ပညာရေးကဏ္ဍတိုးတက်မြင့်မားရေး

မြန်မာနိုင်ငံတွင် ပညာရေးစနစ်နှင့် ပတ်သက်၍ နှစ် ၃၀ အမျိုးသားပညာရေး စီမံကိန်းဖြင့် ဆက်လက် ဆောင်ရွက်အကောင်အထည်ဖော် လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာတတ်များပေါများရန် လိုအပ်သဖြင့် ပညာတတ်များ ပေါများ ပေါ်ထွန်းစေရေးကို ကြိုးပမ်းဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၅၅ သန်းတွင် ဘွဲ့ရသည်မှာ ၃ သန်းခန့်သာရှိနေသည့်အတွက် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ အဆင့်မြင့်ပညာကို သင်ကြားနိုင်ကြောင်း သိရှိရသည်။ ထို့အတူ လူဦးရေ ၁၈ သန်းကျော်ခန့်သည် အခြေခံ ပညာသင်ကြားမှုတွင် မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြားနိုင်သည်ကို လေ့လာသိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်နေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားရသောကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းရေးကို အင်တိုက်အားတိုက် လုပ်ဆောင်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဝယ်ယူခြင်း၊ လှူဒါန်းခြင်းများကို လက်ခံပြီး ကာကွယ်ဆေးများကို သတ်မှတ်ဦးတည် အုပ်စုအလိုက် ထိုးနှံပေးခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်တွင် ၅၀ ရာခိုင်နှုန်းထိုးနှံပြီး စီးရေးရည်မှန်းချက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ယခုအခါ ၁ ရာခိုင်နှုန်းပတ်ဝန်းကျင်သာ ရှိတော့သည်မှာ နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်တို့၏ အောင်မြင်မှုတစ်ရပ် ဖြစ်သည်။

ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ အဆင့်မြင့် ပညာကျောင်းများကိုပင် ဖွင့်လှစ်ပေးထားပြီး ဖြစ်သည်။ ကျောင်းများကို ဖွင့်လှစ်ထားခြင်းသည် ထောင်တံခါးများကိုပိတ်ထားခြင်း ဖြစ်သည်ဆိုသော စကားအတိုင်း ကျောင်းသား၊ ကျောင်းသူများအား စာပေပညာသင်ကြားပေးခြင်းဖြင့် အသိဉာဏ်ဗဟုသုတများ ရရှိလာမည် ဖြစ်သလို ဆရာ၊ ဆရာမကောင်းလျှင် ကောင်းသည့်အလျောက် တိုးတက်မှုရှိနေမည် ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူတတ်မြောက်ထားကြမည် ဆိုလျှင် နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်။ နိုင်ငံတစ်နိုင်ငံအတွက်၊ လူတစ်ဦးချင်းစီအတွက် ပညာရေးနှင့် ကျန်းမာရေးမှာ အရေးကြီးဆုံးကဏ္ဍတွင် ရှိနေပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၇ ရက်နေ့က အဆင့်မြင့်ပညာကဏ္ဍလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်စေရန်အတွက် အားကစားကွင်းများနှင့် အားကစား ရုံများအား စနစ်တကျဖြင့် တည်ဆောက်ပေးထားရန် လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ်ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှုများ ရှိစေရန် လေ့ကျင့်သင်ကြားပေးရန် လိုကြောင်း၊ တက္ကသိုလ်ပညာသင်ကြား နေစဉ်အတွင်း စာပေပညာ သင်ကြားခြင်းကိုသာမက ဘဝအတွက် အတွေ့အကြုံများ ရရှိရေး အတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေးရန်လိုသဖြင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီး၍ ကျောင်းသား၊ ကျောင်းသူများ အမြင်ကျယ်လာစေရေး ဖန်တီးဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။

ဆရာ၊ ဆရာမများမှာ ဝါသနာ၊ စေတနာ၊ အနစ်နာဖြင့်ပညာသင်ကြားပေးကြခြင်းဖြစ်သည်။ အထူးအားဖြင့် နိုင်ငံရေး အပြောင်းအလဲတွင် မှန်ကန်သည့်ဘက်မှ မားမားမတ်မတ် ရပ်တည်ကာ ကျောင်းသား၊ ကျောင်းသူများပညာတတ်မြောက်ရေးကို ရှေးရှုသော ဆရာ၊ ဆရာမများ၏ လုပ်ဆောင်ချက်မှာ နိုင်ငံတော်အတွက် လွန်စွာ ဂုဏ်ယူဖွယ်ကောင်းလှသည်။ အခက်အခဲ၊ အကျပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံတို့ကြားမှ ကောင်းမြတ်သည့် စိတ်ထားဖြင့် ဆရာ၊ ဆရာမကောင်းပီသစွာ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုမှတ်တမ်း တင်ထားသည်။ ထို့ပြင် နိုင်ငံ

တော် အစိုးရအနေဖြင့် ဆရာ၊ ဆရာမများအား ပညာအရည်အချင်းအလိုက် ခံစားမှုများအား တိုးမြှင့်ပေးခဲ့ပြီး ဆက်လက်၍ တိုးမြှင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးကျူးနေသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကိုလည်း ချီးကျူးပါသည်။

ဘေးပယောဂမျိုးစုံ၊ နှောင့်ယှက်မှုမျိုးစုံ၊ သတင်းအမှားထုတ်လွှင့်မှု မျိုးစုံကြားမှ မိမိတို့၏ ဘဝနောင်ရေးရှေးရှုကာ ပညာတတ်မှ ဖြစ်မယ်ဟူသော စိတ်ထားရှိခြင်းမှာ နိုင်ငံ့အနာဂတ်အတွက် အားကိုးဖွယ်ဖြစ်သည်။ မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်တတ်သော မိဘနှင့်ကျောင်းသား၊ ကျောင်းသူများ၏ လုပ်ဆောင်ချက်သည် မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် ကောင်းမွန်သောလုပ်ရပ်ဖြစ်သည်။ အကြမ်းဖက် အဖျက်သမားတို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လမ်းမှားသို့ရောက်နေသောလူငယ်များသည် နောင်တစ်ချိန်တွင် နောင်တကြီးစွာ ရနေသူများ ဖြစ်နေပေလိမ့်မည်။ နောင်တဆိုသည်မှာ နောက်ကျခြင်း၏ရလဒ်၊ ဆုံးရှုံးခြင်း၏အဓိပ္ပာယ်၊ ဝမ်းနည်းခြင်း၏အထိမ်းအမှတ်သာဖြစ်ပြီး မိမိအတွက်မည်သို့မျှ အကျိုးရှိနိုင်တော့မည် မဟုတ်ပေ။ အနှစ်ချုပ်ဆိုရသော် ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိနေကြသူ အားလုံးကို မြဝတီက ကြိုဆိုဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။   ။