ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် တရုတ်နှင့် WHO ကို ထပ်မံအပြစ်တင် လိုက်ပြန် သည့် ဒေါ်နယ်ထရမ့်

ကမ္ဘာပေါ်၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နောက်ပိုင်း နောက်ထပ် ကမ္ဘာစစ်တစ်ခုထပ်မံ ပေါ်မလာစေရန် ကြားနေအဖွဲ့အစည်းဖြစ်သော ကုလသမဂ္ဂအဖွဲ့ကြီးကို ၁၉၄၅ ခုနှစ်က တည်ထောင်ခဲ့ကာ ယခုအခါ ၇၅ နှစ်သို့ပင် ရောက်ရှိလာပြီဖြစ် သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂရုံးချုပ်ရှိရာ အမေရိကန်ပြည်ထောင်စု  နယူးယောက်မြို့၌ ကုလသမဂ္ဂအဖွဲ့တည်ထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို  ကိုရိုနာဗိုင်းရပ်ကြောင့် အကျဉ်းရုံးကျင်းပခဲ့ရကာ ယခုတော့ အထွေထွေညီလာခံကို  ထုံးစံ အတိုင်း ကျင်းပနေပြီဖြစ်သည်။ သို့သော် သမိုင်းတစ်လျှောက်အထူးဆန်းဆုံးက အဖွဲ့ဝင် ၁၉၃ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များက ပထမဆုံးအကြိမ်အဖြစ် ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောဆို ကြခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်ပထမလှိုင်းပင်မပြီးဆုံးသေးသော အမေရိကန်၊ ဒုတိယလှိုင်းကိုခံစားနေရသော ဥရောပနှင့် ကမ္ဘာတစ်လွှားနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ အထွေထွေညီလာခံသို့ တက် ရောက်ခြင်းမရှိဘဲ သတ်မှတ်ထားသည့် အဖွဲ့ဝင်တစ်နိုင်ငံချင်းစီမှ ကိုယ်စားလှယ်များသာ   မိန့်ခွန်းတက်ရောက် နားထောင်နေရသည်။ ညီလာခံသို့ တက်ရောက်လာသူတိုင်း နှာခေါင်း စည်းတပ်ဆင်ရကာ လက်ဆေးကန်များနှင့် လက်သန့်ဆေးများကိုလည်း နေရာအနှံ့ တွေ့မြင် ရသည်။

စက်တင်ဘာ ၂၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မိန့်ခွန်းပြောခဲ့ပြီး တရုတ်ကို စကားလုံး ထိုးစစ်များဖြင့် တိုက်ခိုက်ခဲ့ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုလည်း  ဝေဖန်ပြစ်တင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်ပြီး တရုတ်ကိုစွပ်စွဲ ပြစ်တင်ခြင်းနှင့် WHO ကို CHO ဟု နာမည်ပြောင်းပြီး ကဲ့ရဲ့ခဲ့သောထရမ့်က WHO အနေဖြင့် ၂၀၁၉ ခုနှစ်   နိုဝင်ဘာလတွင် စတင်ခဲ့သည့် ဗိုင်းရပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အရေးပေါ် အခြေအနေအဖြစ် မထုတ်ပြန်သောကြောင့် မကျေနပ်ဆုံးဖြစ်ခဲ့ကာ  ရန်ပုံငွေထောက်ပံ့မှုကို ပင်  ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထရမ့်က ၎င်း၏အစိုးရကိုယ်တိုင် ဗိုင်းရပ်ထိန်းချုပ်ရေး ကိုင်တွယ်ပုံပျော့ညံ့ခဲ့သည်ကိုတော့  မည်သည့်အချိန်ကမှ ဝန်မခံခဲ့ဘဲ ယခုအချိန်ထိ တရုတ်ကို လက်ညှိုးထိုးနေကာ  ကူးစက်မှု အရေအတွက်နည်းသွားစေရန် ဗိုင်းရပ်စစ်ဆေးမှုများကိုပင် လျှော့ချမည်ဟု ပြောထားခဲ့ ဖူးသည်။

