လောကကိုအလှဆင်သည့် ထာဝရမြတ်ဆရာ

မြတ်စွာဘုရားသခင်၏ ဘုန်းတော်ခြောက်ပါးမှာ ဣဿရိယဘုန်းတော်၊ ဓမ္မဘုန်းတော်၊ ယသဘုန်းတော်၊ သီရိဘုန်းတော်၊ ကာမဘုန်းတော်နှင့် ပယတ္တဘုန်းတော်တို့ဖြစ်သည်။ ပယတ္တဘုန်းတော်ဆိုသည်မှာ နိဗ္ဗာန် ရောက်ရာဒေသနာဖြင့် ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို၊ ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာအဖြစ်သို့ ရောက်တော်မူခြင်းတည်းဟူသော ဘုန်းတော်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည်  တစ်လောကလုံး၏ ဆရာဖြစ်ကြောင်း ပယတ္တဘုန်းတော်ဖြင့် ဖော်ပြပါသည်။

မြန်မာတို့၏လူနေမှုဘဝတွင် ဆရာ၏အခန်းကဏ္ဍသည် လွန်စွာကြီးမားလှပေသည်။ ဆရာဟုဆိုလိုက် သည်နှင့် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ် ငါးဖြာ” ဟူသော ဆရာကျင့်ဝတ်ငါးပါးကို သိမြင်ကြပေမည်။ သိသင့်သမျှအတတ်ပညာ များကို သင်ကြားပေးခြင်း၊ ဆုံးမသြဝါဒပေး၍ပြုပြင်ပေးခြင်း၊ မိမိတတ်သမျှအကုန်သင်ပေးရခြင်း၊ တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်ပေးရခြင်း၊ မိမိထက်ကျေးဇူးပြု နိုင်မည့်ဆရာထံသို့ အပ်နှံပေးရခြင်းဟူ၍ ဆရာ့ကျင့်ဝတ်များကို ထင်ထင်ရှားရှားဖော်ပြထားသည်။

မြန်မာစကားပုံတွင် ဆရာနှင့်ပတ်သက်၍ ဆရာကာပြန်အာခေါင်လှံစူး ဟူသောစကားပုံရှိသည်။ စကားပုံ ဆိုသည်ထက် ရှေးအခါက အဖြစ်အပျက်တစ်ခုဖြစ်သည်။ ရှေးအခါက လုလင်ငယ်တစ်ယောက်သည် မြစ်အနီးရှိ ကတွတ်ပေါက်၌ ငါးကိုမြှောက်ကစားနေသော ဗျိုင်းကိုမြင်တွေ့ရာမှ အတုယူပြီး သစ်ချွန်များကို ကောင်းကင်သို့ပစ်မြှောက်၍ မြေသို့မကျမီ ပါးစပ်ဟခံယူနိုင်အောင် လေ့ကျင့်လေသည်။ ထိုမှတစ်ဆင့်ပြီးတစ်ဆင့် အုတ်ခဲ၊ လှံတံ၊ သန်လျက် စသည်တို့ကိုပစ်မြှောက်ပြီး မြေသို့မကျမီပါးစပ်ဖြင့် ကိုက်နိုင်အောင် လေ့ကျင့်လေသည်။

သူ၏ကျွမ်းကျင်မှုကို ရွာစဉ်လှည့်ကာပြသရာ လူအများသဘောကျ၍ ငွေကြေးများစွာရရှိသည်။ ထိုလုလင် ငယ်၏သတင်းကို ပြည့်ရှင်မင်းကြားသော် မင်းပွဲသဘင်မင်းရင်ပြင်သို့ ဝင်ရောက်ပြသ စေသည်။ ထိုသူ၏အံ့မခန်းသည့်ပညာစွမ်းကို မင်းကြီးမြင်၍ အသင်၏ဆရာသည် မည်သူနည်းဟု မေးလေသည်။ လုလင်ငယ်သည် ဗျိုင်းထံမှရကြောင်းဝန်မခံလို၍ သူ့မှာဆရာမရှိကြောင်း ဖြေကြား လေသည်။ ထို့နောက် တစ်ဖန်လှံကစားပြန်သော် လှံသွားသည် အာခေါင်၌စူးဝင်ကာ သေဆုံးရ လေသည်။ ဗျိုင်းကိုဆရာအဖြစ် အသိအမှတ်မပြုသော လှံကစားသမားသည် အာခေါင်လှံစူးကာ သေပွဲဝင်ရသကဲ့သို့ ဆရာကိုအန်တုသည်မှာ နောက်ဆုံးတွင်ပျက်စီးရကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

