လျှပ်စစ်ချွေတာခြင်းဖြင့် ထွက်ငွေကိုလျှော့ချပါ

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမီတာခမှာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းလျက်ရှိသည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေသည်မှာ နိုင်ငံလူဦးရေ၏ ၆၁ ရာခိုင်နှုန်းခန့်ရှိသည်။ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာသောလျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနေရသဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရန် သတိမမူခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်းဖြင့် မိမိတို့မိသားစုအတွက် မီတာခကျသင့်ငွေလျော့နည်းမည် ဖြစ်ပြီး အသုံးစရိတ်ကို ချွေတာရာလည်း ရောက်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း၊ ဓာတ်အားပေး စက်အသစ်များ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ မဟာဓာတ်အားခွဲရုံအသစ်များကို တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး လိုင်းများနှင့် ခွဲရုံများအား အသစ်တိုးချဲ့ တည်ဆောက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေသော အိမ်ထောင်စု တစ်ခုချင်းစီက လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ ချွေတာသုံးစွဲပါက သုံးစွဲသူများအတွက် မီတာခများ ပေးချေရမှုလျော့နည်းသကဲ့သို့ နိုင်ငံတော်ဓာတ်အားစနစ် အတွင်းဝန်အား ထိန်းညှိလျှော့ချရမည့် ပမာဏလျော့နည်းသွားမည်။ ထို့အတူ လျှပ်စစ်မီးမရရှိသေးသော ပြည်သူများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်ခြင်း အစရှိသောလက်ငင်း အကျိုးကျေးဇူးများကို ပြည်သူတစ်ရပ်လုံး သာတူညီမျှ ရရှိခံစားရမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံပိုင်မီဒီယာ များမှတစ်ဆင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး နည်းလမ်းများ အား လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေး တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ ထို့အတူ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း ဓာတ်အားသုံးစွဲမှုများသော မီးသီး၊ မီးချောင်းများအစား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးခြင်း၊ မလိုအပ်သောနေရာများ/အချိန်များတွင်မီးပိတ်ထားပြီး လိုအပ်သော နေရာများကိုသာ မီးခလုတ်ဖွင့်ခြင်း အစရှိသောလျှပ်စစ်ဓာတ်အားချွေတာရေးနည်းလမ်းများကို အသိပညာပေး ဆောင်းပါးများ ရေးသားဖြန့်ဝေလျက် ရှိပါသည်။

လျှပ်စစ်ဓာတ်အားချွေတာရေး နည်းလမ်းများအနက် လက်ငင်းအကျိုးကျေးဇူးများပြီး ထိရောက်မှု အရှိဆုံး နည်းလမ်းမှာ ဓာတ်အားသုံးစွဲမှုများသောမီးသီး၊ မီးချောင်းများအား ဓာတ်အားသုံးစွဲမှုနည်းသော LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုး အသုံးပြုခြင်း ဖြစ်ပါသည်။ LED မီးသီး၊ မီးချောင်းများသည် စွမ်းအင်သုံးစွဲမှု သက်သာခြင်း၊ သက်တမ်းရှည်ကြာခြင်း၊ အဖွင့်အပိတ်အကြိမ်ရေများခြင်းအပေါ် ခံနိုင်ရည်ရှိခြင်း၊ ဗို့အားနိမ့်တွင် သုံးစွဲနိုင်ခြင်း၊ အလင်းအားကို လိုသလို လျှော့ချ အသုံးပြုနိုင်ခြင်း၊ အပူနှင့်ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်မှု မရှိခြင်းနှင့် အလင်းရောင်အေးမြခြင်း အစရှိသော အားသာချက်များ ရရှိမည် ဖြစ်ပါသည်။