ထရမ့်က ၎င်းကိုယ်တိုင် နှာခေါင်းစည်းတပ်ဆင်ရန် ငြင်းဆန်ခဲ့ပြီး ယခုအချိန်ထိ ထရမ့်ကို ထောက်ခံသူအများစုက နှာခေါင်းစည်းတပ်ဆင်ရန် အသည်းအသန်ငြင်းဆန်နေဆဲဖြစ်ကာ နောက်ဆုံး အမေရိကန်၌ ကာကွယ်ဆေးမထိုးလိုသူ များလာခဲ့ရသည်အထိ ဖြစ်သည်။ ယခုတော့ ဗိုင်းရပ်ကူးစက်မှု ခုနစ်သန်းကျော်ဖြစ်လာသော အမေရိကန်၌ သေဆုံးသူအရေ အတွက်ကလည်း နှစ်သိန်းကျော်သွားခဲ့ပြီဖြစ်ကာ ကမ္ဘာပေါ်၌ ကူးစက်မှုအများဆုံးနှင့်   သေဆုံးမှု အများဆုံးအဖြစ် နေရာယူထားသည်။

အမေရိကန်သို့ ကိုရိုနာဗိုင်းရပ်စတင်ရောက်ရှိချိန်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်ပိုင်း တွင်ဖြစ်ပြီး ကူးစက်မှုတစ်သိန်းပြည့်ရန် လေးလအချိန်ကြာခဲ့ကာ မေလရောက်မှ ထရမ့်က  ဗိုင်းရပ်ဘက်သို့ ခြေဦးလှည့်ခဲ့သည်။ ထိုအချိန် တစ်ကမ္ဘာလုံး၌ တစ်နိုင်ငံလုံး Lockdown ချပြီး ဗိုင်းရပ်ကိုထိန်းချုပ် နိုင်ရန်ကြိုးစားနေခဲ့ကာ ထရမ့်ကတော့ မည်သည့် အကန့် အသတ်မျှ ချမှတ်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် မေလအထိ နိုင်ငံအများစု Lockdown နှင့် အလုပ်ရှုပ်နေချိန် အမေရိကန်၌  နွေရာသီ အားလပ်ရက်တွင် ဖလော်ရီဒါနှင့် ဟာဝိုင်ယီကမ်းခြေတို့၌ လူသောင်းချီဖြင့်  ကြိတ်ကြိတ်တိုး စည်ကားနေခဲ့သည်။ သတင်းဌာနတိုင်း၏ အင်တာဗျူးတွင်လည်း မည်သူမျှ  ကိုရိုနာဗိုင်းရပ်ကို စိုးရိမ်စရာဟု မမြင်ကြောင်း ဖြေခဲ့ကြကာ၎င်းတို့သည် ကမ္ဘာ့ နံပါတ် တစ်နိုင်ငံ၌ နေထိုင်သောကြောင့်  စိတ်မပူဟု ဖြေခဲ့သူများစွာရှိခဲ့သည်။

ယင်းအတွက် အမေရိကန်၏ ဗိုင်းရပ်ပျံ့နှံ့မှုက အချိန်တိုအတွင်း ပြည်နယ်အားလုံးသို့ ရောက်ရှိသွားကာ ပြည်တွင်းဆေးရုံများဖြင့် မလုံလောက်သဖြင့် ယာယီဆေးရုံများစွာ ထပ်မံ တည်ဆောက်ခဲ့ရကာ နောက်ဆုံး ရေတပ်ဆေးကုသရေးသင်္ဘောကိုပင် ကုသရေးအတွက် အသုံးပြုခဲ့ရသည်အထိဖြစ်သည်။ အလုပ်လက်မဲ့နှုန်းကလည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ၁၀ ဒသမ ၂ ရာခိုင်နှုန်းအထိ အဆိုးဆုံးရောက်သွားခဲ့ကာ နေ့စဉ်လူမွဲစာရင်းသွင်းသူ သိန်း ချီရှိခဲ့သော အမေရိကန်၏ သမိုင်းဝင်နေ့ရက်များ ဖြစ်ခဲ့သည်။

