးတော့မည်မဟုတ်ပေ။ တိုင်းရင်းသား လက်နက်ကိုင်များအားလုံးက  NCA လမ်းကြောင်း မှတစ်ဆင့် မိမိတို့ဒေသ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြမည် ဆိုပါက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မည်မှာ မြေကြီး လက်ခတ်မလွဲ အမှန်တရား ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။