ရေအားလျှပ်စစ်စီမံကိန်းများ အောင်မြင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ ဇန်နဝါရီ ၂၄ ရက်ကသွားရောက် ကြည့်ရှုစစ်ဆေးပြီး အမှာစကား ပြောကြားရာတွင် “ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ကြီးမားပြီး ကုန်ကျစရိတ် တန်ဖိုးအားတိကျစွာ တွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသော အကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍ မရအောင် အတိုင်းအတာကြီးမားကြောင်း၊ ယခုရဲရွာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ထွက်ရှိသော လျှပ်စစ်ယူနစ်များ၏ တန်ဖိုးကို တွက်ချက်ပါက စက်ရုံတည်ဆောက်မှု ကုန်ကျစရိတ်အား ပြန်လည်ရရှိပြီး ဖြစ်သည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ များအတွက်များစွာ အထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုသဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် အရင်းအမြစ်များစွာ ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကိုလည်း လုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း”ဖြင့်ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား အလုံအလောက် ရရှိသုံးစွဲနိုင်ရေးသည် အခြေခံလိုအပ်ချက်ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းကြီးသုံးခုမှာ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားပို့လွှတ်မှုနှင့် ဓာတ်အားဖြန့်ဖြူးမှုတို့ ဖြစ်သည်။ ဤသုံးခုတွင် ထုတ်လုပ်ရေးမှာ ဓာတ်အားရရှိစေရန် အရင်းအမြစ်တစ်ခုခုကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထွက်ရှိအောင် ပြုလုပ်ခြင်းဖြစ်သည်။ ဓာတ်အားပို့လွှတ်ရေးမှာ ဓာတ်အားပေးစက်ရုံမှ ဝေးလံသော ဒေသများအရောက် ဗို့အားမြင့် ဓာတ်အားလိုင်းကြီးများဖြင့် ပို့ဆောင်ပေးရခြင်း ဖြစ်သည်။ ဖြန့်ဖြူးရေးမှာ ဓာတ်အားလိုင်းများမှ ဓာတ်အားကို အသုံးပြုသည့်နေရာအရောက် ဗို့အားအဆင့်ဆင့်ချ၍ အရောက်ပို့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အာရှတိုက်တစ်တိုက်လုံး ရေချိုပိုင်ဆိုင်မှု၏ ၁၂ ရာခိုင်နှုန်းနှင့် အရှေ့တောင် အာရှနိုင်ငံများ၏ ၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ စိန်ရွှေငွေကျောက်သံပတ္တမြား၊ ရေနံသဘာဝ ဓာတ်ငွေ့ထက်ပို၍ တန်ဖိုးရှိသော နှစ်စဉ်ပြန်လည်ပြည့်ဖြိုးနေသော အဖိုးတန်ရေကို ပိုင်ဆိုင်ထားသည့် အတွက် အဆိုပါရေများကို အကျိုးရှိစွာ အသုံးပြုရမည်ဖြစ်သည်။ နှစ်စဉ်ပြန်လည်ပြည့်ဖြိုးနေသော ရေကို မိမိတို့ကသုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ မြစ်ချောင်းများကတော့ နှစ်စဉ်သူ့တာဝန်ကိုသူ ကျေပွန်စွာ စီးဆင်းနေသည်။ မိမိတို့ကမသုံးလျှင် ထိုရေများစွာကား ပင်လယ်ထဲသို့ ဆက်လက်ထွက်ခွာ ပါလိမ့်မည်။ မိမိတို့သုံးပါက မိမိတို့ကို ကျေးဇူးပြုပါလိမ့်မည်။ သဘာဝကြီးကလူသားများအတွက် အကောင်းဆုံး လက်ဆောင်ပေးထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံကို မျက်နှာသာပေးကာ ပိုပိုမိုမို ပေးထားသည်မှာ ဝမ်းသာဖွယ် ဖြစ်ပေသည်။

ထို့ကြောင့်ပင်လျှင် မြန်မာတို့သည် နှစ်ပေါင်း ၂၀ ကျော်စီးပွားရေး ပိတ်ဆို့ထားမှုကြားမှ ရေအားလျှပ်စစ်စက်ရုံကြီးများ တည်ဆောက်ပေးနိုင်ခဲ့သည်။ ရေအားလျှပ်စစ်စက်ရုံကြီးတစ်ရုံ ဖြစ်လာရန်မှာ ၆ နှစ်မှ ၁၀ နှစ်ခန့်အထိ အချိန်ပေးရသည်။ ဓာတ်အား ၁ မဂ္ဂါဝပ်အတွက်ထုတ်လုပ်မှုမှ ဖြန့်ဖြူးပြီးသည်အထိ လုပ်ငန်းများအစအဆုံး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ သန်းခန့်ကုန်ကျသည်။ ရေအားလျှပ်စစ်စီမံကိန်းများသည် ရေရှည်ဆောင်ရွက်ရသည့် စီမံကိန်းများ ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် အထက်ရဲရွာ၊ အလယ်ရဲရွာနှင့် ဒီးဒုတ်ရေအားလျှပ်စစ် စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ LNG ဓာတ်ငွေ့များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ် ကြီးမြင့်သည့်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရာတွင်လည်း ပြည်ပကုမ္ပဏီများကို သာမက ပြည်တွင်းကုမ္ပဏီများမှလည်း ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရန် လိုကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပါသည်။

ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းကြီးတစ်ခုကို ရပ်တန့်ထားလိုက်ရခြင်းမှာ နိုင်ငံအတွက်လွန်စွာ ဆုံးရှုံးမှုဖြစ်သည်။ အမှန်တကယ် နစ်နာသည်မှာ နိုင်ငံနှင့်ပြည်သူများသာ ဖြစ်သည်။ စီးဆင်းနေသော ရေကိုကောင်းစွာ အသုံးမပြုသောအခါ ထိုရေများက လက်ပြနှုတ်ဆက်ကာ ပင်လယ်သမုဒ္ဒရာထဲသို့ စီးဆင်းသွားခဲ့သည်။ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား သည် မရှိမဖြစ် လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရေအား လျှပ်စစ် စီမံကိန်းများကို တိုးချဲ့ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းကောင်းမှာ ပြည်သူတို့အတွက် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။  ။