လက်ရှိအသုံးပြုနေသောလေးပေမီးချောင်းတစ်ချောင်း၏ဓာတ်အားသုံးစွဲမှုမှာ ၄၀ ဝပ် ဖြစ်သော်လည်း လင်းအားတူ LED မီးချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ ၁၆ ဝပ်သာ ရှိသည်။ ထို့ကြောင့် နိုင်ငံတော် ဓာတ်အားစနစ်မှ၊ လျှပ်စစ်ဓာတ်အားမှ ရရှိသုံးစွဲနေသော အိမ်ထောင်စု ၆ ဒသမ ၆ သန်းအနက် အိမ်ထောင်စု တစ်စုလျှင် ၄၀ ဝပ် လေးပေမီးချောင်းနှစ်ချောင်းအား LED မီးချောင်းဖြင့် အစားထိုး အသုံးပြုမည်ဆိုပါက အိမ်ထောင်စုတစ်စုလျှင် ၄၀ ဝပ် သက်သာပါမည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတ်အားသုံးစွဲမှု ၃၁၆ ဒသမ ၈ မဂ္ဂါဝပ် သက်သာသွားမည် ဖြစ်သောကြောင့် ဝန်အားထိန်းညှိလျှော့ချရမည့် ပမာဏလျော့နည်း သွားပေမည်။ LED မီးသီး၊ မီးချောင်းများ၏ ကနဦးတပ်ဆင်စရိတ်မှာ ကြီးမားသော်လည်း စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော်ခန့် လျော့ကျ သွားသောကြောင့် ဓာတ်အားခ(မီတာခ)ပေးဆောင်ရမှုမှာ ထက်ဝက်ကျော်ခန့် သက်သာသွားမည် ဖြစ်ပါသည်။

ထို့ပြင်  လက်ရှိလမ်းမီးအဖြစ်အသုံးပြုနေသော ၁၅၀ ဝပ်၊ ၂၅၀ ဝပ်နှင့်  ၄၀၀ ဝပ် ဆိုဒီယမ်မီးသီးများနှင့် ရိုးရိုး အိမ်သုံး ၄၀ ဝပ်၊  ၆၀ ဝပ်နှင့် ၁၀၀ ဝပ်ရှိ မီးသီး၊ လေးပေမီးချောင်းများအား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ် အသုံးပြုပါက သက်တမ်းပိုမိုကြာရှည်ခံခြင်း၊ အလင်းအား ပိုမိုကောင်းမွန်ခြင်းနှင့် စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော် လျော့ကျသွားသောကြောင့် မီတာခကုန်ကျစရိတ်ထက်ဝက် (၅၀ ရာခိုင်နှုန်း) ကျော်ခန့် သက်သာသွားခြင်း အစရှိသော လက်ငင်းအကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဝန်ဆောင်မှုလျှော့ချရမည့် ပမာဏလျှော့နည်းသွားမည်ဖြစ်ခြင်း၊ လျှပ်စစ်မီးမရရှိသေးသော ပြည်သူ များအား လျှပ်စစ်ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ခြင်းနှင့် အိမ်ထောင်စုအလိုက် ဓာတ်အားခ ပေးဆောင်ရမှု သက်သာသွားမည် ဖြစ်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့်  မိမိတို့နေအိမ်များ၊ ရုံးများ၊ အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လက်ရှိအသုံးပြုနေသောမီးသီး၊ မီးချောင်းများနှင့်လမ်းမီး များနေရာတွင် LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ် အသုံးပြုရန် တိုက်တွန်းနေခြင်းဖြစ်သည်။ အိမ်၊ လမ်း၊ ကျောင်း၊ ဈေးနှင့်ရုံးများတွင် အမှန်တကယ် အသုံးပြုကြခြင်းဖြင့် မီတာခပေးဆောင်ရမှု လျော့နည်းမည့်အပြင် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အားချွေတာပေးရာ ရောက်မည်ဖြစ်သည်။ ထို့ပြင် မိမိတို့၏ ထွက်ငွေကိုလည်းလျှော့ချခြင်းလည်း ဖြစ်ပါကြောင်း။    ။