ဆရာဟုဆိုလိုက်သည်နှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ အားလုံးအကျုံးဝင်ပေသည်။ ဆရာမပြနည်းမကျ၊ ငါးပိဖုတ်တောင် ဆရာမပြနည်းမကျဟုပြောဆိုကြသည်။ ဆရာက လက်ထပ် သင်ကြားမပေးလျှင် လက်ရေးလက်သားနည်းမကျသကဲ့သို့ အတွေ့အကြုံရှိသူ ကျွမ်းကျင်သူက စနစ်တကျပြသပေးခြင်းမရှိလျှင် နည်းစနစ်ကျနစွာ တတ်ကျွမ်းခြင်းမရှိနိုင်ပေ။ လူ့လောကတွင် နေရာတကာဆရာသာလုပ်လို၍ တပည့်မခံလိုသူ များနေပါကလည်း ဆရာများသားသေဆိုသကဲ့သို့ လမ်းမှန်သို့မရောက်နိုင်ပါ။ နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် ဆရာတို့၏အခန်းကဏ္ဍသည် လွန်စွာ မြင့်မားလှသည်။ ဆရာကောင်းများရှိနေမှ တပည့်ကောင်းများပေါ်ထွက်လာနိုင်ပေမည်။

ဆရာတို့၏အတွေးအခေါ်၊ အယူအဆ အသိအမြင်သည် တပည့်များအပေါ်တွင်လွန်စွာလွှမ်းမိုးသည်။ ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုရိုးစကားနှင့်အညီ ဆရာကောင်း၏ သင်ပြဆုံးမခံရသော တပည့်သည် အရည်အချင်းပြည့်ဝကာ လူပုံအလယ်၌ တင့်တယ်သည်။ ဆရာကောင်းထံမှ သင်ကြား တတ်မြောက်ခြင်းမရှိသောတပည့်များသည် ဥပမာအားဖြင့် ဆရာလွတ်တော့ရိုင်း၊ မျဉ်းလွတ်တော့ကိုင်း ဆိုသကဲ့သို့ ရှိနေပေလိမ့်မည်။ ဆရာကောင်းကို မမှီဝဲမဆည်းကပ်သူသည်  ရိုင်းစိုင်းတတ်သည်။ ထို့အတူ မျဉ်းကြောင်းကိုအားမကိုးဘဲ စာရေးလျှင် စာကြောင်းများမဖြောင့်မတန်းဖြစ် တတ်သည်။

ဆရာတို့သည် မိမိတို့၏တပည့်များကို မိမိတို့ထက်တော်စေချင်သည်။ တတ်စေချင်သည်။ ဂုဏ်ရှိန်မြင့်မားစေချင်သည်။ တပည့်သည် ဆရာ့ထက်အစွမ်းထက်နေလျှင် ဆရာတို့ရင်ထဲမှာ ကြည်နူး နေတတ်သည်။ ဆရာ့ထက်တပည့်လက်စောင်းထက်ဟူသော ဆိုရိုးစကားပြောဆိုကြသည်။ လူတိုင်းတွင် ဆရာရှိပေရာ “အာစရိယဂုဏော အနန္တောဟု၊ မိန့်ဟောအရ၊ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက်သံချို၊ ဆုံးမဆိုသား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ဆိုးညစ်ယုတ်မာ၊ အဖြာဖြာကို၊ ခေမာဘုမ္မိ၊ ဘေးမရှိအောင်၊ နိဗ္ဗာန်သောင်သို့၊ ရောက်အောင်ပြညွှန်၊ သွန်သင်ပေတတ်၊ ဆရာမြတ်ကို၊ မယံ-အကျွန်ုပ်တို့သည် ဝန္ဒေ-ဝန္ဒာမိ-ရိုသေညွတ်ကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါ၏” ဟူသောစိတ်ဖြင့် အလေးအမြတ်ပြုရင်း ယနေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုလိုက်ရပေသည်။  ။