“ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ်”

ယမန်နေ့မှအဆက်

ပူတာအိုမှခေါင်လန်ဖူးသို့နေ့ချင်းပေါက်ပြီ

နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးနေသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း သည်စုစုပေါင်း (၆၅/၄)မိုင်ရှိသည့် အနက် ယခုအခါ (၅၀/ဝ)မိုင်သို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည်။ (၁၅/ဝ)မိုင်သာသာခန့် ဖောက်လုပ်ရန် ကျန်သော်ငြားလည်း ထိုခရီးမှာဆိုင်ကယ်ဖြင့်သွားလို့ရသောခရီးဖြစ်နေပေပြီ။ ပူတာအိုကလာသောကားများသည် ရီဒမ်းကြိုးတံတားနားအထိလာနိုင်သော်လည်း ခရီးသည်နှင့်ကုန်ပစ္စည်း အတင်အချလုပ်၍ ကောင်းသော ဖူလွမ်းကျေးရွာ မှာသာ စတည်းချ၍စောင့်ကြိုတတ်ကြ၏။ ပူတာအိုမှနေ၍ကားဖြင့်ပဲလာလာ၊ ဆိုင်ကယ်ဖြင့်ပဲသွားသွား ပူတာအို- မချမ်းဘော့- မဂွေဇ- ခေါင်လန်ဖူးခရီးသည်နေ့ချင်းပေါက်ပြီဟု ပြောရမည်သာ။ ပူတာအိုမှမဂွေဇအထိ (၇၀/၄)မိုင်ခရီးကို ကား၊ ဆိုင်ကယ်ဖြင့် ၃ နာရီခွဲခန့်ကြာမြင့်ပါသည်။ မဂွေဇကနေ ရီဒမ်းကြိုးတံတား မေခမြစ်အထိ (၄၃/၁)မိုင်ခရီးအား ကား၊ ဆိုင်ကယ်ဖြင့် ၃နာရီခွဲ။ ရီဒမ်းကြိုးတံတားမှ  ခေါင်လန်ဖူးအထိ (၂၂/၃)မိုင်ခရီးကို ဆိုင်ကယ်ဖြင့် (ကြိုးတံတား ကြံ့ခိုင်မှုအတွက် ကားများဖြတ်သန်းခွင့်မပြုသေး) ၃ နာရီခွဲခန့်ဟု ခန့်မှန်းတွက်ချက်နိုင်ပေရာ ပူတာအိုမှ ခေါင်လန်ဖူး ခရီးသည် နံနက် ၆ နာရီထွက်လျှင် ညနေ ၅ နာရီမှာလိုရာပန်းတိုင်သို့ ရောက်ရှိနေပါလိမ့်မည်။ ၂၀၁၀ ပြည့်နှစ်ပူတာအို-နောင်မွန်ကားလမ်းဖောက်ပြီးသည့်တိုင်နောင်မွန်မှ ခေါင်လန်ဖူးအထိ ရက်သတ္တတစ်ပတ်ခန့် လမ်းလျှောက်နေကြရဆဲ၊ ကားလမ်းမပေါက်သေးသည့် ဟိုဘက်ခေတ်မှာဆိုလျှင်ဖြင့် ပူတာအိုမှခေါင်လန်ဖူးခရီးသည်ဆိုဖွယ်ရာမရှိတော့ပြီ။ အနည်းဆုံး ကျွန်တော်တို့လိုဒေသခံများပင်လျှင် ၁၄ ရက်ခန့်ကြာအောင် ခက်ခက်ခဲခဲသွားလာခဲ့ကြရသည်။

ကုန်စည်စီးဆင်းမှု ကဏ္ဍချောမွေ့လျက်ရှိ

ဖူလွမ်းကျေးရွာကိုဗဟိုပြု၍ လှုပ်ရှားသွားလာနေကြသော ကား၊ ဆိုင်ကယ်တို့၏ ခရီးသည်တင်ဆောင်မှု အခြေအနေနှင့် ကုန်စည်များ သယ်ယူရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို လေ့လာကြည့်လျှင် ခေါင်လန်ဖူးမြို့နယ်အတွင်းသို့ ပုံမှန်ဝင်ရောက်လည်ပတ်နေကြောင်း တွေ့ရပေမည်။ တစ်ရက်လျှင် ပျမ်းမျှမော်တော်ယာဉ် ခုနစ်စီးနှင့် ဆိုင်ကယ် ၁၀ စီးခန့် မောင်းနှင်သွားလာမှုရှိပြီး ၎င်းင်းယာဉ်များပေါ်၌ ခရီးသည် ၃၀ ဦး မှ ၄၀ ဦး အကြား လိုက်ပါစီးနင်းကြောင်း သိရှိရသည်။ တင်ဆောင်သောကုန်ပစ္စည်း အမျိုးအစားများမှာ ဆန်နှင့်စားသုံးဆီ၊ ကုန်စိမ်းနှင့်ကုန်ခြောက်မျိုးစုံ၊ ဒီဇယ်နှင့်ဓာတ်ဆီ အစရှိသည့် စက်သုံးဆီများ၊ ဆေးဝါးပစ္စည်းအမျိုးမျိုး၊ အထပ်သား၊ သံနှင့်ချိန်းလင့်အစရှိသည့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ ကျောင်းဖွင့်ချိန်၌တွေ့ရတတ်သည့် ကျောင်းဝတ်စုံနှင့် ထီး၊ ဖိနပ်အမျိုးမျိုး၊ မုန့်နှင့်အချိုရည်မျိုးစုံတို့ဖြစ်ကြောင်း တွေ့ရှိရသည်။

