သတိပြုသင့်သော တိတ်တဆိတ်ရောဂါဖြန့်ဝေ နေသူများကို ရှာဖွေဖော်ထုတ် ပူးပေါင်း ဆောင်ရွက်ကြပါ

“ချောင်းမဆိုး၊ ကိုယ်မပူ၊ ဖျားနာသည့်လက္ခဏာ တစ်မျိုးမျိုးမှမရှိဘဲ ရောဂါပိုးကတော့ရှိနေပြီး အခြားသူများကို  ရောဂါဖြန့်ဝေ ကူးစက်နေစေသော သူများရှိနေပြီ။ ထိုသူတို့သည် အထူးသတိပြုရမည့်သူများ ဖြစ်သည်”ဟု  Georgetown University မှ  ကူးစက်ရောဂါပညာရှင် f Dr. Shweta Bansal ဆိုသူက ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကပင်   သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါစတင်ဖြစ်ပွားစဉ် ဝါရှင်တန်ပြည်နယ်ရှိ nursing homes  လူအိုရုံများ၊ ဓမ္မတေး စုပေါင်းသီဆိုသည့်  choir groups များနှင့် ထိုသူတို့၏   မိသားစုများအကြား ထိုသို့ကူးစက်နေခဲ့သည်ကို တွေ့ခဲ့ရသည်။ ပိုးစစ်ဆေးတော့ ပိုးတွေ့သည်။ ရောဂါလက္ခဏာကတော့မရှိ။

ဆိုးသည်က အတူနေသူများကို ကူးစက်နေစေခြင်းဖြစ်ကြောင်း တွေ့ရသည်။ ထိုသူတို့ကို “တိတ်တဆိတ် ရောဂါဖြန့်ဝေ နေသူများ (silent spreaders)”ဟု ဆိုခဲ့သည်။ ထိုကဲ့သို့သော အခြေအနေကို ကျွန်တော်တို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် တွေ့နေရပြီ ဖြစ်သည်။

ထို silent spreaders များကို လေ့လာရာ အုပ်စု(၃)စုရှိနေကြောင်း သိရသည်။

အုပ်စု(၁)

Asymptomatic:  ထိုသူတို့သည် ရောဂါလက္ခဏာတစ်ခုမှမပြ၊ ရောဂါပိုးရှိနေပြီး ရောဂါပိုးကို သယ်ဆောင် ထားသူများလည်း ဖြစ်သည်။ အတည်ပြုလူနာများနှင့် နီးကပ်စွာနေခဲ့သူတို့ကို စစ်ဆေးရာမှ ထိုသူမျိုးကို တွေ့ရတတ်ခြင်း ဖြစ်သည်။   တစ်ဖန်  ထိုသူတို့ကို   follow-up exams   ဆက်လက်စစ်ဆေးရာတွင်လည်း ၂၅ ရာခိုင်နှုန်းက ပိုးတွေ့ရောဂါလက္ခဏာမပြဘဲရှိနေကြသည်ကိုတွေ့ရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်က ထိုသို့တွေ့ခဲ့ရသည်ဟုလည်း ဆိုပါသည်။  

