လူငယ်နှင့်စာပေပွဲတော် နွှဲစို့တူပျော်ပျော်

လူငယ်နှင့်စာပေပွဲတော် နွှဲစို့တူပျော်ပျော်

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ  ၃ဝ ရက်)

ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံအတွက် အလေးအနက် တန်ဖိုးထားရမည့် နေ့ထူးနေ့မြတ်ဖြစ်သည်။

အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို လွတ်လပ်ရေး မဖြစ်မနေပေးရတော့မည့် အခြေအနေတွင် ယခင်က သွေးခွဲထားသည့်အတိုင်း တောင်တန်းဒေသများကို လွတ်လပ်ရေးမပေးဘဲ ချန်လှပ်ထားလိုသည်။ ထိုသို့ထားနိုင်ရေး အတွက်လည်း ဘက်ပေါင်းစုံ ကြိုးပမ်းသည်။ အထူးသဖြင့် ဗမာနှင့်အခြားသော တိုင်းရင်းသားများ စည်းလုံးမှုမရှိအောင် လုပ်ဆောင်သည်။ ဤသည်ကို တိုင်းရင်းသား ခေါင်းဆောင်များက အေးအတူပူအမျှ အတူတကွလက်တွဲကာ လွတ်လပ်ရေးကို ရယူပါမည်ဟူသော သဘောတူညီချက်ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံမြို့၌ စာချုပ်ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤသည်ကို ဂုဏ်ပြု၍ နှစ်စဉ်ပြည်ထောင်စုနေ့ ကျင်းပလျက်ရှိသည်။

ယခုအခါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သို့ ရောက်တော့မည်ဖြစ်ပါသည်။ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ''ပြည်ထောင်စုအကျိုး သယ်ပိုးဖို့ အသိပညာမြှင့်တင်စို့'' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအတွင်း စည်ကားသိုက်မြိုက် ခမ်းနားစွာ ကျင်းပနေပြီဖြစ်သည်။

အဆိုပါ လူငယ်နှင့်စာပေပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ ဗဟုသုတရရှိစေမည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် စာချုပ်စာတမ်းများနှင့် မှတ်တမ်းမှတ်ရာပြခန်း၊ စာပေတိုက်အသီးသီးမှ ထုတ်ဝေထားသည့် စာအုပ်စာစောင်များနှင့်  စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိများ ပြခန်း၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်းပညာရပ်၊ လေကြောင်းပညာရပ်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပေးပြခန်း၊ ပန်းချီအနုပညာ ပြခန်းများစသည်ဖြင့် ပြခန်းပေါင်း ၄ဝ ကျော် ခင်းကျင်းပြသထားသည်။ ထို့ပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေမှု အစီအစဉ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

ပွဲတော်ကြီးကို တာဝန်ယူထားကြသော ဝန်ကြီးဌာနတို့မှ  ဝန်ထမ်းများကလည်း  မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိသည့်အပြင် လူငယ်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီး လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ပွဲတော်သို့ လာရောက်သော လူငယ်နှင့် ကလေးများ ပျော်ရွှင်စေဖို့အတွက် အမှတ်တရ လက်ဆောင်များ ပေးရန်လည်း စီစဉ်ထားရှိသည်။ လူငယ်များကို စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ဖြစ်စေရန် အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲများကိုလည်း ထည့်သွင်းထားသည်။ မည်သူမဆို ပျော်ပျော်ရွှင်ရွှင်ဖြင့် လွတ်လပ်စွာ လာရောက် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားပါသည်။

အဆိုပါပွဲတော်ကြီးကို ''မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့်ကျင့်ဝတ်တန်ဖိုး အပါအဝင်ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်ရန်'' ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ စိန်ရတုဆိုသည်မှာ ကြုံတောင့်ကြုံခဲသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။ စိန်ရတုမှသည် ရာပြည့် နှစ်ပေါင်းထောင်သောင်းများစွာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေရန် လိုအပ်ပေသည်။ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲစေရန်အတွက် မိဘဘိုးဘွားတို့ အစဉ်အဆက် ထိန်းသိမ်းနိုင်ခဲ့ကြသလို ယနေ့လူငယ်များသည်လည်း ထိုအမွေကောင်းကို ဆက်လက်ခံယူ ထိန်းသိမ်းကြရမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတည်တံ့ ခိုင်မြဲရေးတွင် လူငယ်များအနေဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံတွင်ပါဝင် ထမ်းရွက်ကြရမည်ဖြစ်သည်။

လူငယ်ဆိုသည်မှာ သွက်လက်ထက်မြက်သည်။ အတုမြင်လျှင် အတတ်သင်မြန်သည်။  ပင်ကိုစိတ်ရင်းများသည်ဖြူစင်၍ ချစ်စဖွယ်ကောင်းလှသည်။ လူငယ်တို့အတွက် ပတ်ဝန်းကျင်ကောင်းများ လိုအပ်လှသည်။

လူငယ်တို့၏ ဘဝခရီးအစသည် ရွေးချယ်နိုင်သော လမ်းကြောင်းများပေါ်တွင် ရောက်ရှိနေသည့်အတွက် လမ်းရွေးမမှားစေရန် အထူးလိုအပ်လှသည်။ လမ်းကောင်း၊ လမ်းဆိုးထိုနှစ်မျိုးတွင် လမ်းဆိုးကိုရှောင်ရှားနိုင်ဖို့ လိုအပ်သည်။ လမ်းကောင်းကို ရွေးချယ်မိမှသာ မိမိနှင့်မိဘဆွေမျိုး အသိုင်းအဝိုင်း မျက်နှာပန်းလှပြီးနိုင်ငံတော်အတွက် အဖိုးတန်သားကောင်း၊ သမီးကောင်းရတနာလေးများ ဖြစ်လာပေလိမ့်မည်။ လမ်းဆိုးကိုရွေးချယ်မိသူများ အဖို့ကား လူဆိုးလူမိုက် လူရမ်းကားကလေးများအဖြစ် ဘဝနွံနစ်သွားပေမည်။ လူငယ်တိုင်းမှာ ကောင်းမွန်မှန်ကန်သော စဉ်းစားတွေးခေါ်ဉာဏ်ရှိရေးမှာ စာပေသည်အဓိကဖြစ်သည်။ ထို့ကြောင့် လူငယ်နှင့်စာပေ ပွဲတော်တွင် လူငယ်တိုင်း ပါဝင်ဆင်နွှဲကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။