ပျက်အစဉ် ပြင်ခဏ တိုင်းပြည်ကောင်းဖို့ ပြုပြင်ကြ

ဤလောကကြီးတွင် ထာဝရမြဲသောအရာဟူသည် မရှိပါ။ ဖြစ်ခြင်း၊ ပျက်ခြင်းသံသရာတွင် ကျင်လည်နေကြရသည်။ ပျက်စီးချွတ်ယွင်းမှုသည် ရှိစမြဲပင် ဖြစ်ပေသည်။ ပျက်စီးနေသည်ကို သိပါလျက်နှင့် မပြုပြင်ဘဲထားလျှင် နောက်ဆုံးတွင် လုံးဝသုံးမရသည့်အခြေအနေထိဖြစသွားတတ်သည်။ ပျက်နေသည်ကိုသိ၍ ပြင်လိုက်ပါလျှင် တစ်ခဏအတွင်းမှာပင် အကောင်းပြန်ဖြစ်သွားပေမည်။ ရှေးလူကြီးတို့က ပျက်စီးခြင်းကိုပြုပြင်စေလိုသော သဘောဖြင့် ပျက်အစဉ် ပြင်ခဏဟူ၍ ဆိုရိုးစကားထားရှိခြင်းဖြစ်သည်။

မိမိတို့နေထိုင်သောနေအိမ်၊ မိမိတို့ပိုင်ဆိုင်သော စက်ကိရိယာပစ္စည်း၊ မိမိပိုင်ဆိုင်သောဥယျာဉ်ခြံမြေ စသည်တို့ ပျက်စီးနေပါက ပြုပြင်ကြရပေမည်။ မပြုပြင်ဘဲထားသော် တစ်စထက်တစ်စပို၍ပျက်ယွင်းသွားတတ်သည်။

အချိန်နှင့်တစ်ပြေးညီပြုပြင်လိုက်ပါက အခြေအနေပြန်လည်ကောင်းမွန်ပြီး အသုံးဝင်ပါမည်။ ယနေ့လူငယ်မောင်မယ် အချို့သည် အပေါင်းအသင်း လွဲမှားခြင်း၊ ဆရာသမား၊ မိဘတို့၏ သွန်သင်ဆုံးမမှု အားနည်းခြင်းတို့ကြောင့် ကိုယ်ကျင့် ပျက်ယွင်းနေသည်များရှိသည်။ အသက်အရွယ်ငယ်ငယ်ကလေးနှင့် လူသတ်မှုကျူးလွန်သည့် သတင်းမျိုးကြား သိရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ပေသည်။

အချို့က မိမိအမှားကို မှားမှန်းမသိဘဲ ဆက်မှားနေကြသည်။ အချို့က အမှားကိုအမှားမှန်း သိသော်လည်း မပြုပြင်ဘဲ ဇွတ်တိုးပြီးပြုမူလုပ်ကိုင်နေကြသည်။ အမှားကိုအမှားမှန်းသိလျှင် ပြုပြင်ရန်လွယ်ကူပြီး မိမိကိုယ်မိမိ အမြင်မှန်ရဖို့သာ အရေးကြီးသည်။ အချို့မှာ အမှားကိုအမှားမှန်းသိပြီး မပြုပြင်ဘဲထားနေသူတို့အတွက်မူ လမ်းကောင်းတွေ့ပါလျက် ရွှံ့ညွန်ဗွက်ထဲဆင်းလျှောက်သူပမာဖြစ်နေပေလိမ့်မည်။ ပျက်အစဉ် ပြင်ခဏဆိုစကားအတိုင်း ပြုပြင်သင့်ကြသည်။ မကောင်းမှုကိုပြုပြင်ရန်အတွက် အချိန်နှောင်းသည်ဟူ၍မရှိပါ။