ထိုသို့ဖြစ်နေမှုများက မည်မျှအကျိုးဆက်ရှိမည်ကို မခန့်မှန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ကျယ်ပြန့်စွာ ပျံ့နှံ့စေနိုင်ကြောင်း သတိပြုမိကြပြီဖြစ်သည်။ ကပ်ရောဂါ၏ ဒုတိယလှိုင်းကဲ့သို့ နောက်ပိုင်းကျယ်ပြန့်စွာ ကူးစက်နေမှု များတွင် ထိုသို့သော တိတ်တဆိတ်ရောဂါဖြန့်ဝေနေကြသူများက အလွန်အန္တရာယ်ကြီးမားကြောင်း တွေ့ရှိလာကြသည်။ တရုတ်နိုင်ငံ နန်ဂျင်းမြို့တွင်လူကောင်းပကတိပိုးတွေ့သူပေါင်း ၂၄ ဦးတို့ကို တွေ့ခဲ့ရသည်။နောက်ထပ် ရက်သတ္တသုံးပတ်ကြာသည်အထိ သူတို့မှာ မည်သည့်ရောဂါလက္ခဏာမျှမပြကြသည်ကို တွေ့ရသည်။ ထူးခြားသည်မှာ ထိုသူတို့၏ပျမ်းမျှအသက်သည် ၁၄ နှစ်သာဖြစ်ကြသည်။ လူငယ်လေးများ၊ အရွယ်ကောင်းကောင်း ခံနိုင်ရည်ရှိကြသူများလည်း ဖြစ်ကြသည်။ ဗိုင်းရပ်တစ်ကောင်သည် လူ့ခန္ဓာကိုယ်ထဲ ရောက်သွားပါက တစ်ကောင်ကနေနှစ်ကောင်၊ ထိုမှလေးကောင်၊ ၁၆ ကောင်၊ တစ်ဖန် ၂၅၆  ကောင်၊ ဆက်လက်၍ ၆၆၅၃၆ ကောင်စသည်ဖြင့် ပွားသွားနိုင်ကြောင်းသိရပါသည်။ ယင်းသည် ယခုတွေ့နေရသော အလွန်ကူးစက်မြန်သည့်  အခြေအနေမျိုးကို ဖန်တီးနိုင်မည်ဟုယူဆမိပါသည်။ ထို့ကြောင့် အထူးဂရုပြုရမည့် အခြေအနေဖြစ်သည်။ (ယခုမြန်မာနိုင်ငံ၏ COVID-19 ဖြစ်ပွားမှုတွင် ရောဂါလက္ခဏာမရှိသူပေါင်း ၇၅ ရာခိုင်နှုန်း ရှိသည်ဟုလည်း  သိရပါသည်)။

အုပ်စု(၂)

Presymptomatic:   ရောဂါပိုးရှိနေပြီး   ပိုးကို incubate ဆက်လက်ပျိုးထောင်နေသူ၊  ရောဂါလက္ခဏာ မပြသူမျိုး ဖြစ်သည်။ မကြာမီရောဂါလက္ခဏာ ပြတော့မည့်သူများ ဖြစ်သည်။ အခြားသူတို့ကိုလည်း ကူးစက်စေဦးမည် ဖြစ်သည်။

ရောဂါပိုးကူးစက် ဝင်ရောက်ခံရပြီး ငါးရက်မှခုနစ်ရက်ခန့်အကြာ (အချို့က ရက်သတ္တနှစ်ပတ်ခန့်)တွင် ရောဂါ လက္ခဏာများ ပြလာတတ်ပါသည်။ ထိုသို့ရောဂါပိုးဝင်ရောက်ပြီးချိန်မှစတင်ကာ ရောဂါလက္ခဏာများ ပြသည့်အချိန်အထိ ကြာမြင့်ချိန်ကို presymptomatic phase ရောဂါပိုးရှိနေပြီး လက္ခဏာမပြမီကာလဟုခေါ်ပါသည်။ (Annals of Internal medicine). ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ Health Emergencies Programme အရေးပေါ်ကျန်းမာရေး အခြေအနေများဆိုင်ရာ အစီအစဉ်၏    နည်းပညာပိုင်းဆိုင်ရာခေါင်းဆောင် Maria Van Kerkhove က “ကိုရိုနာပိုးရဲ့ ရောဂါလက္ခဏာများပြချိန်တစ်ဝိုက်မှာ ကူးစက်မှုအများဆုံးဖြစ်တယ်။ အထူးသဖြင့် ရောဂါလက္ခဏာမပြမီ တစ်ရက်မှ သုံးရက်အတွင်းက ကူးစက်နိုင်မှုအများဆုံးပဲ။ အခုအခါ Presymptomatic  လက္ခဏာမပြမီလေး ကူးစက်ပျံ့နှံ့မှုကို အတော်တွေ့နေရပါတယ်။   ပိုးတွေ့အတည်ပြုလူနာများရဲ့  ၇၅ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ မပြကြဘူး။ နောက်ပိုင်းမကြာမီမှာမှ ချောင်းဆိုး၊ ကိုယ်ပူ၊ မောပန်း၊ အနံ့မရ၊ အသက်ရှူကျပ်တာတွေဖြစ်လာကြပါတယ်”ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် King County အရပ်ရှိလူအိုရုံမှ ပိုးတွေ့ အတည်ပြုလူနာ ၈၂ ဦးကို မတ်လလယ်ကတွေ့ခဲ့ရရာ ထက်ဝက်ခန့်မှာ ဘာရောဂါလက္ခဏာမှ မပြကြသည်ကို  တွေ့ရသည်။

