နောက်ဆုံးပွဲစဉ်မှ အဖြေပေါ်မည့် ယခုရာသီ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုအတွက် အသင်းကြီး သုံးသင်းအပြိုင်ဖြစ်နေ

ယခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲသည် ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲသာကျန်ရှိ တော့သော်လည်း ချန်ပီယံအသင်း အဖြေမထွက်သေးဘဲ နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရမည်ဖြစ် သည်။

ပွဲစဉ် (၁၉) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်ထားပြီး ဟံသာဝတီ ယူနိုက်တက်အသင်းက ရမှတ် ၄၀ ဖြင့် အဆင့်(၂)၊ ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၃၉ မှတ်ဖြင့် အဆင့် (၃) နေရာ၌ရပ်တည်နေကာ ယင်းသုံး သင်းစလုံး ချန်ပီယံဆုအတွက် အခွင့်အရေး ရှိနေသည်။

ပွဲစဉ်(၁၉)တွင် ဟံသာဝတီယူနိုက်တက်အသင်းက မကွေးအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး ဧရာဝတီယူနိုက်တက် အသင်းကလည်း ရန်ကုန်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့သည်။ လက်ရှိချန်ပီ ယံ ရှမ်းယူနိုက်တက်အသင်းက ယင်းနှစ်သင်း၏ အမှတ်လျော့မှုကို အခွင့်ကောင်းယူကာ ဆောက် သမ်း မြန်မာအသင်းကို အနိုင်ယူပြီး လက်ကျန် တစ်ပွဲအလိုတွင် အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက် ရှိလာခြင်းဖြစ်သည်။

နောက်ဆုံးပွဲစဉ်မတိုင်မီ ချန်ပီယံဆုအတွက် ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့က အခွင့်အရေး ကိုယ်စီရှိနေဆဲဖြစ်ပြီး ယခုအနေအထားအရ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက မျှော်လင့်ချက် အကောင်းဆုံး အနေအထားတွင် ရှိနေသည်။

ရှမ်းယူနိုက်တက်အသင်း

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲတွင်   ရတနာပုံအသင်းကို အနိုင်ကစားပါက ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်း ပွဲစဉ်ရလဒ်ကို စောင့်ကြည့်စရာမလိုဘဲ ချန်ပီယံဆုကို နှစ်နှစ်ဆက် ဆွတ်ခူးမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြန်လည်ကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၌ ခြေစွမ်းကောင်း ပြသခဲ့ကာ ၁၀ ပွဲဆက် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်တွင် ရတနာပုံအသင်း နှင့် တွေ့ဆုံနေသဖြင့် အမှားခံ၍မရဘဲ နှစ်နှစ်ဆက်ချန်ပီယံဆု ရည်မှန်းချက်အတွက် အကောင်းဆုံး ခြေစွမ်းပြရန် လိုအပ်မည်ဖြစ်သည်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့တွင် ယင်းနှစ်သင်း  ထိပ်တိုက်တွေ့ဆုံစဉ် ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိထား သည်။

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်နိုင်ကလည်း မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲတွင် ကျန်ပြိုင်ဘက်နှစ်သင်း၏ ရလဒ်ပိုင်းထက် မိမိအသင်း ရလဒ်ကောင်းရန်သာ အာရုံစိုက်၍ ချန်ပီယံဆု ကိုကာကွယ်ရန် အကောင်းဆုံး ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်း

ဟံသာဝတီယူနိုက်တက် အသင်းသည် ပထမအကျော့အပြီးတွင် အသင်း သမိုင်းတစ်လျှောက် ရာသီဝက်ချန်ပီယံအဖြစ် ပထမအကြိမ် ရပ်တည်နိုင်ခဲ့သည်။ ပွဲစဉ် (၁၈) အပြီးထိ အမှတ်ပေးဇယားကို ဦးဆောင်ကာ ချန်ပီယံဆုအတွက် အခွင့်အရေးအကောင်းဆုံး ရှိခဲ့သော် လည်း ပွဲစဉ်(၁၉) တွင် မကွေးအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်၍ နစ်နာခဲ့ရသည်။