စီးပွားဖြစ်ကုန်ထုတ်လမ်းမဟုတ်ပါ

နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများတွင် ဖောက်လုပ်ပေးနေသော လမ်းများသည် စီးပွားဖြစ်ကုန်ထုတ်လမ်းများ မဟုတ်ကြပါ။  ယင်းလမ်းများ၏ သဘောသဘာဝကိုက  အခေါင်အဖျား ဒေသရှိ တိုင်းရင်းသားများနှင့်ပါမကျန်ရင်းနှီးချစ်ခင်စွာ ထိတွေ့ဆက်ဆံမှုပြု နိုင်စေရန်၊  ကူးလူးဆက်သွယ်နိုင်စေရန် ရည်သန်လျက် ကျေးလက်လမ်းအဆင့်ထက် အနည်းငယ်မြင့်မားရုံမျှသာ ဖောက်လုပ်ပေးထားခြင်း ဖြစ်သည်။ နောင်မှဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းများ ဆောင်ရွက်သည့်   သဘောသဘာဝရှိသည်။ မဂွေဇ-ခေါင်လန်ဖူးကားလမ်းသည် တောင်ပေါ်ဒေသလမ်းဖြစ်သည့်အားလျော်စွာမြေပြိုခြင်း၊ သဲတောင်ပြိုခြင်းများကြောင့် အခိုက်အတန့် လမ်းပိတ်ဆို့သွားခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။ လမ်းအဆင့်မြှင့် ဆောင်ရွက်ပြီးချိန်မှာတော့ ယင်းကဲ့သို့ ဖြစ်စဉ်များရှိတော့မည် မဟုတ်ပါ။

စုပေါင်းညီညာအောင်ကြောင်းဖြာ

ဒေသခံတိုင်းရင်းသား တစ်ယောက်အနေဖြင့် ကျွန်တော့်၏ ထင်မြင်ယူဆချက်ကို တင်ပြရလျှင် ရှေးယခင်အစိုးရများ အဆက်ဆက်မှာ သည်လမ်းကို ဘာကြောင့်မဖောက်ခဲ့ကြပါသနည်း။ ထင်သလောက်မလွယ်၍၊ အခက်အခဲများစွာ ရှိနေ၍ ဖြစ်ပါလိမ့်မည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနက တာဝန်ရှိသူများ၏ ပြောစကားအရလည်း မဂွေဇ-ခေါင်လန်ဖူးကား လမ်းကြီးကို သူတို့ချည်း သက်သက်ဖောက်လုပ်ရန်မှာ မလွယ်ဟုဆိုကြ၏။ အစိုးရ၏ ရန်ပုံငွေနှင့် တပ်မတော်၏ အကူအညီဖြစ်သော အရာရှိဦးစီးအင်ဂျင်နီယာစစ်သည်များ တွဲဘက်ပေးခြင်း၊ အရေးပေါ်ယမ်းလိုအပ်ချက်၊ စက်သုံးဆီ လိုအပ်ချက်များ ရှိလာချိန်မှာ တပ်မတော်ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ဖြည့်တင်းပေးခြင်းများရှိကြောင်း မေးမြန်းသိရှိရပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် တာဝန်ရှိသူများကလည်း လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်သို့ မကြာခဏ လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ   ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရသည်။

ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့်လန်ဆယ်

မဂွေဇ-ခေါင်လန်ဖူးကားလမ်းမကြီး၏ လာရာနှင့် လားရာကတော့ အတော်လေး စိတ်ဝင်စားစရာကောင်းနေပါပြီ။ ဆန်းလွတ်ချက်ကိုကျော် မေခကိုဖြတ်ပြီး ခက်ခဲကြမ်းတမ်းစွာ ခရီးနှင်လာရသောသည် ကားလမ်းကြီး၊ ခေါင်လန်ဖူးမှာပဲ အဆုံးသတ်မှာလား၊ မည်သည့်အရပ်ဒေသများသို့ ခရီးဆက်မလဲ ဆိုသည်ကို ကျွန်တော်သိချင်လာမိသည်။ ထို့ကြောင့် နတလဦးစီးဌာနက  အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် ဆုံစည်းခိုက် သိလိုသမျှကို မေးမြန်းစေ့ငုကြည့်ရာ သူကလည်း စီမံကိန်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်လာပုံ၊ ယနေ့အထိဆောင်ရွက် ပြီးစီးမှုများအပြင်   ရှေ့ဆက်သွားမည့် လျာထားချက်များကိုပါ စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။