ထို့နောက်တွင်မှ   COVID-19 ၏  လက္ခဏာများ တွေ့ရှိ ခံစားလာကြပါသည်။   ထိုသူတို့ကို  သီးသန့်ခွဲမထားမိခဲ့။ ထို့ကြောင့် ထိုသူတို့က အခြားသူများထံ ရောဂါများ ဖြန့်ဝေပေးကြတော့သည်။ အလားတူပင် စင်ကာပူနိုင်ငံ၌  ထိုသို့သော   presymptomatic spread ကို တွေ့ခဲ့ရသည်ဟုသိရသည်။  ဘုရားရှိခိုး ကျောင်းတစ်ခုကို  သွားရောက်ခဲ့သူအချို့  ဓမ္မတေးသီဆိုမှုသင်တန်းကိုလည်း   တက်ရောက်ခဲ့သည်။ ထို့နောက် သူတို့၏မိသားစုများထံ ကူးစက်စေတော့သည်။

အုပ်စု(၃)

Very Mildly symptomatic: COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာများကို ပြင်းပြင်းထန်ထန် မခံစားရ။ ထိုသူတို့ကတစ်ဆင့် အနီးရှိသူများထံ ကူးစက်စေသည်။ သူကတစ်ဆင့်  ကူးစက်ခံရသူတွေက  ရောဂါလက္ခဏာ သိပ်ပြင်းပြင်းထန်ထန် မခံစားရတဲ့ အခြေအနေကနေ ပြင်းထန်တဲ့အခြေအနေအထိ ခံစားကြရတတ်ပါတယ်။  သာမန်နှာစေး၊ ချောင်းဆိုးစတာလောက်ဖြစ်နေပေမယ့် COVID-19 ပိုးကူးစက်ခံနေရသူပဲ ဖြစ်ပါတယ်။ သူ့ကိုပိုးစစ်ရင် တွေ့ပါတယ်။ သူက အဲဒီလိုခံစားနေရပြီး တခြားသူတွေ ဆီကူးစက်စေပါတယ်။ ဖေဖော်ဝါရီလလယ်လောက်တုန်းက တရုတ်နိုင်ငံ နန်ဂျင်းမြို့က အမျိုးသားကြီးတစ်ယောက်  ဟူဘေးပြည်နယ်ကို အလည်သွားပြီး ပြန်လာခဲ့တယ်။ ဆယ်ရက်ကြာတော့  သူ့ဇနီးက ဖျားလာတယ်။ အော့အန်လာတယ်။ အဆုတ်ရောင်ပါဖြစ်လာလို့  ဆေးရုံတင်ရတယ်။ နောက်ဆုံးအထူးကြပ်မတ်ဆောင် ICU အထိရောက်သွားတယ်။

ဆရာဝန်တွေက COVID-19 ပိုးကူးစက်တယ်လို့ စစ်ဆေးတွေ့ရှိကြတယ်။ အမျိုးသားကြီးကိုပိုးစစ်တော့ သူက ပိုးတွေ့အတည်ပြု ခံရသူဖြစ်တယ်။ သူကဘာမှမဖြစ်။    သူ့အဆုတ်ကို ဓာတ်မှန်ရိုက်တော့လည်း  အဆုတ်ကကောင်းနေတယ်။ သူ့ကိုသေသေချာချာမေးတော့ “စဖြစ်ခါစတုန်းက နည်းနည်းပါးပါးမအီမသာဖြစ်ရုံပဲ။ နောက်တော့ အားလုံးအိုကေပဲလို့ဆိုပါတယ်” စသည်ဖြင့်   Science  China Life Sciences ဂျာနယ်တွင် ဆေးပညာလေ့လာသူတစ်ဦးက ရေးသားထားပါသည်။ University of Pittsburgh မှ Flu Researcher  တုပ်ကွေးဗေဒပညာရှင် SeemaLak-dawala  ကမူ “ဒီလိုသိပ်မခံရဘဲ ကူးစက်ခံနေရသူတွေကတစ်ဆင့်  ထပ်မံကူးစက်ခံနေရသူတွေဟာလည်း သိပ်ပြင်းပြင်းထန်ထန် မခံစားရဘဲ ပေါ့ပေါ့ပါးပါး လောက်နဲ့ပဲပြီး သွားတတ်တယ်။ ဒါပေမဲ့ သူကတစ်ဆင့် ရောဂါကိုဖြန့်ဝေပါတယ်” ဟုလည်း  ဆိုပါသည်။

