ဧရာဝတီယူနိုက်တက်အသင်း ချန်ပီယံဆုအတွက် လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ကစားရန် ပြင်ဆင်ထား

ရန်ကုန်၊ ဘောလုံး

ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံဆုအတွက် လက်ကျန်ပွဲစဉ် နှစ်ပွဲစလုံးကို အနိုင်ကစားရန် ပြင်ဆင်ထားကြောင်း  ဧရာဝတီယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲစဉ်(၁၈)မတိုင်မီ အမှတ်ပေးဇယား ထိပ်ဆုံး၌ဦး ဆောင် နေသော်လည်း စက်တင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်သည့်ပွဲစဉ်တွင်ရှမ်းယူနိုက်တက် အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်  ရှုံးနိမ့်ခဲ့သည့်အတွက် ထိပ်ဆုံးနေရာကို ဟံသာဝတီယူနိုက်တက်အသင်းထံ လွှဲပြောင်းပေးခဲ့ရသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံး ရာသီလက်ကျန်ပွဲစဉ် နှစ်ပွဲအဖြစ် စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ အောက်တိုဘာ ၁ ရက်တွင် ဟံသာဝတီ ယူနိုက်တက် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါ လက်ကျန်နှစ်ပွဲသည် ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာမည်ဖြစ်၍ နှစ်ပွဲ စလုံးကိုအနိုင်ကစားကာ ချန်ပီယံဆု အရယူမည်ဖြစ်ကြောင်း ဦးမျိုးလှိုင်ဝင်းက ရှမ်းယူနိုက် တက်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ပြောသည်။

“ရှမ်းယူနိုက်တက်အသင်းနဲ့ပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်။ ဒါပေမဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ပွဲမှာ  အမှားတွေ ထပ်မဖြစ်အောင် ပြင်ဆင်မယ်။ တစ်ပွဲချင်းကို အကောင်းဆုံး ရလဒ်ရအောင် ဆက်လက်ကြိုးစားမယ်။ လာမယ့် ရန်ကုန်ယူနိုက်တက်၊  ဟံသာဝတီ ယူနိုက် တက် အသင်းတို့နဲ့ တွေ့မယ့် နှစ်ပွဲစလုံးကိုနိုင်ရင် ချန်ပီယံဖြစ်ဖို့ သေချာတယ်။ ဒါကြောင့် နှစ်ပွဲစလုံးကို အနိုင်ရအောင် ကြိုးစားကစားမှာပါ” ဟု ဦးမျိုးလှိုင်ဝင်းက ပြောသည်။

ဧရာဝတီယူနိုက်တက် အသင်းသည် ပွဲစဉ်(၁၈)အပြီးတွင် ၁၂ ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၂)နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးမှ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် တစ်မှတ်သာ ကွာဟလျက်ရှိကြောင်း သိရသည်။

ကိုရဲ