ကျွန်တော်တို့  မဂွေဇ-ခေါင်လန်ဖူး ကားလမ်းမကြီးကို  အပိုင်း(၄)ပိုင်းခွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။

အပိုင်း(၁)       မဂွေဇ-ငါ့လုံဒမ်း (၂၅/၄)မိုင်၊အပိုင်း(၂)          ငါ့လုံဒမ်း-လုံးတုံဗိုလ်တဲ(၁၀/ဝ)မိုင်၊ အပိုင်း(၃)လုံးတုံဗိုလ်တဲ-မေခမြစ်အနီးဆီဆုံအထိ (၁၀/၄)မိုင်၊ အပိုင်း(၄)ဆီဆုံ-ခေါင်လန်ဖူး (၁၉/၄မိုင်) အခုစီမံကိန်း  လုပ်ငန်းအပိုင်း(၄)ကို ရောက်နေပါပြီ။ ဆောင်ရွက်ပြီးသမျှလုပ်ငန်းတွေကတော့ လာမည့်နှစ်မှာ မြေသားလမ်း အနေနဲ့   ပြီးသလောက် ဖြစ်သွားမယ်။

ကျောက်လမ်းက    (၄၄/ဝ)မိုင်အထိ လျာထားပါတယ်။  သည်လမ်းကြီးပေါ်မှာ ကွန်ကရစ်တံတား၂၀ စင်း၊ Box Culvert ၁၅၂ စင်း၊ ကျောက်စီရေမြောင်း  ၁၃၉၉၅ ပေ၊ ကွန်ကရစ်ရေကျော်နှစ်ခု၊ ကွန်ကရစ်ရေပြွန်နှစ်ခု   ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ နယ်စပ်ရေးရာဝန်ကြီးဌာန အနေနဲ့ သည်ကားလမ်းကြီးကို ဖောက်လုပ်ပေးခဲ့တဲ့နေရာမှာ   မိမိဝန်ထမ်းများ၊

တပ်မတော်သားများ၊ ဌာနပိုင်ယာဉ်၊ ယန္တရားများနှင့်အတူ ခွဲဝေရရှိသော ဝန်ကြီးဌာန ဘတ်ဂျက်ရန်ပုံငွေကိုသာ   အသုံးပြုပြီး ကျေးလက်လမ်းအဆင့်ထက် အနည်းငယ်သာလွန်ကောင်းမွန်တဲ့ လမ်းတစ်လမ်းဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းကြီးပေါက်သွားပြီ ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ မြောက်ဘက်ကရှိန်းခေါင်ဒေသနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ နယ်စပ်ပတ်လမ်း စီမံကိန်းမှာ ပါဝင်နေတဲ့ တောင်ဘက်ကလန်ဆယ်ဒေသများအထိ လမ်းများဆက်လက် ဖောက်လုပ်ပေးဖို့ လျာထားပြီး ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် စက်ယန္တရားကြီးများလည်း အသင့်ရှိနေပြီဖြစ်ပါတယ် ..... ဟူ၍။

ဖိတ်ခေါ်ပါသည်ခေါင်လန်ဖူးဒေသဆီ

ပူတာအိုကနေထွက်ပြီး အရှေ့၊အနောက်၁၅ မိုင်၊ တောင်၊ မြောက် ၂၅ မိုင်ကျယ်ဝန်းတဲ့ ပူတာအိုလွင်ပြင်ကြီးကို ဖြတ်ပြီးတာနဲ့ မချမ်းဘော့မြို့ကလေးကို ရောက်ပါမည်။ ဂျိန်ဖော့လိုတော့ မကျန်ဘော့ဟု အဓိပ္ပာယ်ရ၏။ မကျန်ကချောင်း၊ ဘော့ကမြစ်ဆုံဖြစ်၍ မကျန်ချောင်းနှင့် မလိခမြစ်ဆုံရာ အရပ်ဖြစ်ပါသည်။ ထိုမှလွန်လျှင် မဂွေဇကိုရောက်ပြီး ခေါင်လန်ဖူးမြို့လေးဆီ ခရီးဆက်နိုင်ပါပြီ။ သဘာဝတောတောင် ရှုခင်းများနှင့် သာယာလှပသော၊ ရဝမ်၊ လီဆူ၊ ဂျိန်ဖော့၊ ခန္တီး၊  ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုတို့  ထုံလွှမ်းနေသော ဧရာဝတီမြစ်၏  ရေဦးရေဖျား ပတ်ဝန်းကျင်နှင့်  ဆီးနှင်းဖုံးဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများကို တစ်ဝကြီး လေ့လာကြည့်ရှုခံစားနိုင်မည့် ခေါင်လန်ဖူးဒေသသို့ ကြွမြန်းခဲ့ကြပါရန် လေးစားစွာဖိတ်မန္တက ပြုလိုက်ရပါကြောင်း...။ ။

ဖုန်ဇီရမ်