 Diamond Princess အပျော်စီးသင်္ဘောကြီးသည် COVID-19 စတင်ချိန်ကာလက အာရှတိုက်မှတစ်ဆင့် ဥရောပတိုက်သို့ ရောဂါဖြန့်ဝေပေးခဲ့သည့် သင်္ဘောကြီးဟု လူသိများပါသည်။ ထိုသင်္ဘောကြီးပေါ်ရှိ ပိုးတွေ့အတည်ပြုလူနာတို့၏ ၅၀ ရာခိုင်နှုန်းတို့မှာ မည်သည့်ရောဂါလက္ခဏာမျှ မပြကြ။ ၁၈ ရာခိုင်နှုန်းတို့က နောက်ပိုင်းတွင်လည်း အကောင်းပကတိဖြစ်နေကြသည် တွေ့ခဲ့ရသည်။

ဖော်ပြသကဲ့သို့   ရောဂါလက္ခဏာမတွေ့ရဘဲ ကူးစက်နေမှုသည် ယခုအခါ  သိသာထင်ရှားသော ပြန့်ပွားမှုများကို ဖန်တီးနေနိုင်ပြီဟု CDC(Centers for Disease Control and Prevention) ရောဂါထိန်းချုပ်ကာကွယ်ရေး စင်တာ၏ ဒါရိုက်တာ Robert Redfield ကဆိုပါသည်။  ရောဂါလက္ခဏာမပြသူ၊ နောက်ပိုင်းမှပြလာသူ၊ နည်းနည်းပါးပါးခန့်သာ ခံစားကြရသူ၊ ထိုသူတို့ကတစ်ဆင့် ထပ်မံဖြန့်ဝေကူးစက်နေမှုသည် ကူးစက်ပြန့်ပွားနေမှုများ၏ ၇၉  ရာခိုင်နှုန်းမျှ ရှိနေနိုင်သည်ဟု ထုတ်ဖော်ပြောကြားပါသည်။

စင်ကာပူနှင့် တရုတ်နိုင်ငံတို့မှ လေ့လာခဲ့မှုများအရ presymotomatic cases များမှတစ်ဆင့် ကူးစက်ခံရမှုများက ၆ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းခန့် ရှိသည်ဟုလည်း သိရပါသည်။

Columbia University မှ ပါမောက္ခ Jeffery Shaman က COVID-19 ရောဂါစတင်ချိန်က တရုတ်နိုင်ငံတွင် ကူးစက်မှုများ အများဆုံး ဖြစ်စေသည်မှာ ၈၆ ရာခိုင်နှုန်းသောသူများ ဖြစ်ကြသည်။ ထိုသူတို့သည် ပိုးတွေ့အတည်ပြုလူနာများ ဖြစ်ကြသော်လည်း ဆရာဝန်နှင့်ပြရလောက်အောင်  ရောဂါလက္ခဏာ မပြင်းထန်သူများ၊ ဘာလက္ခဏာမှ မပြကြသူများ ဖြစ်ကြသည်ဟု ဆိုပါသည်။ ထိုသူတို့ကို(Silent spreaders) တိတ်တဆိတ်ရောဂါဖြန့်နေသူများ ဟုလည်း အမည်ပေးခဲ့ပါသည်။ သူက အိုက်စလန်နိုင်ငံတွင် ကြုံရာစစ်ဆေးကြည့်ရာ ပိုးတွေ့သူတို့၏ ၅၀ ရာခိုင်နှုန်းတို့သည်  ရောဂါလက္ခဏာမပြသူများ ဖြစ်ကြောင်းကိုလည်း  တွေ့ခဲ့ရသည်ဟု ဆိုပါသည်။ ပိုးတွေ့ပါတယ် သို့သော်နေကောင်း နေပါတယ် ဆိုသူတွေဟာ သိပ်ကို အလေးထား စောင့်ကြည့်ရမယ့်သူတွေ  ဖြစ်ပါတယ်။

