ဘင်ဖီကာအသင်းမှ တိုက်စစ်မှူး ဗီနီးစီးယက်စ်ကို စပါးအသင်း တစ်ရာသီအငှားခေါ်ရန် သဘောတူ ညီမှုရရှိ အောက်တိုဘာ ၄ ရက် မန်ယူနှင့်ပွဲတွင်လည်း တိုက်စစ်မှူးဘေးလ် ကစားနိုင်ဖွယ်မရှိဟု မော်ရင်ဟိုပြော

လန်ဒန်၊ ဘောလုံး

စပါးအသင်းသည် ဟယ်ရီကိန်းတစ်ဦးတည်းသာ အဓိကထားရုန်းကန်နေရသည့် အဖြစ်မှ အကာ အကွယ်ရနိုင်ရန် တိုက်စစ်မှူးကောင်းတစ်ဦးကို ရှာဖွေနေရာ ယခု ဘင်ဖီကာအသင်းမှ ဘရာဇီး တိုက်စစ်မှူး ကားလို့စ်ဗီနီးစီးယက်စ်ကို ကနဦး တစ်ရာသီ အငှားဖြင့်ခေါ်ယူရန် သဘောတူညီမှုရနိုင် ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၅ နှစ်သာရှိသေးသော ဗီနီးစီးယက်စ်သည် ပြီးခဲ့သည့်ရာသီက ဘင်ဖီကာအတွက် ၂၄ ဂိုး သွင်းနိုင်ခဲ့ပြီး စပါးအနေဖြင့် ရာသီကုန်ချိန်တွင် အပြီးသတ် ခေါ်ယူစာချုပ်ချုပ်ဆိုခွင့်ရရှိထားကာ ပေါင် ၃၆ သန်းဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။

ဘင်ဖီကာအသင်းသည် ချန်ပီယံလိဂ်မှ ထွက်လိုက်ရသည့် အခြေအနေနှင့် ဘဏ္ဍာရေးအခြေအနေ ကြောင့် ဗီနီးစီးယက်စ်ကို လက်လွှတ်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ထိုအငှားစာချုပ်အတွက် အသေး စိတ်အချက်အလက်များသာ ဆွေးနွေးရန်ကျန်တော့ကြောင်း သိရသည်။ ဗီနီးစီးယက်စ်သည် ဘယ် တောင်ပံတိုက်စစ်မှူးနေရာနှင့် ဗဟိုတိုက်စစ်မှူးနေရာ နှစ်ခုစလုံး ကစားနိုင်သူဖြစ်သည်။

စပါးအသင်းသည် လက်ရှိတွင် ပွဲဆက်များ ဆက်တိုက်ကစားနေရပြီး ဒဏ်ရာရနေသော တိုက်စစ်မှူး ဂါရတ်ဘေးလ်သည်လည်း ရီးယဲလ်မှ အငှားဖြင့် ပြောင်းလာပြီးကတည်းက စပါးအတွက် ကစားပေး နိုင်ခြင်းမရှိသေးသကဲ့သို့ အောက်တိုဘာ ၄ ရက်တွင် မန်ယူနှင့် ကစားရမည့်ပွဲတွင်လည်း ပါဝင်နိုင် ဦးမည်မဟုတ်ကြောင်း နည်းပြမော်ရင်ဟိုကပြောသည်။

မော်ရင်ဟိုက “ဘေးလ်က ပရော်ဖက်ရှင်နယ်ကစားသမားပါ။ အရမ်းလည်း ကြိုးစားတယ်။ ဒါပေမဲ့ သူ့အတွက် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားနည်းချက်ရှိနေသေးတယ်။ မန်ယူနဲ့ပွဲမှာ သေချာပေါက်ကစား နိုင်ဦးမှာ မဟုတ်ဘူး။ နိုင်ငံတကာရက်သတ္တပတ်ပြီးရင်တောင် မသေချာသေးဘူး” ဟုပြောသည်။

စပါးအသင်းသည် ပွဲဆက်များလွန်းနေသည့်ကြားတွင် အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ဝေးလ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်အသင်းများနှင့် ကစားရမည့် နိုင်ငံတကာပွဲများအတွက် စပါးတိုက် စစ်မှူး ဟယ်ရီကိန်းနှင့် စပါးအသင်းမှ တခြားကစားသမားများကိုလည်း လက်ရွေးစင်ရွေးချယ် ဦးမည်ဖြစ်ရာ မော်ရင်ဟိုက ရွေးချယ်သည်ကို မပိတ်ပင်ဘဲ နားလည်မှုရှိစွာ အသုံးပြုသင့်သည်ဟု တိုက်တွန်းခဲ့သည်။

Ref:BBC