သို့သော် ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဆု မျှော်လင့်ချက် အခွင့်အရေးရှိနေပြီး ပွဲစဉ်(၂၀)တွင် ဧရာဝတီယူနိုက်တက်အသင်းကို အနိုင် ကစားထားရန် လိုအပ်သည်။ဟံသာဝတီယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်း ကို အနိုင်ရပြီး ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သရေ သို့မဟုတ် ရှုံးနိမ့်ပါက ဟံသာဝတီယူနိုက်တက်အသင်း ချန်ပီယံဖြစ်မည်ဖြစ်သည်။

အသင်းတွင် အရန်ကစားသမား အင်အားနည်းပါးမှုကြောင့် ချန်ပီယံဆု ပိုင်ဆိုင်နိုင်မည့် အကောင်း ဆုံးအနေအထားကို ထိခိုက်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ နောက်ဆုံးပွဲစဉ်အထိ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်း

လက်ရွေးစင်ကစားသမား ကောင်းများဖြင့် ဖွဲ့စည်းထားသည့်   ဧရာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်တွင် အကောင်းဆုံး အနေအထားရှိခဲ့ပြီး မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ် (၁၇) အထိ ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ခဲ့သည်။ ထို့ပြင် ပွဲစဉ် (၁၇)အပြီး (ပြိုင်ပွဲ ပြီးဆုံးရန် လက်ကျန်သုံးပွဲအလို)တွင် ဧရာဝတီယူနိုက်တက်အသင်းက အမှတ်ပေးဇယားကို ဦး ဆောင် ခွင့်ရရှိကာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်ခဲ့သည်။

သို့သော် ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၈) မှစ၍ အသင်းကြီးများနှင့် ပွဲကျပ်ရင်ဆိုင် ခဲ့ရပြီး အမှတ်များဆုံးရှုံးကာ ချန်ပီယံမျှော်မှန်းချက် ယိမ်းယိုင်ခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်း သည် ပွဲစဉ် (၁၈) နှင့် (၁၉) တို့တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီး ပြိုင်ပွဲပြီးဆုံးရန် လက်ကျန်တစ်ပွဲအလိုတွင် အမှတ်ပေးဇယား အဆင့်(၃) နေရာ သို့ ရောက်ရှိခဲ့သည်။ ဧရာဝတီယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ သည့်အတွက် ကစားသမားများ ဖိအားတချို့ရှိနေသော်လည်း ရာသီပိတ် နောက်ဆုံးပွဲစဉ်တွင် ရလဒ် ကောင်းအောင်ပြင်ဆင်မည်ဖြစ်ကြောင်းပြောသည်။

ဧရာဝတီယူနိုက်တက် အသင်းအနေဖြင့် ချန်ပီယံဆုမျှော်လင့်ချက်အတွက် မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲတွင် ဟံသာဝတီယူနိုက် တက်အသင်းကို အနိုင်ကစားထားရန် လိုအပ်သည်။ ဧရာဝတီယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ရပြီး ရှမ်းယူနိုက်တက် အသင်းက ရတနာပုံအသင်းကို ရှုံးနိမ့်လျှင် ဧရာဝတီယူနိုက်တက်အသင်း  ချန်ပီယံဖြစ်မည်ဖြစ်သည်။

COVID-19 ရောဂါအခြေအနေကြောင့် မြန်မာနေရှင်နယ်လိဂ်-၁ ပွဲစဉ်များကို မတ်လကရပ်နားခဲ့ သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သြဂုတ် ၂၂ ရက်မှစ၍ ရန်ကုန်မြို့၌ ပရိသတ်မပါဘဲ ပြန်လည်ကျင်းပနေခြင်း ဖြစ်သည်။ ပရိသတ်မပါဘဲ ကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ပွဲများက အကြိတ်အနယ်ဖြစ်ခဲ့ပြီး လက်ကျန်တစ်ပွဲအလိုထိ ချန်ပီယံအသင်း အဖြေမပေါ်သေးဘဲ နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက နှစ်နှစ်ဆက်ရယူနိုင်မည်လား၊ ချန်ပီယံ အသင်းသစ် ထွက်ပေါ်လာမည်လားဟူသည်မှာ အောက်တိုဘာ ၁ ရက်တွင် အဖြေပေါ်မည်ဖြစ်သည်။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် (၂၀)ကို စက်တင်ဘာ ၃၀ နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံအဆုံးအဖြတ် ပွဲစဉ်များကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာမည့် မြန်မာနေရှင်နယ်လိဂ် နောက် ဆုံးပွဲများအဖြစ် ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်း၊ ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီယူနိုက် တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။            

ကိုရဲ