သူတို့ကို ရှာဖွေရမယ်၊ တွေ့တာနဲ့သီးသန့်ခွဲထားရမယ်၊ သူတို့ကနေတစ်ဆင့်  ပြန့်တာကို ဖြတ်တောက်နိုင်ရင် ထိန်းနိုင်ပြီဟုလည်း Shaman ကဆိုပါသည်။ အချို့က ကူးစက်ခံနေရသော်လည်း  ငါးရက်မှ နှစ်ပတ်ခန့်အထိ သွားလာလှုပ်ရှားနေနိုင်ကြသည်။ ထိုကာလအတွင်း သူတို့က ဖြန့်ဝေနေကြသည်။  ပြီးမှ နေထိုင်မကောင်းကြောင်း၊ ချောင်းဆိုး၊ အနံ့မရကြောင်း စသည်များပြောလာကြတော့သည်။ “ကဲ-မခက်ဘူးလားဗျာ”ဟုဆိုသည်။ သူတို့သည် ရောဂါလက္ခဏာမပြသည်ဖြစ်စေ၊  နောက်ပိုင်းမှပြလာသည်ဖြစ်စေ အစပိုင်းက   အနည်းအကျဉ်းသာပြသည်ဖြစ်စေ၊ ပိုးကူးစက်ခံနေရသူသာဖြစ်ပြီး သူတို့မှတစ်ဆင့် chains of transmission တသီတတန်းကူးစက်ခံရမှုများကို ဖန်တီးနေမှာသာဖြစ်သည်။ ထို့ကြောင့် ရောဂါကိုထိန်းနိုင်သည့် နိုင်ငံများတွင်  ပိုးစစ်ဆေးမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်း၊ ရောဂါပိုးခြေရာခံမှုများကို ကျယ်ပြန့်စွာဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ကြသည်ကို တွေ့ရသည်။  ပိုးတွေ့နေကောင်းနေသူများကို  နှစ်ပတ်အိမ်မှမထွက်ရ အမိန့်ချမှတ်လေ့ရှိကြသည်။ ပိုးထပ်စစ်၊ မတွေ့မှ သူတို့အတွက် ကိစ္စကပြီးပါပြီဟု ဆိုနိုင်သည်။  

အမေရိကန်နိုင်ငံသည် ထိုအချက်ကိုမလိုက်နာခဲ့ပါ။ ထို့ကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရသည်ဟုလည်း ဆိုပါသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် မည်သည့်မကျန်းမာမှု မျိုးမှမတွေ့ရဘဲ သူမတွင်ပိုးတွေ့သည်။ သူမထံမှ သူမ၏ မိသားစုဝင်ငါးဦးထံ ကူးစက်သွားခဲ့သည်။ အားလုံးပိုးတွေ့ပြီး COVID-19 ၏ လက္ခဏာများကို တွေ့ရသည်ဟုလည်း မကြာမီက လေ့လာတွေ့ရှိရပါသည်။

