ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာရေး

မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သောနိုင်ငံသားအပေါင်းတို့၏ စိတ်ဆင်းရဲခြင်းကို အစဉ်တစိုက်ပြုမူ လုပ်ဆောင်နေသော အကြမ်းဖက် အဖျက်သမားတို့သည် စိတ်ထဲထင်ရာ ပြောဆိုနေခြင်း၊ ရေးသားနေခြင်း၊ ထုတ်လွှင့်နေခြင်း တို့ဖြင့် ပြည်သူများကို ဒုက္ခပေါင်းစုံပေးလျက်ရှိသည်။ ရဟန်းရှင်လူပြည်သူ အပေါင်းသည် မိမိတို့၏ လူမှုပတ်ဝန်းကျင်တွင် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြသူများ ဖြစ်သည်။လူတိုင်း မှာမိမိတို့ ဘဝရှင်သန်ရေးအတွက် အလုပ်လုပ်ကိုင်နေကြရသည်။ ကုန်စည်ရောင်းဝယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ နိုင်ငံ့တာဝန်များ ထမ်းဆောင်ခြင်းဖြင့် မိမိတို့နှင့်သင့်တော်ရာ အသက်မွေးဝမ်းကျောင်းပြုနေ ကြသူများသာ ဖြစ်သည်။

NLD ပါတီမှ ပေါက်ဖွားလာသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH,NUG, PDF နှင့်ယင်း ပါတီကို ထောက်ခံသူ အစွန်းရောက်များသည်   Facebook   Account များမှတစ်ဆင့်  နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေရန်၊ ရဟန်းရှင်လူပြည်သူအပေါင်းအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီးလှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ဖြန့်ဝေလျက်ရှိသည်။ လူတစ်ဦးလျှင် Facebook   Account များစွာ ဖွင့်နိုင်သော အနေ အထားတွင် လူမှုကွန်ရက်၌ လူအများကလိုက်ပါ လုပ်ဆောင်နေသယောင်ဖြင့် ထင်ယောင်ထင်မှား ဝါဒဖြန့်နေခြင်း ဖြစ်သည်။ ဥပမာတစ်ခုထင်ရှားစွာ ပြရလျှင် ဆရာမတစ်ဦးကို သတ်လိုက်သော အမှုတစ်ခုတွင် ပါဝင်သူတပည့်မှာ နှစ်ဦး၊ သုံးဦးမျှသာရှိသော်လည်း ယင်းတို့၏ Facebook   Account တွင် အကြမ်းဖက် အဖွဲ့အစည်းကြီး တစ်ခုအသွင်ရှိနေသယောင် ဖော်ပြရေးသားခြင်းမျိုး ဖြစ်သည်။

ယခုတစ်ဖန်လှုံ့ဆော်မှုများ ပေါ်လာနေပြန်သည်။ ဘယ်နေ့ဘယ်ရက်တွင်ဘာလုပ်ပါ။ ဘယ်လိုနေပါ။ မလုပ်ရင် ဘယ်လိုဖြစ်မယ်..စသည်ဖြင့် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန် ဝါဒဖြန့်ခြင်း ဖြစ်သည်။

အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH,NUG, PDF တို့သည် ဘဝလမ်းဆုံးနေသူများ ဖြစ်သည်။ ဆရာတော် သံဃာတော်များကို ကိုယ်ထိလက်ရောက် ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ဘုရားစေတီကို မီးရှို့ခြင်းတို့သည် မှားယွင်းသော အယူဝါဒကို လက်ခံခြင်းဖြင့် ယင်းတို့ဘဝကို ဆုံးခန်းတိုင်စေခြင်းဖြစ်သည်။ သူတို့ပြလိုခြင်းမှာ မြန်မာတို့၏ အမွန်မြတ်ဆုံး ဘာသာရေးကိုပင် ငါတို့ဖျက်ဆီးနိုင်တယ် ဟူသော ယုတ်ညံ့လွန်းသည့် အတွေးအခေါ်ဖြစ်သည်။

ထို့ကြောင့်အကြမ်းဖက်သမားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိမှုများမှာလည်း များပြားလှသည်။ သို့သော် အဖျက်သမား ဆိုသည်မှာ မိုးလုံးပြည့်မုသာဝါဒကို လက်ကိုင်ထားသူများဖြစ်ပေရာ တစ်ယောက်စ၊ နှစ်ယောက်စရှိပါစေ လူတစ်ထောင်၊ လူတစ်သောင်းရှိနေသယောင် ဝါဒဖြန့်နေပေလိမ့်မည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်ကို ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိ နားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း မပြုမိကြရန် လိုပေသည်။

အကြမ်းဖက်အဖျက်သမားတို့၏ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း များမပြုလုပ် မိစေရန် လိုအပ်ပေသည်။ စေခိုင်းနေသူတို့မှာ ပြည်ပတွင်မိသားစုအလိုက် စိတ်အေးချမ်းသာစွာ နေထိုင်ပြီး ဒေါ်လာများ သန်းချီယူကာ မသိနားမလည်သူများကို ခိုင်းစားနေခြင်းဖြစ်သည်။ မရောက်နိုင်မှန်း သိသောဆူးခင်း လမ်းကြမ်းကြီးမှာ လျှောက်လှမ်းခိုင်းနေသည်ကို ပြည်သူအများစုက သိရှိနေပြီး ဖြစ်သည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့်  CRPH,NUG, PDF တို့မှာ မြန်မာနိုင်ငံတွင် တရားဝင်လူသိထင်ရှား နေထိုင်နိုင်သူများ မဟုတ်သည့်အတွက် သူတို့ကဲ့သို့ အကြမ်းဖက်သမားများဖြစ်အောင် ဆွဲဆောင်လှုံ့ဆော် နေခြင်းသာဖြစ်သည်။ အလုံးစုံပျက်သုဉ်းရေးကိုဦးတည်လုပ်ဆောင်နေခြင်းမှာ တိုင်းပြည်လူမျိုးကောင်းကျိုး မဟုတ်သည်မှာ ထင်ရှားနေသော်လည်း အနောက်နိုင်ငံအချို့နှင့် ဒေါ်လာစားမီဒီယာတို့က မြှောက်ပင့်သွေးထိုး ပံ့ပိုးပေးပြီး အကြမ်းဖက် လုပ်ရပ်များကို သတင်းမှားများဖြင့် ဖုံးဖိပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့် အဆိုပါ အကြမ်းဖက်အဖျက်သမားတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒ ဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီမှုများပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ ထို့ပြင်ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် မိမိတို့၏ ဘဝရှေ့ရေးအတွက် သတိဖြင့် ဆင်ခြင်စဉ်းစားကာ အကြမ်းဖက် အဖျက်သမားများကို အားပေးခြင်း မပြုဘဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာရေးကို အသိဖြင့် လိုက်ပါ ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။    ။