ခံစစ်ပိုင်း အမှားများခဲ့၍ ဂိုးပြတ်ရှုံးရခြင်းဖြစ်ကြောင်း ဧရာဝတီယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းပြော

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၉)တွင် ဧရာဝတီယူနိုက်တက်အသင်းသည် ခံစစ်ပိုင်းအမှားများခဲ့၍    ရန်ကုန်ယူနိုက်တက်အသင်းကို ဂိုးပြတ်ရှုံးရခြင်းဖြစ်ကြောင်း အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။

စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ကျင်းပသည့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက် တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ဧရာဝတီယူနိုက်တက် အသင်းက ၄ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲမှ အမှားများကို ပြင်ဆင်ပြီး ရာသီပိတ်လက်ကျန်ပွဲစဉ်ကို အကောင်းဆုံး ရလဒ်ရရှိစေရန် ကြိုးစားယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးမျိုးလှိုင်ဝင်းက ပြောသည်။

“ကျွန်တော်တို့အသင်းမှာ ခံစစ်ပိုင်းအပါအဝင် အမှားတွေတော်တော်များခဲ့တယ်။ ကစားသမားတွေ အနေနဲ့ ပြိုင်ပွဲဖိအားတွေလည်း ရှိနေတယ်။ ဒါပေမဲ့ နောက်ဆုံးပွဲမတိုင်မီ သုံးရက်အချိန်ရတယ်။ ဒီအချိန်အတွင်းမှာ အမှားတွေကို အကောင်းဆုံး ပြင်ဆင်မယ်။ နောက်ဆုံးပွဲကို အကောင်းဆုံး ရလဒ်ရဖို့  ကြိုးစားယှဉ်ပြိုင်ပါမယ်” ဟု ဦးမျိုးလှိုင်ဝင်းက ပြောသည်။

ယင်းပွဲရှုံးနိမ့်မှုကြောင့် ဧရာဝတီယူနိုက်တက် အသင်းသည် ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၃) နေရာသို့ ရောက်ရှိခဲ့ပြီး ချန်ပီယံဆုအတွက် ပြိုင်ဘက်အသင်းများ၏ ခြေချော်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ်   အောက်တိုဘာ ၁ ရက်တွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရ သည်။                               

 ကိုရဲ