အလားတူပင် တရုတ်နိုင်ငံတွင် ကျောင်းများပြန်ဖွင့်လိုက်ရာ ရောဂါသယ်ဆောင်ထားပြီး  ပကတိနေကောင်း နေသည့်အသက် ၄၅ နှစ်ရှိ ကျောင်းဆရာမတစ်ဦးထံမှ အခြားဆရာမနှစ်ဦးထံ ကူးစက်သွားသည်ကိုလည်း စစ်ဆေး တွေ့ရှိရကြောင်း သိရပါသည်။ New England Journal of Medicine တွင် ဖော်ပြထားချက်တစ်ခုအရလည်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ အမျိုးသမီး တစ်ဦးထံမှ အသက် ၃၃ နှစ်ရှိ ဂျာမန်လုပ်ငန်းရှင် တစ်ဦးထံ ကူးသွားသည်။ သုံးရက်အကြာ ထိုလုပ်ငန်းရှင်က နေကောင်းသွားပြီဆိုကာ  အလုပ်ခန်းထဲသွားရောက်ရာ အနီးရှိသူနှစ်ဦးထံ ကူးစက်သွားခဲ့သည်။ မူလရောဂါပိုးရှိနေသူ တရုတ်အမျိုးသမီးသည် ဗိုင်းရပ်ပိုးလက်ခံရှိသည့် အချိန်မှ သုံးရက်အတွင်း  အနည်းငယ် ဖျားနာချောင်းဆိုး နေခဲ့သည်ဟုလည်း သိရသည်။ WHO ၏ လေ့လာမှုများအရ   Asymptomatic    ရောဂါပိုး သယ်ဆောင်ထားပြီး ရောဂါလက္ခဏာများ မပြဟု သတ်မှတ်ခံထားရသူ အချို့သည် နောက်ပိုင်းတွင်   ရောဂါလက္ခဏာများ ပြလာကြသည်ကို တွေ့ရသည်ဟုသိရသည်။ တရုတ်နိုင်ငံရှိ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်လေ့လာခဲ့မှုများအရ အစပိုင်းက Asymptomatic ဟု သတ်မှတ်ခံရသူတို့၏ ၇၅ ရာခိုင်နှုန်းတို့သည် နောက်ပိုင်းတွင် ရောဂါလက္ခဏာများ ခံစားလာကြသည်ကို တွေ့ရသည်။ အမေရိကန်နိုင်ငံ  CDC   ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန၏  လေ့လာမှုတစ်ခုအရလည်း  Asymptomatic  ၁၃ ဦးအနက် ၁၀ ဦးက ဖျားနာ၊ ချောင်းဆိုး၊ အနံ့မရလာကြသည်ကို တွေ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံ ဂွမ်ဇူးဒေသရှိ ပိုးတွေ့အတည်ပြုလူန  ၉၄ ဦးတို့တွင် ရောဂါလက္ခဏာပြချိန်   လည်ချောင်းတို့ဖတ်ယူချိန်မှာ     ပိုးအမြောက်အမြားတွေ့ရသည်။  ထို့ကြောင့်    ပိုးဝင်ပြီး လက္ခဏာမပြမီအချိန်ကလေး သို့မဟုတ်   စတင်ပြလာချိန်တို့မှာ ကူးစက်စေနိုင်မှု အမြင့်ဆုံးအချိန်ဟု ဆိုသည်။     ဟောင်ကောင်နိုင်ငံတွင် လေ့လာမှုတစ်ခုမှာလည်း     ထိုကာလတွင် ကူးစက်ခံနေရသူ၏ တံတွေးထဲတွင်  ပိုးများစွာ ပါဝင်နေသည်ကိုတွေ့ရသည်။ ရောဂါလက္ခဏာ စတင်ပြသသည့်ရက်မှ တစ်ပတ်အတွင်း သူ၏တံတွေးတွင်   viral    load ဗိုင်းရပ်ပိုးထုသိပ်သည်းစွာ တွေ့ရသည်။ တစ်ပတ်ကျော်ပါကလျော့သွားသည်။ ထို့ကြောင့် “တံတွေးထွေးခြင်းကို သတိပြု၊  စည်းကမ်းမဲ့မနေသင့်၊  သတိပြုကြ” ဟုလည်း   သတိပေးထားပါသည်။   စကားပြောရာတွင် လည်ချောင်းရှင်း “အဟမ်းအဟမ်း” လုပ်ရာတွင်  ပိုးများစွာ ထွက်လာကြပြီး  စကားပြောရာမှတစ်ဆင့် အလွယ်တကူ ကူးစက်စေနိုင်ကြောင်းလည်း   တွေ့ရသဖြင့်    သတိပြုရန် ဖြစ်သည်။   (ကွမ်းမစားကြဖို့၊   ကွမ်းသွေးကို တွေ့ကရာမထွေးကြဖို့၊ သတိပြုဆင်ခြင်ကြဖို့ဖြစ်သည်)။