ကွန်ဂရက်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သမိုင်းတစ်လျှောက် အကြီးမားဆုံး အကူအညီပေး ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိချပေးခဲ့ရကာ စက်တင်ဘာလအထိ အမေရိကန်၌ အလုပ်လက်မဲ့နှုန်း  ၈ ဒသမ ၄  ရာခိုင်နှုန်းအထိ ဆက်လက် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန်ပထမဖြစ်ရေး ကြွေးကြော်နေသည့် ထရမ့်လက်ထက် အလုပ် လက်မဲ့ နှုန်း ငါးသန်းကျော်ရှိလာကာ စီးပွားရေးကျဆင်းမှုကိုလည်း ၄ ဒသမ ၅ ရာခိုင်နှုန်းဟု ခန့်မှန်း ထားသေးသည်။

ထိုအချက်များကို ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်က မဲဆွယ်ပွဲတွင် ထရမ့်၏ အားနည်းချက်များအဖြစ် အသုံးပြုနေကာ ထရမ့်ကတော့ နိုင်ငံစီးပွားရေးကျဆင်းမှုသည် အဓိက ဗိုင်းရပ်ကြောင့်ဖြစ်လာသဖြင့် တရုတ်ကို ပိုမိုအပြစ်ပုံချလေဖြစ်သည်။ စစ်အေးကာလ ရုရှားနှင့် အမေရိကန်တို့ နျူကလီးယား လက်နက်များ အပြိုင်အဆိုင်ထုတ်လုပ်မှုကြောင့်  တတိယကမ္ဘာစစ်ဖြစ်လုနီးပါးအထိဖြစ်ခဲ့ရကာ ယခုတော့ ထိုအဆင့်ကို အောင်မြင်စွာကျော် နိုင်ခဲ့ပြီဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက် က စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့်  နှစ်ပတ်လည်မိန့်ခွန်းတွင် ပြောကြားသည်။

သို့သော် ယခုအချိန်ထိ အမေရိကန်နှင့် ရုရှားတို့ ဆက်ဆံရေးကောင်းမွန်သည်ဟု   မဆိုနိုင် သေးဘဲ ထရမ့်က တရုတ်နှင့်စစ်ရေး၊ နိုင်ငံရေးတင်းမာမှု အမြင့်ဆုံးရောက်အောင်  ဆွဲခေါ်နေ ချိန်လည်းဖြစ်သည်။ တောင်တရုတ်ပင်လယ်ပြင်သို့ပင် လေယာဉ် တင်သင်္ဘောနှစ်စင်းလွှတ် ထားကာ အာရှပစိဖိတ်သို့လည်း နျူကလီးယားလက်နက် ရာချီသယ်ဆောင်ထားသည့် အိုဟိုင်းယိုး အတန်းအစား ရေငုပ်သင်္ဘော ကိုးစင်းစေလွှတ်ထားသေးသည်။

တရုတ်တို့ကလည်း အမေရိကန်၏ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ရေး လေ့ကျင့်မှုများ မကြာခဏပြုလုပ်နေကာ ပင်တဂွန်စစ်ဌာနချုပ်က ရုရှားထက် တရုတ်က ပိုမိုစိုးရိမ်စရာကောင်းလာသည်ဟု ထုတ်ဖော်ပြောကြားထားသောကြောင့် နောက်ထပ် စစ်အေးတိုက်ပွဲတစ်ခုဆီ ဦးတည်မောင်းနှင်နေမှုများအား ကုလသမဂ္ဂအဖွဲ့ကြီး    အချိန်မီ ထိန်းနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။  ။       

ရှိန်းထက်

Ref;CNN