တည်ငြိမ်မှုရှိသော လူမှုပတ်ဝန်းကျင်

မိမိပတ်ဝန်းကျင်တွင် အဖျက်သမား တစ်ယောက်ရှိနေလျှင် မိမိပါဒုက္ခရောက်တော့မည်ကို တွေးဆဆင်ခြင်ပါ။ အဖျက်သမားကို ဘယ်သောအခါမှ အားမပေးပါနှင့်။ အဖျက်သမား ဆိုသည်မှာ ကိုယ်ချင်းစာနာ စိတ်ရှိသူများ မဟုတ်သည့်အတွက် သင့်ကိုလည်း ချမ်းသာပေးလိမ့်မည် မဟုတ်သည်ကို သတိပြုပါ။ ထို့ကြောင့် အဖျက်သမားတို့၏ လှုပ်ရှားမှုသတင်းများကို သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များသို့ လျှို့ဝှက်စွာပေးပို့ခြင်းဖြင့် သင့်ပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းရေးကို စွမ်းဆောင်ပါ။ နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားသည် CRPH, NUG, PDF တို့သည် တိုင်းပြည်ပျက်သုဉ်းရေးကို လုပ်ဆောင်နေသူများသာ ဖြစ်သည်။

မိမိပတ်ဝန်းကျင်တွင် သို့မဟုတ် မိမိ၏အသိမိတ်ဆွေများထဲတွင် တိုင်းပြည်ပျက်စီးရေးလုပ်ဆောင် နေသည်ကို အားပေးခဲ့သော် သင်သည်လည်းအကြမ်းဖက်သမားတစ်ဦးဖြစ်သွားပေလိမ့်မည်။ အကြမ်းဖက် အဖွဲ့အစည်း များအဖြစ် ကြေညာထားသော အဖွဲ့များနှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ထိုလုပ်ဆောင်မှုများကိုမိမိကတစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့လျှင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင် သည့်    ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရသိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရနိုင် ပါသည်။ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ တွင်နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

အကြမ်းဖက် အဖွဲ့အစည်းဆိုသည်မှာလူမှုပတ်ဝန်းကျင်တွင် လုံးဝမရှိသင့်သည့် အဖွဲ့အစည်းဖြစ်သည်။

ယင်းတို့၏ လုပ်ရပ်များသည် လူ့အဖွဲ့အစည်း ပျက်စီးရေးကိုသာ  ဦးတည်ဆောင်ရွက်နေပြီး  အဆိုပါ CRPH, NUG, PDF တို့သည်  နိုင်ငံအတွက် လမ်းတစ်လမ်း၊  တံတားတစ်စင်းမျှ အကျိုးမပြုသည်မှာ မျက်မြင်ထင်ရှား ဖြစ်ပါသည်။ သူတို့၏ရည်ရွယ်ချက်ကား တိုင်းပြည်ကောင်းကျိုး ဖြစ်စေသလား၊ ဆိုးကျိုးဖြစ်စေသလား စဉ်းစားချင့်ချိန်နိုင်သော အသိဉာဏ်ကိုပိုင်ဆိုင်သူတိုင်း သိနိုင်ပေသည်။

အကြမ်းဖက် အဖျက်သမားများ၏ လုပ်ရပ်များကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ တစ်နိုင်ငံလုံးပျက်စီးဆုံးရှုံးမှု၊ သေဆုံး/ဒဏ်ရာရရှိမှု၊ သိမ်းဆည်းရရှိမှုနှင့် ဖမ်းဆီးရရှိမှုစာရင်းများမှာ လမ်းတံတားများဖျက်ဆီးခံရမှု ၅၂၅ ခု၊ ဆေးရုံ/ဆေးခန်းများ ဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်း၊ ပညာရေးအဆောက်အအုံများဖျက်ဆီးခံရမှု ၅၀၄ ခု၊ရဟန်းသံဃာများ သေဆုံးမှု ၂၀၊ အစိုးရဝန်ထမ်းများ သေဆုံးမှု ၉၅ ဦး၊ ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ တစ်နှစ်တာအတွင်းအကြမ်းဖက်မှု ၉၄၃၇ မှု၊ လက်နက်မျိုးစုံ သိမ်းဆည်းရရှိမှု ၅၆၀၆ ခု၊ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိမှု  ၁၆၁၅၅၆ ခု၊ လက်ပစ်ဗုံးများ သိမ်းဆည်းရရှိမှု ၁၈၉၀၊ လက်လုပ်မိုင်း/ဗုံးများ သိမ်းဆည်းရရှိမှု ၁၁၄၂၄ ခု၊ အကြမ်းဖက်သမားများ ဖမ်းဆီးရမိမှု ၄၃၃၈ ဦးတို့ကို ထိန်းသိမ်းနိုင်ခဲ့သည်။

အကြမ်းဖက်အဖွဲ့များအဖြစ်သတ်မှတ်ထားသည့်   CRPH, NUG, PDF တို့သည် တိုင်းပြည်အာဏာကို အဓမ္မ ရယူရေးအတွက် ငါနှင့်မတူ ငါ့ရန်သူ သတ်မှတ်ပြီး အပြစ်မဲ့ပြည်သူများအား သတင်းပေး ဒလန်စွပ်စွဲကာ ရဟန်းသံဃာတော်များပါ မကျန်ရက်ရက်စက်စက် သတ်ဖြတ်သည်။ တပည့်ကဆရာ၊ဆရာမ ကိုရက်ရက်စက်စက် သတ်သည်။ လမ်းမှားသို့ မရောက်အောင် ဟောကြားဆုံးမသွန်သင်သော ကျောင်းထိုင်ဘုန်းကြီးကိုလည်း ရက်ရက်စက်စက်သတ်သည်။ မိဘကိုမတွေ့လျှင် အရွယ်မရောက်သေးသော ကလေးသူငယ်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်သည်။ ပြည်သူများ အကြောက်တရားကြီးမားလာအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပြည်သူတစ်ဦးချင်းစီက မိမိပတ်ဝန်းကျင်တွင် အကြမ်းဖက် အဖျက်သမားများ ကင်းစင်ရေးကို စိတ်တူ ကိုယ်တူတက်ညီလက်ညီ လုပ်ဆောင်သင့်ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက် အဖျက်လုပ်ရပ်များကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိသည်။ သို့သော် တောက်လောင်သောမီးမှာ ချက်ချင်း မငြိမ်းနိုင်သေးသော်လည်း နောက်ဆုံးတွင်ချုပ်ငြိမ်းသွားမည်သာဖြစ်သည်။ အကြမ်းဖက် အဖျက်သမားတို့ကို မည်သည့်လူသားကမျှအားပေးမည်မဟုတ်ပါ။ လူမဆန်သော မီဒီယာများနှင့် ပြည်တွင်းမှ အဖျက်သမားအား ပေးသူများက မမှန်သတင်းများထုတ်လွှင့်ကာ အားပေးအားမြှောက်ပြုနေသည်။ အကြမ်းဖက် အဖျက်သမား အားပေးမှုပြုသူတို့၏ သွားရာလမ်းကြောင်းကို အထက်တွင် ဖော်ပြထားပြီး ဖြစ်ပေရာ သင့်ပတ်ဝန်းကျင်တွင် အကြမ်းဖက် အဖျက်သမားကင်းစင်ရေး လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်မှုရှိသော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ကြပါရန် ရေးသားလိုက်ရပေသည်။     ။