ကျွန်တော်တို့ နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်က  ပိုးတွေ့အတည်ပြု လူနာတစ်ဦး စတင်တွေ့ရှိပြီး ချိန်မှစတင်ကာ အတည်ပြုလူနာ ၁၀၀၀ ပြည့်ရန် ၁၆၄ ရက်မျှ ကြာခဲ့သော်လည်း နောက်လူနာ ၁၀၀၀ ပြည့်ရန်  ခုနစ်ရက်သာ ကြာပါတော့သည်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လဝက်ခန့်မှစတင်ကာ ပိုးတွေ့အတည်ပြုလူနာ တစ်ဟုန်ထိုး များပြားလာသည်ကို တွေ့နိုင်သည်။ အထူးသဖြင့် ရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားခဲ့ခြင်း၊ ရောဂါပိုးရှိနေသူဖြစ်စေ၊    

ရှိမှန်းမသိရသေးသူတို့နှင့်ဖြစ်စေ   သွားလာပြောဆိုနေထိုင်မိခဲ့ခြင်းရှိခဲ့ပါက မိမိတွင်လည်း ရောဂါပိုးရှိနေနိုင်သည့် သဘောကို အများပြည်သူတို့ နားလည်လက်ခံထားသင့်သည်။ 

ထို့ကြောင့် အများပြည်သူတို့အနေနှင့် COVID-19 ကပ်ရောဂါကာကွယ်နှိမ်နင်းရေး လူထုပါဝင်ဆောင်ရွက်မှုများ Social Measures  ဖြစ်သည့်စနစ်တကျလက်ဆေးခြင်း၊ မတ်တပ်ခြင်း၊ ခပ်ခွာခွာနေခြင်း၊  အိမ်မှာသာနေခြင်း၊ မလိုအပ်ဘဲ အပြင်မထွက်ခြင်း စသည့်အချက်များအပြင် မိမိတို့မိသားစုဝင်များ၊ အနီးဝန်းကျင်ရှိ သူများ၏ ကျန်းမာရေး အခြေအနေ၊ ခရီးသွားရာဇဝင်၊ ထိတွေ့ဆက်ဆံခဲ့မှုများ စသည်တို့ကို မျက်ခြည်မပြတ်လေ့လာကြကာ ထူးခြားသည်များကို တာဝန်ရှိသူတို့နှင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြရန်   အထူးအရေးကြီးသည်။

လာမည့်ရက်သတ္တနှစ်ပတ်မှ တစ်လအတွင်း နိုင်ငံသားတိုင်း   သတိရှိရှိ၊ အသိတရားရှိရှိဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြလေ ယနေ့ပြည်သူအပေါင်း စိုးရိမ်နေကြသည့် နေ့စဉ် များပြားလာနေသော လူနာသစ်ဦးရေ၊ ထိခိုက်ဆုံးရှုံးရသည့် အရေအတွက်    စသည်တို့    ကျဆင်းသွားပြီး ကောင်းစွာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ မိမိမှာရောဂါရှိ မှန်းမသိသေးသူတို့ကိုလည်း အပြစ်မြင်ရန်မဟုတ်ပါ။   ထိုသူတို့သည် အမှန်တကယ်မသိနိုင်ကြပါ။ မိမိတို့၏အကြောင်းမိမိတို့သာအသိဆုံးဖြစ်သဖြင့် ဆက်စပ်မှုရှိပါက ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။ ကပ်ရောဂါ၏ သဘာဝအရ ထိတွေ့ကူးစက်ခံနေရသူတို့မှတစ်ဆင့် ထပ်ဆင့်ထပ်ဆင့် ကူးစက်နေမှုများကို ယနေ့ တွေ့နေရခြင်း ဖြစ်သည်။ ပြည်သူအပေါင်း ပူးပေါင်းဆောင်ရွက်ကြခြင်းသည်သာ အဓိကကျလှသည် ဖြစ်ပေသည်။    ။

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)