လူတိုင်းသည် အမှားနှင့်မကင်းနိုင်ကြသော်လည်း ပြုပြင်လိုက်၍ လူတော်လူကောင်းဖြစ်သွားကြသူများ များစွာရှိကြသည်။ အရာဝတ္ထုအရ မြင်နိုင်သော ပြုပြင်မှုမှာ သိသာထင်ရှားလှသော်လည်း စိတ်ပိုင်းဆိုင်ရာ မမြင်နိုင်သော ပျက်စီးမှုကို ပြုပြင်ရန်မှာ လွန်စွာခက်ခဲလှပေသည်။ လူတစ်ဦး၏စိတ်ထဲတွင် လွဲမှားသော အတွေးအခေါ်၊ အယူအဆ၊ ထင်မြင်ချက်တို့စွဲမှတ်သွားလျှင် ပြုပြင်ရန်လွန်စွာခက်လှပေသည်။ ဤကမ္ဘာကြီးတွင် လူသားများအစုလိုက် အပြုံလိုက်သေစေနိုင်သော လက်နက်ထက် ကြောက်စရာကောင်းသော အရာသည်ကား အစုလိုက်အပြုံလိုက် ဆွဲဆောင်နိုင်သော လက်နက်ဖြစ်သည်ဟု ဇော်မင်းထွန်း(ရေနံချောင်း)၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်ကြောင့် လူသားအုပ်စုတစ်စု သို့မဟုတ် မြို့တစ်မြို့ကုန်ဆုံး သွားနိုင်သည်။ သူက ဤမျှနှင့် နိဂုံးချုပ်နိုင်သည်။ အစုလိုက်အပြုံလိုက် ဆွဲဆောင်နိုင်သော လက်နက်မှာ လူမျိုးဆက်တစ်ခုလုံး၊ နိုင်ငံတစ်ဝန်းလုံးကို နှစ်ပေါင်းများစွာ ချည့်နဲ့သွားစေနိုင်သည်။ မြန်မာ့နိုင်ငံရေးမျက်နှာစာတွင် အထင်ရှားဆုံးသော အဖွဲ့အစည်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်သည်။ အစုလိုက်အပြုံလိုက် ဆွဲဆောင်ကာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲပြီး အစိုးရတစ်ရပ်ကို တိုက်ပွဲဝင်ခဲ့သည်။ အချင်းချင်းဖြုတ် ထုတ်သတ်လမ်းစဉ် ကျင့်သုံးသည်။ နောက်ဆုံးတွင် အလဲလဲအကွဲကွဲဖြင့် ဇာတ်သိမ်းခဲ့ကြရသည်။

အကယ်၍ သူတို့သည် ပျက်အစဉ် ပြင်ခဏစိတ်ဖြင့် လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကာ ထိုစဉ်က ပါတီစုံဒီမိုကရေစီ စနစ်တွင် ပါတီထောင်ကာ လုပ်ကိုင်ဆောင်ရွက်ခဲ့သော် အလွန်ကောင်း၍ ချမ်းမြေ့ဖွယ်ဖြစ်လာပေလိမ့်မည်။ သို့သော် မမြင်နိုင်သောစိတ်ကို မပြုပြင်နိုင်ကြပေ။ အတွေးအခေါ်၊ အယူအဆဝါဒစွဲအမှားကို အမှန်ထင်နေခြင်းက လူသား တို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုမိုဖြစ်ပွားစေလေသည်။ မြန်မာတို့ သူ့ကျွန်ဖြစ်ခဲ့ရခြင်း၏ အကျိုးဆက်ကား ယနေ့တိုင် အချင်းချင်းစိတ်ဝမ်းကွဲနေစေခြင်း ဖြစ်သည်။ အဆိုးဆုံးမှာ သမိုင်းအမှားများကို လက်ဆင့်ကမ်း အမွေပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။

ရှေးယခင် ပထမမြန်မာနိုင်ငံကို တည်ထောင်သော အနော်ရထာဘုရင်၊  ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သော ဘုရင့်နောင်နှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားတို့ တစည်းတလုံးတည်းသော နိုင်ငံတော်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ဖြစ်ပွားခဲ့သော ၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက်သည်လည်း ပြည်ထောင်စု နိုင်ငံသာဖြစ်သည်။ အာသံ-မဏိပူရတို့သည်ပင် မြန်မာပိုင်နယ်မြေများ ဖြစ်သည်။ စစ်ပွဲသုံးကြိမ်ဖြင့် အပိုင်းပိုင်းပေး ခဲ့ရသော်လည်း ပြည်ထောင်စုနိုင်ငံ အဖြစ်ဖြင့်သာ ပေးလိုက်ရခြင်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံက ရရာလက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြသည်။ အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီခေတ်တွင် နယ်ပယ်ခွဲခြားအုပ်ချုပ်ခြင်း ခံခဲ့ရသည်။ နယ်ပယ်ခွဲခြားအုပ်ချုပ်ခံရခြင်း၏ ဝါဒမှိုင်းမှာ ယနေ့တိုင် မပျောက်ကွယ်သေးသည်ကို ကြားမြင်နေရသည်။ ယနေ့မြန်မာနိုင်ငံ ဆိုသည်မှာ သီးခြားကိုလိုနီ နိုင်ငံငယ်တို့ကို စုစည်းထားခြင်းဖြစ်သည်ဟု ပြောဆိုမှုသည် အမှားသာဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းကို ပျက်ပြားစေသော အယူအဆဖြစ်သည်။ ထို့ကြောင့် ပျက်အစဉ်ပြင်ခဏ ဟူသော စကားအတိုင်း ပျက်နေသော စိတ်ကိုပြုပြင်ခြင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အလှဆင်ကြပါရန် ရေးသားလိုက်ရပေသည်။